စိုင်းညွန့်လွင် -၁၄ ပြည်နယ်တဲ့လား ဆိုပြီး မကြာခဏ လာလာမေးနေကြလို့ တစ်ယောက်ချင်း ဖြေနေရတာ အတော်ကို အာပေါက်နေပါပြီ။ နောက်ဆုံးမတော့ မရေးဖို့ ဆုံးဖြတ်ထားတဲ့ အဲဒီအကြောင်းကို မဖြစ်မနေ ရေးလိုက်ရပါပြီ။
ကျွန်တော်တို့ ရှမ်းပြည်နယ်သားတွေ၊ ရှမ်းအမျိုးသားတွေ နိုင်ငံရေးနယ်ပယ်ကို ၀င်ခဲ့ကြတာ အတော်ကိုများပါပြီ။ အမျိုးသားနိုင်ငံရေးကို ဦးစားပေးလုပ်ကိုင်ကြတဲ့ သူတွေကတော့ အားလုံးလောက်နီးနီးဟာ ၁၉၄၇ ကနေ ၁၉၆၂ ခုနှစ်လောက်အထိ ရှမ်းခေါင်းဆောင်တွေ လျှောက်ခဲ့ကြတဲ့ လမ်းစဉ်ကိုပဲ ဆက်လျှောက်ခဲ့ကြတယ်။ အဲဒီ ခေါင်းဆောင်တွေ ချမှတ်ခဲ့ကြတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲ ဦးတည်ခဲ့ကြတယ်။
အဲဒီ ခေါင်းဆောင်တွေ ဖြစ်စေချင်ခဲ့တာကိုပဲ အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ဆက်လက်ထမ်းဆောင်ခဲ့ ကြတယ်။အဲဒီ လမ်းစဉ်ကိုပဲ ဆက်လက်ကျင့်သုံးနိုင်အောင် တိုက်ပွဲဝင်ခဲ့ကြတယ်။ တချို့ဆိုရင်နို်င်ငံရေးနည်း လမ်းနဲ့ အဲဒီပန်းတိုင်ကို မရောက်နို်င်ဘူးလို့ ယူဆခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လမ်းစဉ်ကို ကိုင်စွဲကာ တိုက်ခိုက်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အမြောက်အမြား ရှိခဲ့ကြတယ်။ တချို့ဆိုရင် အခုအထိကိုဘဲ လက်နက်စွဲကိုင်ထားနေဆဲ ဆိုတာ မျက်ဝါးထင်ထင်ပါဘဲ။
အဲဒီ ဦးတည်ချက်တွေရဲ့အချုပ်ကို ပြန်ကြည့်လိုက်ရင် ၁၉၄၇ ခုနှစ်တုန်းက ပြည်ထောင်စုကြီး ထူထောင်ဖို့၊ ဖွဲ့စည်းဖို့၊ အတူတူ လွတ်လပ်ရေးယူကြဖို့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ အဲဒီတုန်းက Federated Shan State နှင့်Burma Proper တန်းတူရည်တူ ပူးပေါင်းခဲ့ကြတာ ဖြစ်တယ်။ အဲဒီအချက်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ လုံးဝမေ့လိုက်လို့ မရပါဘူး။ ပင်လုံစိတ်ဓာတ်အနေနဲ့လည်း အများက လေးစားတန်ဘိုးထားခဲ့ကြတယ်။
ဆိုခဲ့တဲ့ အဲဒီအချက်တွေကို မကြိုက်လို့ စစ်အာဏာရှင် အစိုးရ အဆက်ဆက်က ဖိနှိပ်ချုပ်ခြယ်ခဲ့တယ်။ အဲဒီကိစ္စကို ပြောရင်တောင် ပြည်ထောင်စုထဲက ခွဲထွက်တာဆိုပြီး တစ်တိုင်းပြည်လုံးနဲ့ သွေးခွဲခဲ့တယ်။ အဲဒီကိစ္စကို ဘယ်သူမှ မပြောရဲ ကြတော့ဘူး။ ဒါပေမယ့် ရပ်ဆိုင်းသွားသလား၊ မရပ်သွားခဲ့ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်လက် တိုက်ပွဲဝင်ခဲ့ကြတယ်။ အကျအဆုံးတွေ များပေမယ့် အဲဒီ ရည်မှန်းချက်က ဆက်လက် ရှင်သန်ရပ်တည်နေခဲ့တယ်။ ၁၉၆၂ ခုနှစ်ရဲ့ နောက်ပိုင်းကာလတွေမှာဆို အဆိုးဆုံး အခြေအနေထိ ဖြစ်သွားခဲ့တယ်။ သို့ပေမယ့်လည်း ဘယ်သူမှ မူမပြောင်းခဲ့ကြပါဘူး။ ရည်မှန်းချက်ကို ပြင်လိုက်ကြတာ မရှိခဲ့ပါဘူး။ ယုံကြည်ချက်ကို အသစ်ပြန်ရေးခဲ့တယ် ဆိုတာ
မျိုးလည်း လုံးဝကို မရှိခဲ့ပါဘူး။ အဲဒီလို ဇွဲသန်သန်နဲ့ ဒုက္ခအပေါင်းကို ရင်ဆိုင်ကျော်လွှားခဲ့ကြပါတယ်။ အထူးသဖြင့် အဲဒီ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်လာရင် ရှမ်းတွေက ပိုပြီးခံခဲ့ရတယ်။ ကျွန်တော်တို့ဆိုရင် နိုင်ငံရေးသမားမှန်းသိလို့ မတွေ့လိုက်နဲ့၊ တွေ့လိုက်တာနဲ့တင် ခင်ဗျားတို့ ပြည်ထောင်စုထဲက ခွဲမထွက်ကြပါနဲ့လို့ အမြဲလိုလို အပြောခံရပါတယ်။
ဘယ်တုန်းကမှလည်း ခွဲထွက်ရေး မပြောခဲ့ကြပါဘူး။ တန်းတူညီမျှရေးနဲ့ ကိုယ်တိုင်ပြဌာန်းခွင့်ကိုပဲ တောက်လျှောက် ပြောလာခဲ့ကြတာပါ။ တကယ်လည်းပဲ အဲဒီတုန်းက ပြည်ထောင်စုဟာ တန်းတူညီမျှမှုှ မရှိခဲ့တာ အမှန်ပါ။ ဒါကို တရားဥပဒေနဲ့အညီ နည်းလမ်းတကျ (ဒီမိုကရေစီနည်းလမ်းတကျ) ဆောင်ရွက်ပြောဆိုခဲ့ကြတာပါ။ အဲဒီလို ကြိုးစားခဲ့လို့လည်း နှစ်ဖက်သဘောတူမှုတွေ ရနိုင်တဲ့ အလားအလာတွေတောင် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းခဲ့တယ်။ တိုင်းပြည် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်ခဲ့တယ်လို့ မှတ်တမ်းတင်တယ်။ တကယ်တမ်းမှာတော့ တိုင်းပြည်ကောင်းစားဖို့ လက်တစ်လုံးအလိုမှာ အာဏာသိမ်းလိုက်တာသာ ဖြစ်ပါ
တယ်။ အဲဒီတုန်းက အာဏာမသိမ်းခဲ့ရင် ကျွန်တော်တို့တိုင်းပြည် ဒီနေ့ ဘယ်လိုအခြေအနေမှာ ဖြစ််နေမယ်ဆိုတာ သမိုင်းက သက်သေပြခဲ့ပါပြီ။ အာဏာမက်ပြီး ရာထူးမက်ပြီး ငွေကြေးမက်ပြီး ထင်ရာကြဲခဲ့ကြလို့ အခု ဘာဖြစ်ကုန်ပြီလဲဆိုတာ အများအသိပါဗျာ။
ရှမ်းတွေကို သမိုင်းတရားခံဘဝ ရောက်အောင် တွန်းပို့ပေမယ့် ကြာကြာ မစွပ်စွဲနိုင်ပါဘူးဗျာ။ ရှမ်းတွေက စခဲ့တဲ့ ဖက်ဒရယ်မူဆိုတာ အခု ပစ္စက္ခတ် အခြေအနေမှာ မပြောမဖြစ်တဲ့ ပြည်ထောင်စုပေါင်းစည်းရေး လမ်းစဉ် ဖြစ်နေပါပြီ။ နိုင်ငံရဲ့ အကြီးအမှူးတွေကိုယ်တိုင်က ပြောနေကြလို့ အစဉ်အဆက်ပြောလာကြတဲ့ ကျွန်တော်တို့တောင် ပြောစရာမရှိတော့သလို ဖြစ်နေရပါပြီ။ ဒီနေ့မှာတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ဆိုတာ အငြင်းမပွားတော့တဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ။ ပြည်နယ်တိုင်းက လူမျိုးစုတိုင်းက ဖက်ဒရယ်ကို ထောက်ခံနေပါပြီ။ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်သူတွေဟာ ဒီနေ့မှာတော့ ဘေးကို ရောက်ကုန်ရပါပြီ။
ကိုင်းဗျာ .... နှစ်ပေါင်းငါးဆယ်ကျော် ဒုက္ခအပေါင်းကြားက တောင့်ခံလာလိုက်ကြတာ ဒီကနေ့မှာတော့ အမှန်တရားရဲ့ အလင်းရောင်က ထွန်းပြောင်လာရပြန်ပေါ့လို့ ပြောနို်င်ပါတယ်။ အခုလို ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်တော့မယ်ဆိုတဲ့ အချိန်မျိုးမှာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အလွန်ကို ရေးပန်းစားနေပြန်ပြီပေါ့။ ဒါဆို ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ လမ်းစဉ်စနစ်ဟာ မှားတယ်လို့ မပြောနိုင်တာ သေချာနေပါတယ်။ မမှားရင် မှန်လို့ပေါ့။ မှန်နေတယ်ဆိုရင် ဘာအကြောင်းပြချက်နဲ့မှ ပြင်စရာမလိုဘူးလို့ မှတ်ယူရမှာပါ။
ပါတီတွေ၊ အဖွဲ့အစည်းတွေက မိမိတို့ ကြိုက်တဲ့ ပုံစံ၊ စနစ်တွေကို ပြောကြဆိုကြတဲ့အထဲမှာ ၁၄-ပြည်နယ်နဲ့ ဖွဲ့စည်းတာကို လက်ခံတယ်ဆိုတဲ့ အဖွဲ့တွေလည်း ပေါ်လာကြတယ်။ အဲဒီ အဖွဲ့တွေထဲမှာမှ အထင်ကရ ရှမ်းအဖွဲ့အစည်း တစ်ခုကလည်း ထိပ်တန်းက ပါနေတယ်။ ဘယ်သူကမှ စျေးမဆစ်ရခင်မှာ လျှော့စျေးနဲ့ ချရောင်းသလိုမျိုး ဖြစ်နေပြီလို့ ဝေဖန်နေကြပါတယ်။ သူ့အမြင် ကိုယ့်အမြင်ကို ကျွန်တော်လေးစားပါတယ်။ မဝေဖန်ချင်လို့ မဝေဖန်ဘဲနဲ့ကို နေနေတာပါ။ ဒါပေမယ့် နေ့စဉ်နေ့တိုင်းလိုလို တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အခြားပါတီ အဖွဲ့အစည်းတွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက လာလာမေးနေကြတယ်။ ဝေဖန်ကြတယ်။ မေးခွန်းတွေ ထုတ်ကြတယ်။ အမှန်ကတော့ ဖြေရမှာက ကျွန်တော်မဟုတ်ပါဘူး။ ဒါပေမယ့် မရပါဘူး။ မေးနေကြလွန်းလို့ အခုစာစုကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
မေးနေတဲ့ လူတွေထဲက မကျေမနပ်ဖြစ်နေကြတာက ရှမ်းအဖွဲ့အစည်းက အဲဒီလို ၁၄-ပြည်နယ်ကို စပြီး ပြော လိုက်တာကိုပါတဲ့။ တခြားလူမျိုးစုတွေ ပြောရင်တော့ ထားလိုက်ပါတော့။ ရှမ်းတွေကိုယ်တိုင်က နှစ်ပေါင်း များစွာ ရပ်ခံလာခဲ့ကြပြီးတော့မှ အခုလို အချိန်ကျမှ ရှမ်းတွေကိုယ်တိုင်က လမ်းကြောင်းပြောင်း လိုက်တာ မသင့်ဘူးလို့ ဝေဖန်နေတာပါ။ ၁၄-ပြည်နယ်နဲ့ ဖွဲ့စည်းတာ ဖက်ဒရယ် မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ပါဘူး။ တိတိကျကျ ပြောရရင် မဖြစ်နိုင်ပါဘူး။ ၁၄- ပြည်နယ်လို့ ဆိုလိုက်တော့ ပင်လုံစိတ်ဓာတ်ကိုပါ မေ့လိုက်သလို ဖြစ်သွားတာပေါ့။
ဖက်ဒရယ် ပြည်ထောင်စုကြီးကို ဖွဲ့စည်းဖို့ ကြိုးပမ်းပါ၀င်ခဲ့ကြတဲ့ သမိုင်းဝင် ရှမ်းခေါင်းဆောင်တွေရဲ့ လမ်းစဉ်ကို ကျောခိုင်းလိုက်တာပဲပေါ့။
နှစ်ပေါင်းများစွာ ဒုက္ခခံ၊ ဆင်းရဲခံ တိုက်ပွဲဝင်ခဲ့ကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို မထောက်ထားတဲ့သဘော သက်ရောက်သွားတာပေါ့။ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူတွေ မင်းတို့မှားနေတယ်လို့ ပြောလိုက်သလို ဖြစ်ကုန်တာပေါ့။ တိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ အသက်သွေးချွေးတွေကို လမ်းခင်းလိုုက်ကြ တာပဲပေ့ါ။ ပြောလိုက်ကြတာများ..... အောင်မလေး လေး ကျွန်တော် ဘာမှ မပြောနိုင်တော့ပါဘူး။ ကြောက်စရာကြီးတွေပါဗျာ။
ကျွန်တော်ပြောနိုင်တာတော့ ရှိပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် ဖက်ဒရယ်ပြည်ထောင်စုကို မနှစ် သက်တဲ့လူတွေ၊ ရှမ်းထဲမှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူတွေက အာဏာအပ်နှင်းခံရတဲ့ ရှမ်းတွေဖြစ် နေတာပါပဲ။ဒါပေမယ့် အဲ့ဒီလူတွေဟာ အရင်တုန်းက ရှမ်းခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ လမ်းကြောင်း၊ ဖက်ဒရယ်စနစ်ကို ပြင်ပြီး တစ်ခြားစနစ်ကို ပြောင်းမပစ်လိုုက်ဘူးဗျ။ မကြိုက်တာကတော့ မကြိုက်တာပါဘဲ။ ဒါပေမယ့် တခြားစနစ် တစ်ခုနဲ့ အစားထိုးလိုက်တာမျိုး ဘယ်သူမှ မလုပ်ခဲ့ကြဘူးလေ။ အခုဟာက လူတိုင်း ဖက်ဒရယ်စနစ်ကို သွားကြမယ်လို့ ပြောနေတဲ့ကာလကျမှ ဘယ့်နှယ် စနစ်ပြောင်းလိုက်မှန်း မသိတော့ပါဘူး။
ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတွေကို မေးကြည့်ပါတယ်။ ဘာကြောင့် အဲဒီလို ဆုံးဖြတ်ပြီး ကြေညာလိုက် တာလဲလို့ပေါ့။ သူတို့ပြောတာကတော့ "ဖြစ်နိုင်ခြေ ရှိတာကို လုပ်တာပါ" တဲ့။ ဒါကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး ။ ဖြစ်နိုင်ခြေရှိတာကို လုပ်ချင်မှတော့ ဘာမှလုပ်စရာ မလိုတော့ပါဘူး။ သူ့ဖာသာသူ ဖြစ်လာမှာမို့ပါ။ အခုလည်း ၁၄- ပြည်နယ်ဆိုတာ ဖြစ်နေပြီးသားပါ။ ဖြစ်နိုင်ခြေ မဟုတ်ပါဘူး။ ဒါကို နိုင်ငံရေးနားလည်သူတိုင်း ကောင်းကောင်း သိကြပါတယ်။ ဗဟို ချုပ်ကိုင်မှု အာဏာ လျှော့ချပေး လိုက်တာလေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ပါဘူး။ အားလုံးပြေလည်သွားပြီလို့ ဘယ်သူတွေက ပြောနို်င်မှာလဲ။ အဲဒီလို မဆိုနိုင်ပါဘူး။ဖြစ်နိုင်ခြေရှိတာကိုပဲ လုပ်ရင် "ဖြစ်သင့် ဖြစ်ထိုက်တာ" ကို ဘယ်လိုသွားလုပ်မလဲ။ မလုပ်တော့ဘူးလား။ အစဉ်အဆက်လမ်းစဉ်က ရှေးရိုးလမ်းစဉ် (conservatives) တွေလို့ ပြောလို့မရပါဘူး။ ရှေးရိုးစွဲဆိုရင် အခုခေတ်မှာ ဘယ်သူမှ ဆက်ပြီး ထောက်ခံကျင့်သုံးချင်ကြမှာ မဟုတ်ပါဘူး။ ဒီနေ့ ဒီကာလမှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး
မဟုတ်တော့ပါဘူး။ ပူးပေါင်းရေးဆိုတာ နိုင်ငံရေးသမားတွေအားလုံး လက်ခံထားနေကြပါပြီ။ အခုလို အားလုံး နှစ်သက်နေတဲ့အချိန်မှာမှ ကိုယ့်အပေါ်မှာ ကျရောက်လာတဲ့တာဝန်ကို ရှောင်ဖယ်လို့ မရစကောင်းပါဘူး။
၀န်ကြီးချုပ်ဖြစ်ဖို့၊ ပြည်ထောင်စုဝန်ကြီး ဖြစ်ဖို့ လုပ်တာမျိုးဆိုရင်တော့လည်း ကိုယ့်သမိုင်းကိုယ်ရေးတယ်လို့ပဲ ပြောရတော့မှာပေါ့။ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ကိစ္စမှာ ပြည်သူတွေက ဒီအတိုင်းထိုင်ကြည့်နေမယ်လို့ တွက်ဆရင် အမှားကြီးမှားသွားမှာပါ။၀မ်းနည်းစရာကောင်းတာက ကိုယ့်ကို မဲပေးခဲ့တဲ့ ပြည်သူကို မတိုင်ပင်တာပါဘဲ။ မမေးမြန်းတဲ့အပြင် အသိမပေးတာပါဘဲ။ လျစ်လျူရှု ထားလိုက်တာပါပဲ။ ဒါခေါင်းဆောင်မှု လမ်းလွဲနေတယ်လို့ စွပ်စွဲခဲ့ရင် ဘယ်လိုလုပ် ဖြေရှင်းကြမလဲ။ ဒီလမ်းစဉ်မှားနေတယ်လို့ ၀ိုင်းဝေဖန်ကြရင် ဘယ်လိုဖြေရှင်းကြမလဲ။ သမိုင်းအစဉ်အလာကို ပြုပြင်ပြောင်းလဲပြီး လမ်းစဉ်သစ်ကို တီထွင်တယ်ဆိုတာ အကြောင်းပြချက် ခိုင်လုံဖို့ လိုပါတယ်။ လမ်းကြောင်း အဟောင်းထက် ပိုကောင်းတဲ့အကြောင်း ရှင်းလင်းဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ဘဝတွေကို ပြဌာန်းနိုင်တဲ့ အကြောင်းတွေမို့ ကိုယ်ဖာသာကိုယ် ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့ မရပါဘူး။ နောက်တစ်ခုက ကိုယ့်လမ်းစဉ်ကို ကိုယ်ဘယ်လောက် အာမခံသလဲဆိုတဲ့ ကိစ္စပါ။ ဘယ်လောက် ယုံကြည်သလဲ ဆိုတဲ့ကိစ္စပါ။ ဘယ်လောက်တာဝန်ယူနိုင်သလဲ ဆိုတဲ့ကိစ္စပါ။ ကိုယ့်အဖွဲ့အစည်းထဲက ဘယ်လောက် ထောက်ခံသလဲ၊ ဘယ်လောက် ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိသလဲ ဆိုတဲ့ကိစ္စပါ။ ဒါက ကလေးတွေလို အပျော်ကစားနေကြတာ မဟုတ်ပါဘူး။ ဒါဟာပြည်သူအားလုံးရဲ့ ဘဝ ဖြစ်ပါတယ်။
ကိုယ့်ပြိုင်ဖက်ကို ကျောဖို့၊ နိုင်ဖို့လောက် တိမ်တိမ်လေး တွေးတယ်ဆိုရင်လည်း မသင့်တော်ပါဘူး။
ဘေးအန္တရာယ်တစ်ခုခုအတွက် ပြောင်းရတာပါဆိုရင်လည်း ပြောင်းတာနဲ့စာရင် ဘေးထွက်ထိုင်တာက ပိုကောင်းပါတယ်။ အခုကိစ္စက ရည်တိုကိစ္စ မဟုတ်ပါဘူး။ အလွန်ကို ရှည်လျားတဲ့ တကယ့်ရေရှည်ကိစ္စပါ။ နောက်ပြီးတော့ အလွန်သတိထားသင့်တဲ့ အချက်က အခုကိစ္စဟာ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ပါဘူး။ လူပေါင်းများစွာရဲ့ ဘဝ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင်သလိုလုပ်လို့ မသင့်တော်ပါဘူး။ ကိုယ်က ကောင်းစားသွားပြီး အများပြည်သူကတော့ ဒုက္ခရောက်နေရတယ်ဆိုရင် ဘယ်လိုလုပ် သင့်တော်ပါ့မလဲဗျာ။
ကျွန်တော်ကတော့ လာဆွေးနွေးတဲ့ လူတွေကို အဲဒီအတိုင်း ပြန်ဆွေးနွေးလိုက်တာပါဘဲ။ ဒါပေမယ့် ကာယကံရှင် တွေကိုတော့ ကျွန်တော် မပြောရဲပါဘူး။ ပြောခွင့်လည်း ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ မှန်တယ်ထင်လို့အခုလို ဆွေးနွေးလိုက်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ တစ်ဦးတစ်ယောက်က သဘောမတူဘူးဆိုရင်လည်း ပြန်ဆွေးနွေးတာကို ကျွန်တော်လက်ခံမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ နို်င်ငံရေးယုံကြည်ချက်ကို ဆွေးနွေးနေခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူဖြစ်ဖြစ် သဘောထားကွဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်လုပ် ဆောင်ချက်ကို ကိုယ်တာဝန်ယူရမှာပဲ ဖြစ်ပါတယ်။ ဒါဟာ ရှောင်လွဲလို့ မရနိုင်ပါဘူး။
ထောက်ခံတဲ့လူတွေ ဖြစ်ကြတဲ့ အဖွဲ့အစည်းဝင်တွေ၊ ပါတီဝင်တွေမှာလည်းပဲ ကန့်ကွက်ထားမှု မရှိခဲ့ရင် ထောက်ခံတဲ့သဘော သက်ရောက်တာမို့ တစ်နည်းတစ်ဖုံ တာဝန်ရှိတာပါပဲ။ ဒီမိုကရေစီ ပါတီ၊ အဖွဲ့အစည်းတွေမှာ ပါ၀င်နေရင်အနည်းဆုံး အမှားအမှန်ကို ခွဲခြားတတ်ဖို့ လိုပါတယ်။ မျက်စိမှိတ် ခေါင်းငြိမ့်နေလို့ မရပါဘူး။ ဘာပြောပြော
ခေါင်းငြိမ့်နေရတဲ့ ဘဝထဲက ရုန်းထွက်ရပါလိမ့်မယ်။ အဖွဲ့အစည်း အကြီးအကဲတွေကလည်း ဝေဖန်ပြောကြားခွင့် တွေပေးထားရပါမယ်။ ပိိတ်ပင်ထားလို့ မရပါဘူး။ ကိုယ့်လမ်းစဉ်ကို ကိုယ်ယုံကြည်တယ်ဆိုရင် ဝေဖန်ခွင့်၊ ဆွေးနွေးခွင့် ပေးကိုပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်လမ်းစဉ်ကိုမှ ကိုယ်မယုံကြည်ရင် ဘယ်လိုလုပ်ပြီး အဝေဖန်ခံရဲတော့ မှာလဲ။ ဝေဖန်ခွင့်ပိတ်ထားခဲ့တဲ့ သာဓကတွေ အများကြီးပါ။ လွန်ခဲ့တဲ့ နှစ်တွေလောက်ကိုဘဲ ပြန်ကြည့်ရင် တွေ့နိုင်ပါသေးတယ်။
အမှန်ကတော့ အများပြည်သူနဲ့ဆိုင်တဲ့ နိုင်ငံရေးကိစ္စမို့ ပြောနေရတာပါ။ မေးနေကြတဲ့သူတွေကိုလည်း ရှင်းမပြဘဲ မထားနိုင်လို့ ရှင်းပြနေရတာပါ။ တကယ်ဆိုရင် ကျွန်တော့်မှာ ဖြေဖို့ ဘာတာဝန်မှ မရှိပါဘူး။ အခုလို ဝေဖန်သုံးသပ်ပေးတာနဲ့တင် တာဝန်တစ်ခုလောက် ပြီးသွားပြီလို့ ယူဆမိပါတယ်။ ကာယကံရှင်တွေကိုလည်း မမေးရဲတဲ့ လူတွေ-
ကိုင်းဗျာ..... မေးချင်ကြတဲ့လူတွေ လူကိုယ်တိုင် ကျွန်တော့်ဆီ လာမမေးကြပါနဲ့တော့။ ဒီစာစုလေးကိုပဲ ဖတ်ပြီး ကိုယ့်ဖာသာ ဆက်လက် ဝေဖန်ပိုင်းခြားပြီး ဘယ်ဟာအမှန်လဲ ဘာလုပ်ကြမလဲဆိုတာကိုသာ ဆုံးဖြတ်ကြပါတော့ဗျာ . . . . . ။