မြန်မာနိုင်ငံလူဦးရေ ၅၁ ဒသမ ၄၂ သန်းခန့်သာရှိတယ်လို့ သြဂုတ်လ ၃၀ ရက်မှာ ကြေညာလိုက်ပြီဖြစ်ပါတယ်။
အဲဒီပမာဏရှိတယ်လို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်တည်း အားလုံးက တအံတသြကို ဖြစ်သွားကြပါတယ်။ ဒါကတော့ ကျန်တဲ့ ကိုးသန်းက ဘယ်ကို ပျောက်သွားတာလဲပေါ့။
“၅၁ သန်းရှိတယ်ဆိုတော့ အရင်ပြောတုန်းကတော့ သန်း ၆၀ ဆို၊ ကျန်တာတွေက သေကုန်တာလားလို့” သာကေတမြို့ နယ်မှာနေတဲ့ အသက် ၃၀ ကျော် အပျိုကြီး တစ်ဦးလည်းဖြစ်သူ ပုဂ္ဂလိက ၀န်ထမ်းတစ်ဦးက တအံတသြ ဆိုလိုက်ပါတယ်။
လူအများ စိတ်ဝင်းစားတဲ့ လူဦးရေ ကိုးသန်းဘယ်ရောက်သွားလဲလို့ မေးစရာရှိနေတဲ့ ရှေ့ပြေးသန်းခေါင် စာရင်းရလဒ် ၅၁ ဒသမ ၄၂ သန်းခန့်ကတော့ ၂၀၁၄ခု မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၀ရက်ထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနဲ့ ကုလသမဂ္ဂ လူဦးရေးရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်း ကောက်ယူခဲ့တဲ့ စာရင်းတွေပါ။
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၃၀ ကျော် ကြာအထိလောက် စနစ်တစ်ကျ မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်းကို တစ်ခါမှ မကောက်ခဲ့ပါဘူး။ အဲ့ဒီအတွက် အရင်ပမာဏသာ သိရှိနေရာက ရုတ်တစ်ရက် လျော့ကျသွားတဲ့ လူဦးရေကို သိလိုက်ရတဲ့အချိန်မှာ အားလုံးက တအံတသြဖြစ်တာတော့ မထူးခြားပါဘူး။
စစ်အစိုးရလက်ထက်တစ်လျှောက် ပြည်သူတွေအကြား မြန်မာနိုင်ငံရဲ့လူဦးရေ ဟာ ၅၈ သန်းကနေ သန်း ၆၀ အထိ ရှိနေတယ်လိုပဲ သိရှိခဲ့ပါတယ်။ ဒီလိုသိရှိခဲ့တာကလည်း စစ်အစိုးရလက်အောက် လဝက က ခန့်မှန်းလို့ ထုတ်ပြန်ခဲ့တာပါ။
အဲဒီစာရင်းတွေကို အခုအားလုံးသိရှိထားတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ငါးနှစ်တစ်ကြိမ် မွေး၊ သေနှုန်းတွေကို အလျော့အတင်းလုပ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ လက်တွေ့ မြေပြင်ကွင်းဆင်းခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
“ကျွန်မတို့ အခုပြောနေတဲ့ သန်း ၆၀ ဆိုတာက အရင်ဌာနက ငါးနှစ်တစ်ကြိမ် မွေးသေနှုန်းတွေကို လျော့တိုးတာတွေ လုပ်ပြီး လူဦးရေပညာအရ ခန့်မှန်းထားတာပါ။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါပါတယ်။ ဒါပေမဲ့ သန်းခေါင်စာရင်းပြီးရင်တော့ တိကျတဲ့ အချက်အလက်တွေ ထွက်လာမှာပါ”ဟု ပြည်သူ့ အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးက မေလအတွင်း ယင်းဦးစီးဌာန အစည်းအဝေး ခန်းမမှာ ဆိုထားပါတယ်။
အဲဒီစာရင်းကိုပဲ ပြည်သူတွေက အမှန်အဖြစ် ထင်မြင်ထားကြတော့ အသစ်ထွက်ပေါ်လာတဲ့ စာရင်းကို ပြည်သူတွေစိတ်ထဲမှာ သိပ်ဘဝင်မကျကြပါဘူး။ အဲဒါကလည်း အစိုးရအပေါ် ပြည်သူတွေက ယုံကြည်မှု နည်းနေသေးတာကြောင့်ပါဘဲ။
ဘီစီ ၅၀၀ ခန့် တကောင်းဘုရင်မင်းဆက် သတိုးသီဟမဟာဓမ္မရာဇာဘုရင် လက်ထက်က မြန်မာနိုင်ငံရဲ့ ပထမဆုံး သန်းခေါင်စာရင်းကို ကောက်ခံခဲ့ဖူးတယ်လို့ သမိုင်းအထောက်အထားတွေမှာ ဖော်ပြထားပါတယ်။ အဲဒီနောက်ပိုင်းမင်းတွေ လက်ထက်မှာတော့ နိုင်ငံလူဦးရေးစာရင်းကို ကောက်ယူခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို မတွေ့ခဲ့ရပဲ ၁၈၇၂ ခုနှစ်နဲ့ ၁၈၈၁ ခုနှစ်တွေမှာ မြန်မာပြည်အောက်ပိုင်းကို အိနိ်္ဒယနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ သန်းခေါင်စာရင်း ကောက်ခံခဲ့ပါတယ်။ အဲဒီ့နောက် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက်ကျခဲ့တဲ့ နောက်ပိုင်း ၁၈၉၁ ခုနှစ်ကစပြီး ၁၉၄၁ ခုထိ ၁၀ နှစ်ကို တစ်ကြိမ် ပုံမှန်သန်းခေါင်စာရင်းကို တစ်ပြည်လုံး ထပ်ကောက်ခဲ့ပါတယ်။ ကိုလိုနီလက်အောက်ကနေ ကျွတ်ခဲ့ပြီးတဲ့နောက် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်မှာတော့ သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး အဲဒီ့နောက်ပိုင်း ၂၀၁၄ခုနှစ်၊ မတ်လမတိုင်မီအထိကိုတော့ လုံးဝမကောက်နိုင်ခဲ့ဘဲ နိုင်ငံ့လူဦးရေကို ခန့်မှန်းမှုကပဲ သိရှိကြရပါတော့တယ်။
“ဒီစာရင်းက အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံးပါပဲ။ အရင်က စာရင်းတွေ ဆိုတာကတော့ ခန့်မှန်းခဲတဲ့ စာရင်းတွေပဲ”လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က သန်းခေါင်စာရင်းအကြံပေး ဖရက်ဒစ်အိုဝေးက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းဟာ ၉၉ ရာခိုင်နှုန်းထိ အောင်မြင်ခဲ့ပြီး အင်္ဂလန်၊ အမေရိကန်နိုင်ငံတို့ထက်ပင် ပိုမိုအောင်မြင်ခဲ့တယ်လို့ နိုင်ငံတကာသန်းခေါင်စာရင်းအကြံပေးအဖွဲ့က သုံးသပ်ထားခဲ့ပါတယ်။
သန်းခေါင်စာရင်းအတွက် အကူအညီပေးခဲ့တဲ့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ဌာနေ ကိုယ်စားလှယ် ဂျက်နက်ဂျက်ဆင်ကလည်း “မြန်မာနိုင်ငံရဲ့ သန်းခေါင်စာရင်း ရလဒ်က အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်မှာပါ။ နောက်တစ်ခုက မြန်အစိုးရက နိုင်ငံတစ်ကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်”လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အနီးဆုံးကောက်ယူခဲ့ တဲ့ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှာ လူဦးရေ ၃၅ သန်းကျော်ထိ ရှိခဲ့ပါတယ်။ အဲဒီတုန်းက တိုင်းပြည်က ပြည်တွင်းစစ်ထဲက မကျွတ်သေးလို့ ကျေးရွာအုပ်စုပေါင်း ၉၄၁ စု ကျေးရွာပေါင်း ၁၀,၀၀၀ ကျော်ထိ မကောက်နိုင်ခဲ့ပါဘူး။
အခု ၂၀၁၄ ခုနှစ်မှာ ကောက်ခဲ့တဲ့သန်း ခေါင်စာရင်းမှာတော့ ဘင်္ဂါလီ ၁ ဒသမ ၀၉ သန်း၊ ကချင်မှ ၄၆, ၀၀၀ ကျော်၊ ကရင်မှာ ရ၀,၀၀၀ခန့် စုစုပေါင်း တစ်သန်းကျော်သာ မကောက်နိုင်ပေမယ့် အဲဒီစာရင်းတွေကို အခုကြေညာတဲ့ ရှေ့ပြေးစာရင်းမှာ ခန့်မှန်းထည့်နိုင်ခဲ့ပါတယ်။
အဲဒီခန့်မှန်းတာကလည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာက သန်းခေါင်စာရင်း မကောက်မီ ပြင်ဆင်မှုဖြစ်တဲ့ ရပ်ကွက်အလိုက် စာရင်းကောက် မြေပုံရေးစွဲခြင်းကနေ ခန့်မှန်းထားတဲ့ စာရင်းတွေဖြစ်ပါတယ်။
အဲဒီတော့ နှစ်ပေါင်း ၃၀ အတွင်းမှာ မြန်မာလူဦးရေက နှစ်ဆ မတိုးနိုင်တာက ပြည်သူတွေအကြားမှာ အငြင်းပွားစရာဖြစ်လာခဲ့တာပါ။
မြန်မာ့လူဦးရေ လျော့ကျလာတာကိုတော့ လူဦးရေပညာရှင်တွေက “တိုင်းပြည်က စီးပွားရေး မကောင်းတဲ့အခါ လူတွေက စားဝတ်နေရေးကျပ်တည်းလာတယ်။ အဲဒီအတွက် လူတွေက အိမ်ထောင်မပြုကြတာရယ်။ အိမ်ထောင်ရှိတဲ့သူတွေကလည်း ကလေးတွေ လျှော့ယူလာကြတာတွေကြောင့်က အဓိကဖြစ်ပါတယ်”လို့ သုံးသပ်ကြပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုပုံစံတွေကလည်း ပြောင်းလဲလာကြတာလည်းပါတယ် လို့ဆိုပါတယ်။ အခု မြန်မာနိုင်ငံရဲ့အိမ်ထောင်စု အရွယ်အစားက ၄ ဒသမ ၄ သာ ရှိတော့တာပါ။ ဒါကတော့ မိသားစုတစ်ခုမှာ လေးဦးထက် မပိုတော့တာပါပဲ။ အဲဒီအတွက် အမေ၊ အဖေရယ် သားသမီး နှစ်ဦးရယ်၊ ဒါမှမဟုတ် အဖေ၊ အမေ၊ အဒေါ်၊ သား(သို့မဟုတ်) သမီးရယ်သာရှိတဲ့ မိသားစုပုံစံတွေ ဖြစ်လာတာပါ။ အရင် ၁၉၈၀ ခုနှစ် အစောပိုင်းတွေက ဆိုရင် မိသားစုတစ်ခုမှာ ၁၀ ဦးကနေ အထက်ထိကို ရှိခဲ့ကြတယ်လို့ ပြည်သူ့အင်အားဦးစီးဌာနရှိ အချက်အလက်များအရ သိရပါတယ်။
တိုင်းနဲ့ ပြည်နယ်တစ်လျှောက်မှာ အိမ်ထောင်စုပုံစံတွေက သေးလာပေမယ့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ တော့ ယနေ့ထိ အိမ်ထောင်စုပုံစံ ၅ ဒသမ ၁ အထိ ရှိနေသေးပြီး တိုင်းနဲ့ ပြည်နယ်တွေထဲမှာ အိမ်ထောင်စုပုံစံ အကြီးဆုံးကျန်ရှိတဲ့ ပြည်နယ်နှစ်ခု ဖြစ်ပါတယ်။
“မြန်မာနိုင်ငံလူဦးရေ လျော့တာက စီးပွားရေးအခန်းကဏ္ဍကို ပြည့်ပြည့်ဝဝ မဖန်းတီးနိုင်လို့ဘဲ။ ဒါပေမဲ့ စီးပွားရေး အရမ်းမြင့်တဲ့နိုင်ငံတွေမှာလည်း လူဦးရေ လျော့တာရှိတယ်။ မြန်မာကတော့ အဲဒါကြောင့် မဟုတ်ဘူး၊ ၀င်ငွေနဲ့ စားဝတ်နေရေးက မလောက်ငတာရယ်၊ ပညာရေးမှာ အာမခံချက်မရှိတဲ့အတွက် အလုပ်အကိုင် ရှားပါးလို့ အိမ်ထောင်ပြုနောက်ကြတာတွေကလည်း ပါတယ်”လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)က ဆိုပါတယ်။
အဲဒီအပြင် ကျေးလက်ဒေသတွေမှာ လယ်ယာမြေကဏ္ဍ ဖွ့ံဖြိုးမှု မရှိခြင်း၊ ၀င်ငွေရလမ်း ကျဉ်းမြောင်းခြင်းတို့က ကျေးလက်မှတစ်ဆင့် ပြောင်းရွှေ့လုပ်ကိုင်တာတွေ ဖြစ်လာပြီး အိမ်ထောင်စုပုံစံများလည်း ပြောင်းလဲလာတယ်လို့ သူက သုံးသပ်ပါတယ်။
အဲဒီလို အိမ်ထောင်စု အရွယ်အစားတွေ သေးလာခြင်းများ၊ စားဝတ်နေရေး ကျပ်တည်းမှုအရ မွေးဖွားနှုန်း ကျဆင်းခြင်း၊ အိမ်ထောင်ပြုသူဦးရေ ကျဆင်းခြင်းတို့ကလည်း မြန်မာ့လူဦးရေ ကျဆင်းခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်ပါတယ်။
“ကျွန်တော်တို့ တစ်နှစ်လုံးကိုမှ စုံတွဲ ၂၀,၀၀၀ လောက်ကိုပဲ သားဆက်ခြားတာတဲ့ ပစ္စည်း ထောက်ပံ့တာ၊ နှစ်သိမ့်ဆွေးနွေးတာကို လုပ်နိုင်တာပါ။ ဒါကြောင့် လူဦးရေကို မကျစေပါဘူး။ နိုင်ငံကို စစ်တမ်းကောက်လိုက်ရင် လူဦးရေရဲ့ ၂၅၊ ၃၀ ရာခိုင်နှုန်းက သားဆက်ခြားဖို့ လိုနေပါတယ်”လို့ မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာလူမှုရေးအဖွဲ့ မြန်မာပြည်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုပါတယ်။
အခုရှေ့ပြေးစားရင်းအဖြစ် ကြေညာတဲ့ စာရင်းတွေမှာ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းလုပ်ကိုင်ကြတဲ့ အလုပ်သမားအရေအတွက်တွေ မပါသေးပါဘူး။ အဲဒီစာရင်းကလည်း ထိုင်းနိုင်ငံမှာ သုံးသန်း၊ မလေးရှားမှာ တစ်သန်းနဲ့ အခြားနိုင်ငံအချို့ တစ်သန်းနီးပါးအထိ ရှိတယ်လို့ သန်းခေါင်စာရင်း မကောက်မီကပင် အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အကူအညီပေးရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
“နိုင်ငံတကာကို ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေက လေးသန်းကနေ ငါးသန်းနီးပါးကြားထဲမှာပဲ ရှိလောက်ပါတယ်”ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ ်ဦးမျိုးအောင်က ၂၀၁၃ နှစ်စပိုင်းက ရန်ကုန် ရှစ်မိုင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးရုံး အစည်းအဝေးခန်းမှာ ပြောခဲ့ပါတယ်။
နိုင်ငံတကာကို ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေ အဓိကအားဖြင့် ထိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေကို သွားရောက် လုပ်ကိုင်သူ လေးသန်းခန့်ရှိတယ်လို့ ပြည်သူ့အင်အားဦးစီးဌာနက ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ ထွက်သွားသူတွေက ဘယ်နှစ်နှစ်အတွင်းမှာ ထွက်သွားတယ်ဆိုတာကိုတော့ မည်သည့်အဖွဲ့ကမှ သေချာ မပြောနိုင်ကြပါဘူး။
အဲဒီတော့ အခုထုတ်ပြန်ခဲ့တဲ့ လူဦးရေ ၅၁ ဒဿမ ၄၂ သန်းခန့်ကို ရွှေ့ပြောင်းလုပ်ကိုင်နေသူတွေ ပမာဏ ပေါင်းထည့်ရင်တောင်မှ သန်း ၆၀ ပြည့်မှာ မဟုတ်ပါဘူး။
လူဦးရေလျော့တယ်လို့ ဆိုတဲ့အပေါ် အသက် ၃၈နှစ် အရွယ်ရှိ အပျိုကြီးတစ်ဦးဖြစ်သူ မခင်နွယ်ထွေးက “၅၁ သန်းလို့တော့ ကြားလိုက်တယ်။ အရင်က သန်း ၆၀ လို့ ပြောတော့ လျော့သွားတာက ကိုယ့်တွေကြောင့်လည်း ပါတယ်လို့တော့ ထင်မိလိုက်သလိုပဲ။ တန်းတူ သူငယ်ချင်းတွေက ကလေးနှစ်ယောက် လောက်ရပြီးလို့ သူတို့မိသားစုက လေးဦးလောက် ဖြစ်နေပြီ ကိုယ်က အခုတစ်ယောက်တည်းပဲ”လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၏ ကြေညာချက်အရ မြန်မာတစ်နိုင်ငံလုံးမှာ လူဦးရေ ၅၇,၅၀၄,၃၆၈ ဦးရှိတယ်လို့ ဆိုထားပါတယ်။ ထို့အချိန်တုန်းက နာဂစ်ဆိုက်ကလုန်းမုန်တိုင်းအပြီး လူသိန်းပေါင်းများစွာ သေကြေပျက်စီမှုအပြီးမှာ မေလ ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ထိုကြေညာချက်တွင် လူဦးရေ ၅၇ သန်း ကျော်ရှိနေတယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက သက်သေပြနေပါတယ်။
ဒီလိုဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူဦးရေစာရင်းက မှန်ကန်ရဲ့လား။ မှန်ကန်တယ်ဆိုရင် အဲ့ဒီတုန်းက ရှိတဲ့ လူဦးရေနဲ့ အခု ရှေ့ပြေးလူဦးရေစာရင်းအရ ခြောက်သန်းကျော် ကွာခြားနေတဲ့အတွက် ထိုလူ ခြောက်သန်းကျော်တဲ့ နိုင်ငံသားတွေ ဘယ်ရောက်နေတာလဲဆိုတာ မေးခွန်းထုတ်ရပါမယ်။
ဒီအတွက်မေးခွန်းက သေသွားကြတာလား၊ ရွှေ့ပြောင်းသွားကြတာလား၊ လူဦးရေ တိုးပွားမှုနှုန်း လျော့ကျသွားတာလား .....စတဲ့ လားပေါင်းများစွာသော မေးခွန်းတွေက စဉ်းစားစရာပင် ဖြစ်နေပါတော့တယ်။