မျိုးစောင့်ဥပဒေလို့ လူသိများနေတဲ့ ဥပဒေလေးခုထဲက “ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ” မူကြမ်းကို နိုင်ငံပိုင် သတင်းစာတွေကနေ မေလ၂၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ယခုလို ထုက်ခြင်းက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အင်တိုက်အားတိုက် လုံးပန်းနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ တစ်ဖက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ခု ယခုနှစ်အတွင်းမှာ ကျင်းပသွားဖို့ ရှိသလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အချိန်ကလည်း နီးကပ်လာပါပြီ။
ဗုဒ္ဓဘာသာ လူများစုနေထိုင်တဲ့ နိုင်ငံမှာ ဘာသာကူးပြောင်းရာမှာ ပွင့်လင်း မြင်သာမှုရှိဖို့၊ စည်းကမ်းစနစ် တကျ ရှိစေဖို့ အကြောင်းပြချက်နဲ့ ပြဋ္ဌာန်းစေလိုတဲ့ ဥပဒေ မူကြမ်းကို ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာ အနေအထားမျိုး ဖန်တီးထားခြင်း ဖြစ်သလို နိုင်ငံရေးအရ အကျိုးအမြတ်လည်း ရနိုင်ပါတယ်။ ဒါ့ အပြင် အတိုက်အခံ အင် အားစုတွေလုံးပမ်းနေတဲ့ ပုဒ်မ ၄၃၆ အပါ အဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအပေါ် အာရုံစိုက်မှုကိုလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအနေအထားကို ဖန်တီးခြင်း
“ပွင့်လင်းမြင်သာမှုရှိဖို့၊ စည်းကမ်းစနစ် တကျရှိစေဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက်တဲ့ ဥပဒေမူ ကြမ်းဟာ ဒီဥပဒေတွေ ပြဋ္ဌာန်းပေးစေလိုတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အပြည့်အဝ လက်ခံမှုကိုမရခဲ့သလို လူ့အခွင့်အရေးသမားတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြမှုမျိုး တွေနဲ့လည်း လက်ရှိ အနေအထားမှာ မကြံုရသေးပါဘူး။
မဘသ (ဗဟို) ရဲ့ ဥပဒေ အကြံပေးတစ်ဦးဖြစ်သူ ဦးအေးပိုင်က “ဒီဥပဒေကြမ်းမှာ လိုအပ်ချက်တွေ တော် တော်များများ ရှိနေပါသေးတယ်” လို့ မှတ်ချက်ပြုခဲ့သလို ပွင့်လင်းမြင်သာမှုကလည်း မူကြမ်းအရ ၂၀ရာခိုင် နှုန်းလာက်ပဲ ရှိဦးမယ်” လို့ မဇ္ဈိမကို မေလ ၂၉ ရက်က ဆိုပါတယ်။ ထို့အတူ မျိုးစောင့်ဥပဒေ ပေါ်ထွက် လာရေး ဦးဆောင်ကြိုးပမ်းနေသူ ဆရာတော် ဦးဝီရသူကလည်း “၉၀ ရာခိုင်နှုန်းလောက် လက်ခံတယ်” လို့ မိန့်ကြားခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း လူ့အခွင့်အရေး ပညာပေးရေးဌာန(မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဘာသာတစ်ခုကိုပဲ ပစ်မှတ်ထားတာတော့ မတွေ့ရဘူး”၊“ကိုယ့်ယုံကြည်ရာကို လွတ်လွတ်လပ်လပ် မကိုးကွယ်ရဘဲနဲ့ စည်းမျဉ်း နဲ့ ပြန်ပြီးတော့ ကိုးကွယ်ရတဲ့ သဘောမျိုး ဖြစ်နေလိမ့်မယ်” လို့ မဇ္ဈိမကို မေ လ၂၉ ရက်က ဆိုပါတယ်။
သို့သော် လူ့အခွင့်အရေး ရှုထောင့်အရ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ အမျိုးသား ဒီမိုကရေစီ အင် အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ဦးသိန်းစိန် အစိုးရနဲ့ “တစ်ဖက် စောင်းနင်း ဖြစ်အောင် တမင်တကာ လုပ်ချင်တယ်ဆိုရင် နိုင်ငံတကာ ကန့်ကွက်မှုတွေ ပေါ်လာမှာ ပဲ“ ဟု မှတ်ချက် ပြုခဲ့ပါတယ်။
အထက်ပါ အခြေအနေများကို သုံးသပ်ကြည့်ပါက သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရနဲ့ ဒီဥပဒေမူကြမ်းကြောင့် ယင်းရဲ့ လူ့အခွင့်အရေး တန်ဖိုးထားမှုပုံရိပ်ကို အကျမခံသလို အမျိုးဘာသာ သာသနာ စောင့်ရှောက်လိုသူတွေ ရဲ့ထောက်ခံမှုကိုလည်း လိမ်လိမ်မာမာ ပါး ပါးနပ်နပ်နဲ့ ရယူနိုင်ခဲ့ တယ်လို့ ဆိုရမှာပါ။
နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ စာရေးဆရာသန်းစိုးနိုင်က မျိုးစောင့် ဥပဒေကိုပြဋ္ဌာန်းဖို့ ကြိုးပမ်း မှုအပေါ် “နိုင်ငံတကာက လူ့အခွင့်အရေး နှုန်းစံတွေ၊ ဒီမိုကရေစီ နှုန်းစံတွေအရ ပြဿနာတွေကို ချဉ်းကပ် ပြောဆိုနေတဲ့ အချိန်မှာ နိုင်ငံတကာကရထားတဲ့ အခွင့်အလမ်းတွေလည်း သူတို့က မဆုံးရှုံးဖို့အတွက် ထိန်းညှိမှု လုပ်မှာပါပဲ” လို့လည်း မေလ ၃၁ ရက်က မဇ္ဈိမကို သုံးသပ် ပြောဆိုခဲ့ပါတယ်။
ထို့အတူ ဦးခင်မောင်ဆွေကလည်း “သံဃာကိုယ်တိုင်က တောင်းဆိုတော့ လျစ်လျူရှုလို့မရတဲ့ အချက်လည်း ပါတယ်။ နိုင်ငံတကာက မြန်မာ ဟာ တခြားဘာသာတွေကို နှိပ်ကွပ်တယ်ဆိုတာမျိုး မဖြစ်အောင်လည်း သူတို့အနေနဲ့ သတိကြီးကြီးနဲ့ လုပ်နေရပုံ ပေါ်တယ်လို့ ယူဆပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
နိုင်ငံရေးအရအကျိုးမြတ်ရှိနိုင်ပါ့မလား
တစ်နိုင်ငံလုံးက စိတ်ဝင်စားနေတဲ့ မျိုးစောင့် ဥပဒေ အတည်ပြု ပြဋ္ဌာန်းရေးမှာ ကန့်ကွက်မယ့် အမတ်တွေကို ၂၀၁၅ ရွေး ကောက်ပွဲမှာ မဲမပေးဖို့ ဒကာတွေကို စည်း ရုံးမယ်ဆိုပြီး မဘသရဲ့ ဦးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားခဲ့ဖူးပါတယ်။
၂၀၁၃ ခုနှစ်၊ ဇွန် ၂၇ ရက်၌ ပြုလုပ်ခဲ့တဲ့ သံဃာတော်ပေါင်း ၁,၅၀၀ ကျော် တက် ရောက်ခဲ့သော အမျိုးဘာ သာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူ ပွဲမှာ မော်လမြိုင် မြစေတီစာသင်တိုက်ရဲ့ ဦးစီးပဓာန နာယကဆရာတော် ဦးဝိမလ ဗုဒ္ဓိက ”ပယ်ချလိုက်မယ်ဆိုရင် လုပ်ထားတဲ့ ဒီလုပ်ငန်းကြီးဟာ သဲထဲရေသွန်သလို ဖြစ် သွားမှာပေါ့။
“ဒါကြောင့် သွန်ချင်သွန်၊ မှောက်ချင် မှောက် ဘယ်ကိုယ်စားလှယ်လဲ အဲဒါ သိချင်တယ်။ ဒီပုဂ်္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက် ပွဲမှာ မဲမပေးရုံပေါ့”ဟု မိန့်ဆိုခဲ့ပါတယ်။
ဒါဟာ သံဃာတော်တွေအပါအဝင် မျိုးစောင့်ဥပေဒ ပေါ်ထွက်လာရေး ကြိုးပမ်း နေသူတွေအနေနဲ့ ၎င်းင်းတို့ ရည်မှန်းချက် အောင်မြင်ရေးအတွက် အစွန်းစုံအထိ ကြိုး ပမ်းသွားမယ်လို့ ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။
ဒါတွေကို သိသာထင်ရှားစေတဲ့ အချက် တစ်ချက်ကတော့ ယခုနှစ် မေလအတွင်း မှာ မျိုးစောင့်ဥပဒေကိုကန့်ကွက်တဲ့ အရပ် ဘက်အဖွဲ့အစည်း ၁၀၀ ကျော်ကို “အမျိုးသားရေး သစ္စာဖောက်” အဖြစ် ကြေညာ လိုက်ခြင်းပါပဲ။
ဒါကြောင့် လွှတ်တော်အတွင်းမှာ ဆွေး နွေးဆုံးဖြတ်ကြတဲ့အခါမှာ ထောက်ခံမဲ ပေးခြင်းမပြုတဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ် တော်အမတ်တွေကိုမထောက်ခံဖို့ မဘသနဲ့ ယင်းအပေါ် ထောက်ခံသူတွေက အမှန် တကယ်ပဲ တောင်းဆိုလာနိုင်တဲ့ အနေအ ထားမျိုးပါ။
တစ်ဖက်မှာတော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ တင်ပြလာသူတွေရဲ့ ဆန်္ဒနဲ့အညီ ဥပဒေ လေးခု ပြဋ္ဌာန်းပေးဖို့အတွက် သမ်္မတနဲ့ ၎င်းင်းရဲ့ အစိုးရက အကောင်အထည် ဖော် နေပါပြီ။
“ပြည်သူလူထုအများစုက အမျိုးဘာ သာသာသနာ စောင့်ရှောက်တဲ့အပေါ်မှာ အာရုံကျတယ် ထင်ရင်တော့ ဦးသိန်းစိန် အမှတ်ရနိုင်တာပေါ့” လို့ အမျိုးသား ဒီမို ကရေစီ အင်အားစုပါတီဥက်္ကဋ္ဌ ဦးခင်မောင် ဆွေက သုံးသပ်ထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကနေ အာရုံလွှဲချင်တာလား
မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေးအတွက် လုပ်ပိုင်ခွင့်ရှိသမျှ လုပ်ပေးခဲ့ပြီးဖြစ်တဲ့ သမ်္မတ ဦးသိန်းစိန်နဲ့ ၎င်းရဲ့အစိုး ရဟာ ပြည်သူတွေ ရဲ့ထောက်ခံမှုကို ရနိုင်သလို တစ်ဖက်မှာလည်း ပြည်သူတွေ အာရုံစိုက်နေတဲ့ ပုဒ်မ ၄၃၆ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းလွှဲစေနိုင်ပါတယ်။
ဒီကိစ်္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ပညာရှင် ဦးအောင်မျိုးက မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ အချိန်မှာ “ဒီ (မျိုးစောင့်ဥပဒေ)အပေါ်မှာပဲ အများကြီးဆွေးနွေးပြီးတော့ နိုင်ငံရေး မျက်ခြေ ပြတ်သွားရင် တော့ မြန်မာနိုင်ငံအတွက် မကောင်းပါဘူး။ တခြားဘက်ကို လမ်းလွှဲသွားလို့ရှိရင်တော့ သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ထောက်ပြ ပြောဆိုထားသည်။
ထို့အတူ ဆရာသန်းစိုးနိုင်ကလည်း မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးပမ်းခြင်းဟာ “ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးဆိုင်ရာ အင်အားစုတွေကို အမျိုးသားရေး မျက်နှာဖုံးနဲ့အုပ်ပြီးတော့ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက် ဖို့ လုံးပန်းလာတဲ့ ဦးတည်ချက်တစ်ရပ်လို့ မြင်တယ်” လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။
လက်ရှိအနေအထားအရ ယခု ထုတ်ပြန်လိုက်တဲ့ “ကိုးကွယ်ရာ ဘာသာကူး ပြောင်းခြင်းဆိုင်ရာ ဥပဒေမူ ကြမ်း” ဆိုတဲ့ ကျည်ဆန်တစ်တောင့်နဲ့တင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အာရုံလွှဲဖို့၊ အမျိုးဘာ သာသာသနာ စောင့်ရှောက်လိုသူတွေရဲ့ ထောက်ခံမှုတွေ သမ္မတကြီးနဲ့အစိုးရ ရရှိဖို့အတွက် အပိုင်ပစ် လိုက်ပြီလားဆိုတာ စဉ်းစားစရာပါ။