ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကစ ရထားဝန်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ဟာ မြန်မာတစ်နိုင်ငံလုံးက လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တရားဝင် အခွန်ကောက်ပြီး မှတ်ပုံတင် လုပ်ပေးနေပါတယ်။ အကောက်ခွန်၊ ထွေအုပ်၊ စီးပွားရေးဘဏ်၊ ရဲစတဲ့ အဖွဲ့ပေါင်းစုံ စုပေါင်းပြီး one stop services အနေနဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကစ ရထားဝန်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ဟာ မြန်မာတစ်နိုင်ငံလုံးက လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တရားဝင် အခွန်ကောက်ပြီး မှတ်ပုံတင် လုပ်ပေးနေပါတယ်။ အကောက်ခွန်၊ ထွေအုပ်၊ စီးပွားရေးဘဏ်၊ ရဲစတဲ့ အဖွဲ့ပေါင်းစုံ စုပေါင်းပြီး one stop services အနေနဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေတာပါ။ အရင် စစ်အစိုးရခေတ်က စတွက်ရင် ခုလိုပဲ နိုင်ငံထဲ ရောက်နေတဲ့ Without လို့ခေါ်တဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို အခွန်ကောက်ပြီး တရားဝင် မှတ်ပုံတင်ပေးတာ ရှစ်ကြိမ်ရှိနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကညနဟာ ဒီတစ်ကြိမ် လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင်လုပ်ပေးတာ နောက်ဆုံးအကြိမ် ဖြစ်တယ်၊ ဒါကြောင့် သတ်မှတ်ထားတဲ့ ဇူလိုင် ၄ ရက် မတိုင်ခင် လာလုပ်ထားကြ၊ နောက်ဆို လုံးဝမှတ်ပုံတင် လုပ်မပေးတော့ဘူး၊ လိုင်စင်မဲ့တွေ တွေ့ရင် ဖမ်းမယ်၊ ဆီးမယ်၊ သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တဲ့စကား ပြောလာပါတယ်။ မြန်မာနိုင်ငံမှာ ဆိုင်ကယ်တင်သွင်းခွင့် ဘာပြဿနာတွေ ရှိနေသလဲ၊ အဲဒီ ပြဿနာတွေကို ရှေ့ပိုင်းမှာ ဘယ်လိုဖြေရှင်းခဲ့ကြသလဲ၊ ခုလို ခြိမ်းခြောက်စကားမျိုး ပြောသင့်သလား၊ အစိုးရဘက်က ဘာတွေလုပ်ကိုင် ဆောင်ရွက်ပေးသင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
အရင် စစ်အစိုးရဟာ ပြည်တွင်း ဆိုင်ကယ်တင်သွင်းခွင့်ကို မော်တော်ကား တင်သွင်းခွင့်နည်းတူပဲ လုံးဝ ပိတ်ပင် တားမြစ်ထားခဲ့ပါတယ်။ မန္တလေးနဲ့ နယ်မြို့တွေမှာ နေထိုင်တဲ့ အသက်အရွယ်ရသူတချို့ မှတ်မိကောင်း မှတ်မိကြဦးမယ် ထင်ပါတယ်။ ပထမအကြိမ် လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင် လုပ်မပေး သေးချိန်၊ ၂၀၀၀ခုနှစ်ဝန်းကျင်တုန်းကဆို ခပ်လတ်လတ် ဂျပန်တစ်ပတ်ရစ် ဟွန်ဒါဆူပါကပ်ဆိုင်ကယ် တစ် စီး ကျပ်ငွေ သိန်း ၂၀ ကနေ သိန်း ၃၀ ၀န်းကျင်အထိ စျေးပေါက်ပါတယ်။ အဲဒီတုန်းက ဒေါ်လာစျေးနဲ့တွက် ရင် ဒေါ်လာ၃၀၀၀- ၄၀၀၀ထက်ပိုပါတယ်။ အဲဒီအချိန်ကာလ ရွှေပေါက်စျေးက တစ်ကျပ်သား ကျပ်ခြောက် သောင်းကျော်ပဲ ရှိနေလေတော့ တစ်ပတ်ရစ် ဆူပါကပ်ဆိုင်ကယ်တစ်စီး တန်ဖိုးဟာ ရွှေ ၅၀ ကျပ်သား ကျော်နဲ့ ညီနေပါတယ်။ ဒီနေ့ခေတ် ရွှေစျေးနှုန်းနဲ့ဆို ဆိုင်ကယ်တစ်စီး ကျပ်သိန်း ၃၃၀ လောက် ကျသင့်နေ တဲ့ သဘောပါ။ (၂၀၁၄ မေလ ၁၂ ရက် ခေါက်ရွှေပေါက်စျေး တစ်ကျပ်သား- ကျပ် ၆၆၃,၀၀၀ ရှိပါတယ်။) ဒါဟာ ပုံကြီးချဲ့ ပြောနေတာ မဟုတ်ပါ။ အဲဒီခေတ် အဲဒီကာလ စစ်အာဏာရှင်တွေ ပြည်သူတွေကို ဘယ် လောက် ဒုက္ခပေးခဲ့သလဲ ပေါ်လွင်စေအောင် တွက်ချက်ပြတာ ဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးလာတဲ့အခါ တိုင်းပြည်ထဲကို ဆိုင်ကယ် ခိုးသွင်းတာတွေ၊ စီးနင်းတာတွေ ရှိလာပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဆိုင်ကယ် ခိုးသွင်းမှုဖြစ်စဉ် အား လုံးမှာ လာဘ်စားကြပါတယ်။ ဒီလိုနည်းနဲ့ အမြို့မြို့အနယ်နယ်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ များလာပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာတော့မှ အဲဒီ ဆိုင်ကယ်တွေကို အခွန်ကောက်၊ ဒဏ်ကြေးယူပြီး ခုလိုပဲ ၀မ်း စတော့ ဆားဗစ်နဲ့ မှတ်ပုံတင် လုပ်ပေးခဲ့ပါတယ်။ မှတ်ပုံတင်လုပ်ပေးတဲ့ ရှေ့ပိုင်းအကြိမ်တွေမှာ အတော် လေးကို အရုပ်ဆိုး အကျည်းတန်တဲ့ အခြေအနေတွေ မြင်တွေ့ရပါတယ်။ ဆိုင်ကယ်လိုင်စင် လုပ်လိုသူ တွေ များပြားလွန်းတော့ တိုးကြ၊ ဝှေ့ကြ၊ ခိုက်ရန်ဖြစ်ကြရ၊ တချို့နေရာတွေမှာဆို ဆိုင်ကယ် မှတ်ပုံတင် ရဖို့အရေး မိုးထဲရေထဲ ၃-၄-၅ ရက် တန်းစီ စောင့်ဆိုင်းကြရဆိုတဲ့ အခြေအနေမျိုးတွေအထိ ဖြစ်ပေါ်ခဲ့ပါ တယ်။
ဒါပေမဲ့လည်း စစ်အစိုးရဟာ ဆိုင်ကယ်တွေကို တရားဝင် တင်သွင်းခွင့် မပြုခဲ့သေးပါဘူး။ နောက်ပိုင်း အာဏာပိုင်တွေနဲ့ နီးစပ်သူတချို့ကို ဆိုင်ကယ်တပ်ဆင်တဲ့ အလုပ်ရုံတွေ တည်ထောင် ဖွင့်လှစ်ခွင့်ပြုပြီး အဲဒီ အလုပ်ရုံက ထွက်တာတွေကိုတော့ မှတ်ပုံတင် လုပ်ပေးပါတယ်။ စျေးကွက်ထဲကို အဲဒီ တရုတ်လုပ်၊ မြန်မာနိုင်ငံထဲ တပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေ ရောက်ပါတယ်။ ဒါပေမဲ့ အရည်အသွေးနိမ့်ပြီး စျေးနှုန်းကြီး မြင့်တာ၊ နယ်စပ်ကနေလည်း ခိုးသွင်းလို့ ရနေတာတွေကြောင့် စိတ်ဝင်စားသူ နည်းပါတယ်။ ဒီလိုနဲ့တရား ၀င် မှတ်ပုံတင်လုပ်ပေးပြီး ကာလတစ်ခုကြာတာနဲ့ ပြည်တွင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေ တဖြည်းဖြည်း များလာပြန်ပါတယ်။ နောက်ထပ် ထိန်းမနိုင် သိမ်းမရ ဖြစ်ပြန်တဲ့အခါကျမှ ၀မ်းစတော့ ဆားဗစ်နဲ့ မှတ်ပုံ တင်လုပ်ပေး ပြန်ပါတယ်။
ပြောရရင် အရင်စစ်အစိုးရရော၊ အာဏာရှင်တွေကိုဆက်ခံတဲ့ ဦးသိန်းစိန် အစိုးရကပါ ပြည်သူလူထု အများ စုကြီးနဲ့ သက်ဆိုင်နေတဲ့ ဆိုင်ကယ်တင်သွင်းခွင့်ကိစ္စ မှန်ကန်တဲ့ပေါ်လစီ မချမှတ်ခဲ့ပါဘူး။ နယ်စပ် ကနေ ပြည်သူတစ်ဦးချင်း တင်သွင်းခွင့်ကို ပိတ်ပင်ထား၊ ခိုးသွင်းမှုတွေဖြစ်၊ အာဏာပိုင်တွေက လာဘ်စား၊ ဒီလိုနဲ့ လိုင်စင်မဲ့တွေများ၊ နောက်ပိုင်း မှတ်ပုံတင်ပေးတဲ့ သံသရာစက်ဝိုင်းထဲက မထွက်နိုင် ဖြစ်ခဲ့ရ၊ ဖြစ်နေဆဲ ဖြစ် ပါတယ်။အလွန်ညံ့ဖျင်း၊ ပြည်သူအပေါ် အလွန်စေတနာမထားတဲ့ အစိုးရတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။
အဲလို ခိုးသွင်းလာတဲ့ ဆိုင်ကယ်တွေဆိုတာကလည်း သိပ်မများပါဘူး။ ရှစ်ကြိမ် မှတ်ပုံတင်လုပ်ပေးတာမှာ ဆိုင်ကယ်စီးရေ သုံးသန်းနီးပါး ရှိပါတယ်။ပြောရရင် ဒီကနေ့ အမြို့မြို့အနယ်နယ်မှာ မြင်တွေ့နေရတဲ့ ဆိုင် ကယ်အားလုံးနီးပါးဟာ ခိုးသွင်းလာတာတွေလို့ဆိုရင် ယုံနိုင်စရာတောင်မရှိပါဘူး။အခုနောက်ဆုံး ဖေဖော် ဖဝါရီ လလယ်ကစ လိုင်စင်စလုပ်ပေးတာ ဧပြီလကုန်မှာတင် တစ်နိုင်ငံလုံးက ဆိုင်ကယ် စီးရေ ၁၇၀,၀၀၀ ကျော် မှတ်ပုံတင်လုပ်ပေး ပြီးခဲ့ပါပြီ။
အစိုးရစီးပွားကူးသန်းဝန်ကြီးဌာနနဲ့ မီးရထားဝန်ကြီးဌာန စဉ်းစားဖို့လိုပါပြီ။ သမ္မတရုံးဝန်ကြီးတွေ လမ်းညွှန် ဖို့ လိုပါပြီ။ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်ပင်ထားပြီး ခုလိုပဲ ခိုးသွင်းကြ၊ နောက်တော့ မှတ်ပုံတင် ပြန်လုပ် ပေးဆိုတဲ့ သံသရာဖြတ်ဖို့ လိုပါပြီ။ စာရင်းတွေ ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ တစ်နှစ် ဆိုင်ကယ် အစီးရေ ဘယ်လောက် လိုအပ်ချက် ရှိနေတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။ (တစ်နှစ် နှစ်သိန်းကနေ နှစ်သိန်းခွဲ အကြားရှိနိုင်မယ် ခန့်မှန်းပါတယ်) ဒီအတွက် အဓိပ္ပာယ်ရှိတဲ့၊ ပြည်သူတွေ အကျိုးရှိမယ့် ဆိုင်ကယ် တင် သွင်းခွင့်ပြုမယ့် ပေါ်လစီ ချမှတ်ဖို့လိုပါပြီ။ နယ်စပ်ကနေ တစ်ဦးချင်း တင်သွင်းလိုသူ ရှိရင်လည်း လက်ရှိ ကောက်ခံနေတဲ့ အကောက်ခွန်နှုန်းထားထက် ပိုမမြင့်စေတဲ့နှုန်းထားနဲ့ တင်သွင်းခွင့်ပြု၊ အခွန်ကောက်ခွင့် ပြု၊ မှတ်ပုံတင် လုပ်ပေးဖို့ လိုပါတယ်။
ဒါကြောင့် တိုင်းပြည်လိုအပ်ချက်နဲ့ အညီ၊ ပြည်သူ့အကျိုးစီးပွားနဲ့ အညီ ဆိုင်ကယ်တင်သွင်းခွင့် ပေါ်လစီ အသစ်ချမှတ်ပါ။ အခု မှတ်ပုံတင်လုပ်ပေးနေတာ နောက်ဆုံးပဲဆိုတဲ့ စကားမျိုးနဲ့ ဘာပေါ်လစီမှမရှိဘဲ ခြိမ်းခြောက်စကားတွေချည်းပဲ ပြောမနေပါနဲ့လို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။