မောင်မှန်တို့ငယ်ငယ်က ကစားနည်းလေး တစ်ခု သွားသတိရမိတယ်၊ ကွမ်းသီး လေးလုံး မလေးလုံး၊ တစ် ပြားနှစ်ပြား ပဲလင်ပြားအစရှိတဲ့ နည်းတွေပေါ့၊ ကစားသူတွေ အသီးသီးနိုင်လို့ ထွက်သွားပြီးတဲ့အခါ နောက်ဆုံး ကျန်သူ (ရှုံးသူ) တစ်ယောက်ကို နိုင်သူတွေထဲက တစ်ယောက်က လက်ကို ရှေ့ထုတ်ခိုင်းပြီး ဆန်ဝယ်ခဲ့ပါဆို ဘာလို့ သဲတွေ ၀ယ်ခဲ့လဲ၊ ဆီဝယ်ခဲ့ပါဆို ဘာလို့ငံပြာရည်ဝယ်ခဲ့လဲ အစရှိသည်ဖြင့်ပြောပြီး၊ လက်နဲ့ ရိုက်ရတယ်။ အရိုက်ခံရသူက လွတ်အောင် ရှောင်ရတယ်၊ မထိဘဲလွတ်သွားရင် ပွဲပြီး ပြီ။
အစကပြန်ကစားကြဖို့့ပဲ။ အခုမောင်မှန် ရေးချင်တာ ဒီကစားနည်းတွေကို နောက်တစ်ခါ ဗမာပြည််မှာ ကျင်းပမယ့် ဆီးဂိမ်း(စ်) မှာထည့်သွင်းဖို့ မဟုတ်ပါဘူးခင်ဗျာ၊ အထင်မလွဲပါနဲ့၊ ဆန်ဝယ်ခဲ့ပါဆို ဘာလို့ သဲ တွေဝယ်ခဲ့လဲ ဆိုတဲ့ကိစ္စပါ။
မောင်မှန်တို့ အိမ်နီးချင်းနိုင်ငံကြီး တစ်နိုင်ငံနဲ့ မောင်မှန်တို့နိုင်ငံရဲ့ အပြန်အလှန် အရောင်းအဝယ်ကိစ္စကို ရေးချင်တာပါ။ ဒီနိုင်ငံကြီးက ဗမာပြည်ကို စျေးနှုန်းသက်သက်သာသာနဲ့ အရည်အသွေးလည်း စံမမီတဲ့ ပစ္စည်းတွေ အစောကြီးကတည်းက သွင်းခဲ့တာခင်ဗျ၊ တည့်တည့်ပဲ ပြောကြပါစို့ရဲ့၊ စောင်းပြောလည်း ဒီနိုင်ငံပါပဲ၊ တရုတ်ပိတ်၊ တရုတ်အနွေး၊ တရုတ်ဆေး၊ တရုတ်ဆပ်ပြာ၊ တရုတ်သွားတိုက်ဆေး၊ တရုတ် ၀ဲဆေး၊ တရုတ်ဓာတ်ခဲ၊ တရုတ်ရေဒီယို၊ တရုတ်စက် တစ်ရက်စုတ် ... ဟဲဟဲနောက်တာပါ စတာတွေ၊ စတာတွေပေါ့ဗျာ။
ဗမာပြည်သူတွေကလည်း သုံးရတာပါ ပဲ၊ စျေးပေါတာကိုး။ ဆပ်ပြာဖြစ်ပြီးရော၊ သွားတိုက်ဆေးဖြစ်ပြီး ရော၊ ဆေးဖြစ်ပြီးရော တွယ်ရတာပဲ၊ နောင်ဘာဖြစ်မယ်တော့ မသိကြရှာဘူးပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်က သတင်းလေးတစ်ပုဒ် ဖတ်ဖူးတယ်။ တရုတ်သွားတိုက်ဆေးနဲ့ သွားတိုက်ပြီးတဲ့နောက် လျက် ဆားလျက်လိုက်တာ အစာအဆိပ်သင့်သလိုဖြစ်ပြီး သေသွားတဲ့ သတင်းပါ။ သွားတိုက်ဆေးနဲ့ လျက်ဆား ဘယ်လို ဓာတ်ပြုသွားတယ်တော့ မသိဘူး။
မြန်မာတွေဟာ မိုးလင်းပြီဆိုတာနဲ့ တရုတ်ဖန်ခွက်နဲ့ ရေသောက်၊ တရုတ်သွား တိုက်ဆေးနဲ့သွားတိုက်၊ တရုတ်ရေဒီယိုကို တရုတ်ဓာတ်ခဲနဲ့နားထောင်၊ တရုတ်ဆပ်ပြာ နဲ့ရေချိုးပြီး တရုတ်ပိတ်နဲ့ချုပ်တဲ့ အကျႌကို ၀တ်ခါ အလုပ်သွားရပါတယ်။ အဲဒါပေမဲ့ တရုတ်အစားအစာကျတော့ ၀ယ်မစားနိုင်တော့ဘူး ခင်ဗျ။ စျေး ကြီးတာကိုး။ ဗမာ့နည်း ဗမာ့ဟန် ငါးပိရည်တို့စရာပဲ။ ကြီးကြီး ကျယ်ကျယ်ရေးရရင်တော့ ဗမာတွေရဲ့Life Style ထဲမှာ တရုတ်ပစ္စည်းတွေကချည်း လွှမ်းမိုးထားတယ်ပေါ့။ စျေးပေါတဲ့ ပစ္စည်းတွေဆိုတော့ သိပ်ကြာ ကြာ အသုံးမခံတာလည်း အပြစ်ပြောစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ယားနာဖြစ်စေတဲ့ (ဖြစ်စေတယ်လို့ ယူဆရတဲ့) ဆပ်ပြာတွေကို အရင်တင်သွင်း သုံးစေပြီးမှ နောက်က ယားနာပျောက်ဆေး ထပ်ရောင်းတာ မျိုးကတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ အင်မတန် စူးရှ ထက်မြက်တဲ့ စီးပွားရေးအမြင်ရှိတာကိုလည်း မောင်မှန်က လေးစား အသိအမှတ်ပြုရပါတယ်။ (ဒီအကြောင်း မောင်မှန် အကျယ်တဝင့် ရေးခဲ့ဖူးတယ်)
ပိုဆိုးတာက အတုတွေကိစ္စပါပဲ။ ဆီအတု၊ ကြက်ဥအတု၊ ဆန်အတုစတာတွေ နယ်စပ်အနောက် ဗမာ ပြည်ထဲ လှိမ့်ဝင် လာခဲ့ပါတယ်။ ဆီအတုကတော့ အကျယ် ပြန့်ဆုံးပါပဲ။ ဆန်အတုကတော့ တလောက ဖြေရှင်းသံထွက်လာတာ ကြားရတယ်။ မျိုးစပါးထားတဲ့ဟာကို ကြိတ်ခွဲလိုက်လို့ ဆိုလား ဘာလား။
ဆီအတုဆိုရင် သူတို့နိုင်ငံ ဂိုဏ်းနဲ့တောင် လုပ်တာပဲ။ ဒီဂိုဏ်းကို ဖော်ထုတ်သတင်းရေးမိတဲ့ သတင်း ထောက် တစ်ယောက်တောင် ဓားနဲ့ ထိုးအသတ်ခံရသတဲ့။ သူတို့က ဆီအတုတွေသွင်း၊ မောင်မှန်တို့ ဆီမှာတိုင်းတာ စစ်ဆေးစရာလည်း မရှိ၊ အဲဒီဆီတွေကိုပဲ မောင်မှန်တို့က နှစ်ပြန်ကျော်တွေ သုံးပြန်ကျော် တွေ ထပ်တ လဲလဲကျော်စား။ မောင်မှန်တို့ ဗမာတွေရဲ့ ကျန်မာရေးအနာဂတ်ဟာ ဘယ်လိုများ ဖြစ်မှာပါ လိမ့်။ (မောင်မှန်က သိပ်တော့ စိတ်မပူပါဘူး။ လာမယ့်ဘဏ္ဍာရေးနှစ်မှာ နို်င်ငံတော်က ကျန်မာရေး အသုံး စရိတ် ၃ ရာခိုင်နှုန်း ကျော်ကြီးများတောင်သုံးဖို့ ရည်မှန်ထားတယ်ဆိုတော့လေ) ပေါက်စီ အတုကတော့ သူတို့နိုင်ငံထဲမှာပဲ လှည့်ရိုက် ပါတယ်၊ ဒီဘက်ကျော်မလာပါဘူး။
ဒီဘက်က ပြန်ယူတာတွေကျတော့ အမှန်အကန်တွေချည်းနော်။ ဓာတ်ငွေ့ အစစ်၊ ကျွန်းသစ်အစစ်၊ ကြေး နီအစစ်၊ လျှပ်စစ်အစစ်၊ မြစ်ဆုံအစစ်၊ လက်ပံတောင်း အစစ်ဩ စစ် စစ် စစ်နဲ့တောင်မြည်လို့။ (မောင်မှန် မေ့ကျန်တာလေးတစ်ခုရှိလို့၊ သူတို့ဘက်က တင်သွင်းရောင်းချတဲ့နေရာ မှာအတုမဟုတ်ဘဲ အင်မတန် စစ်တဲ့ ပစ္စည်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ စစ်လက်နက် ပစ်္စည်းပါ) လူမိန်းမ အစစ်တွေဆိုလည်း လာ ထားပဲ။ မိန်းမအတုတော့မရဘူးနော်၊ (သားသမီးမပွားစီးနိုင်ဘူး၊ လေးလုံးနဲ့ ဘေးတဆုံး ကျသွားနိုင်တယ်) အတုပေး အစစ်ယူစီးပွားရေးကလည်း အောင်မြင် ပါပေတယ်။
အဆိုးတကာ့ အဆိုးဆုံးကတော့ ခုလ ပိုင်းတွေအတွင်းဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စတွေပါပဲခင်ဗျာ၊ဗမာနိုင်ငံ ကုမ္ပဏီတစ်ခုက တရုတ်နိုင်ငံအခြေစိုက် QingdaoJinding metal important and export ကုမ္ပဏီ လီမိ တက်ဆီက ကော်စေ့တန် ၂၀ မှာကြား ၀ယ်ယူခဲ့ပါတယ်။ ကွန်တိန်နာတွေ ရောက်လို့ ဖွင့်လိုက်တော့ အထဲမှာ ကော်စေ့တွေ မဟုတ်ဘဲ ကျောက်ခဲတွေဖြစ်နေတာ တွေ့ရတယ်။
လမ်းခရီးကြာတာနဲ့ကော်တွေကပဲ ကျောက်ဖြစ်သွားလားတော့ မသိဘူးပေါ့ ခင်ဗျာ။တစ်ခါ မြန်မာကုမ္ပဏီ တစ်ခုက စက်ရုံသုံး ဓာတုကုန်ကြမ်းကို တရုတ်ကုမ္ပဏီ တစ်ခုထံက ၀ယ်ထားတာရောက်လို့ ဖွင့်ဖောက် စစ်ဆေးရာမှာ ဓာတုကုန်ကြမ်းတွေ မဟုတ်တော့ဘဲ သဲတွေဖြစ်နေတာ တွေ့ရပါသတဲ့။ ဒါလည်း ဓာတု ပစ္စည်းတွေ ဓာတ်ပြုပြီး သဲဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်ပေးဖို့ တရုတ်နိုင်ငံကို အကြောင်းကြားထားပေမယ့်လည်း ခုထိ ဘာအသံမှတော့ မကြားရသေးပါဘူး။ (ဒီ နေရာမှာ မောင်မှန် ရေးလိုရင်းက ၀ိသမ လောဘ စီးပွားရေးသမားများကိုပါ။ တရုတ် ပြည်သူတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါကို ကွဲပြားဖို့လည်း လိုပါသေးတယ်) သံကို ကြွက်မစား၊ သားကိုစွန်မချီ ရိုးရာပုံပြင်လေး ကိုတောင် ပြေးသတိ ရမိတယ်။ အော် ကော်စေ့ဝယ်ခဲ့ပါဆို ဘာလို့ ကျောက်ခဲတွေ ၀ယ်ခဲ့သလဲဆိုပြီး မြန်မာကုမ္ပဏီရဲ့ အဝယ် တော်ကို မေးမေးပြီး ရိုက်လိုက်ချင်သေးရဲ့။
မောင်မှန်