တစ်နှစ်ပြည့် လက်ပံတောင်းအကြမ်းဖက်မှုနှင့် မေးခွန်းငါးခု

တစ်နှစ်ပြည့် လက်ပံတောင်းအကြမ်းဖက်မှုနှင့် မေးခွန်းငါးခု
by -
မဇ္ဈိမ

မြတ်ကျော်သူ -လာမည့် နို၀င်ဘာ ၂၉ ရက်နေ့တွင် လက်ပံတောင်းရပ်ဆိုင်းရေး သပိတ်စခန်းဖွင့် သံဃာတော်များကို အ စိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည်။ မီးလောင်ဗုံး အသုံးပြု ခဲ့ခြင်း ဟုတ်၊ မဟုတ် ပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စံနှုန်းများ၊ စီမံကိန်းက ဒေသခံများကို လျော်ကြေးပေးချေမှု များနှင့် အလုပ်အကိုင်ဖန်တီးပေးမှုများနှင့် ပတ်သက်၍ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မ ရှင်၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြခဲ့သည်မှာလည်း ရှစ်လတိတိ ပြည့်ခဲ့ပြီဖြစ်သည်။ စုံစမ်းစစ် ဆေးရေး အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီအနေနှင့် နို၀င်ဘာ ၂၀ ရက်က အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကိုလည်း နိုင်ငံပိုင်သတင်းစာ မှတစ်ဆင့် ဖော်ပြထား ပြီးဖြစ်သည်။

လတ်တလောအခြေအနေအရ လက်ပံတောင်း သပိတ်စခန်းဖြိုခွင်းမှုအတွက် လစဉ် တစ်လပြည့်ဆန္ဒပြပွဲ များ ရှိနေသကဲ့သို့ လက်ပံတောင်းအနီးရှိ တောင်ကြားစေတီနှင့် လယ်တီဆရာတော်ဘုရားကြီး တရား အားထုတ်ခဲ့ရာ သိမ်တော်အတွက် ဆန္ဒထုတ်ဖော်မှုများမှာလည်း နေ့စဉ်လိုလိုဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် ဆန္ဒထုတ်ဖော်သူများနှင့် လုံခြံုရေးရဲတပ်ဖွဲ့တို့အကြား တင်းမာမှုမှာ မြင့်တက်လာနေဆဲဖြစ်သည်။

စုံစမ်းစစ်ဆေးရေး ကော်မတီအနေနှင့် ရပ်စဲရန်မသင့်ဟု ဆုံးဖြတ်ခဲ့သော်လည်း ဒေသခံပြည်သူများ၏ အ ကျပ်အတည်းများနှင့် ရဲတပ်ဖွဲ့ဝင်တို့အကြား တင်းမာမှုများမှာ ကြံုတွေ့နေရဆဲဖြစ်သည့်အတွက် အဆို ပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆုံးဖြတ်မှုနှင့် အကောင်အထည်ဖော်ရေးကော်မတီတို့၏ ဆောင်ရွက် ပြီးစီးသည့် အခြေအနေများကို မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။

(၁) စုံစမ်းစစ်ဆေးရေးကော်မတီ အစီရင်ခံစာ ရှစ်လပြည့်သွားပြီဖြစ်သော်လည်း ဒေသခံပြည်သူများ အတွက် ပြဿနာများ ရှိနေဆဲဖြစ်သည်။ ယင်းအတွက် မည်သူ့တွင် တာဝန်ရှိသနည်း။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနှင့် ၎င်းတို့၏ အပြီးသတ်အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်က တင်ခဲ့ပြီး စီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားနိုင်ခြင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ပြေလည်မှုမရှိသည့် အခြေအနေများ ဖြစ်လာနိုင်သည်ဆိုသည့် ရည်ရွယ်ချက် များဖြင့် တစ်ဖက်သတ် ရပ်စဲရန် မပြုသင့်ဟု ဆုံးဖြတ်ခဲ့သော်လည်း အမှန်တကယ် မြေပြင်အခြေအနေ တွင် လက်ပံတောင်းဒေသခံများ၏ ဆန္ဒထုတ်ဖော်မှုများ၊ ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုများ၊ ဒေသခံများနှင့် လုံခြံုရေးရဲတပ်ဖွဲ့ဝင်တို့အကြား တင်းမာမှုများမှာ ယနေ့အချိန်ထိ ရှိနေဆဲဖြစ်သည်။

ထို့ပြင် ယင်းကဲ့သို့ ပြဿနာအတွက် တာဝန်ပြီးဆုံးသွားပြီဖြစ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၊ ဆက် လုပ်နေဆဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် တိုင်းဒေသကြီးအစိုးရတို့အကြား မည်သူ့တွင် တာ ၀န်ရှိသည်ဆိုသည်ကို မေးခွန်းထုတ်ရမည်ဖြစ်သည်။

(၂) စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်ပြီးဆုံးသွားပြီဟု ဆိုသော်လည်း ကော်မရှင်၏ တိုက်တွန်း အကြံပြုချက်များကို အကောင်အထည်ဖော်ရေးကော်မတီက အပြည့်အဝ လုပ်ဆောင်ပေးနိုင်မှုရှိရဲ့လား။

အကောင်အထည်ဖော်ရေးကော်မတီ၏ နို၀င်ဘာ ၂၀ ရက် ထုတ်ပြန်ချက်များအရ မလိုအပ်သည့် မြေဧရိ ယာများကို ပြန်လည်ပေးအပ်ခဲ့ရာတွင် မြေဧရိယာ ၂၄၄ ကျော်ကို လုပ်ပိုင်ခွင့်များနှင့်အတူ ပြန်လည်ပေး အပ်ခဲ့ပြီဟု ဆိုသည်။ ထို့ပြင် မြေယာနစ်နာကြေးနှင့် သီးနှံလျော်ကြေးများအတွက် ငွေကျပ်သိန်းရ၇,၀၀၀ ကျော် ပေးအပ်ခဲ့ပြီဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား။

အကောင်အထည်ဖော်ရေးကော်မတီက ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထုတ်ပြန်ထားသော်လည်း စုံ စမ်းစစ်ဆေးကော်မရှင်၏ တိုက်တွန်းအကြံပြုချက်များကို မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ပေး နိုင်သည်ကိုမူ ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပေသည်။

(၃) ဒေါ်အောင်ဆန်းစုကြည်အနေနှင့် စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ကာ ကော် မတီ၏ တာဝန်မှာ ပြီးဆုံးသွားသည့်အတွက် ယခုဖြစ်ပွားနေသည့် ပြဿနာများပေါ် မျက်နှာလွှဲထားသ လား။

သမ္မတရုံးအမိန့်ဖြင့် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌ နေရာ ပေးလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းဒေသသို့ ပထမတစ်ကြိမ် သွား ရောက်ခဲ့ပြီး ဒုတိယအကြိမ် အစီရင်ခံစာထွက်ပြီးနောက် သွားရောက်ခဲ့သော်လည်း ဒေသခံများနှင့် တက် ကြွလှုပ်ရှားသူများ၏ မေးခွန်းမေးမြန်းမှုများကြောင့် အဆင်မပြေဖြစ်ခဲ့သည်။ထို့နောက် အကောင်အထည် ဖော်ရေးကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း လက်ပံတောင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များမှာ မေးခွန်းထုတ်စရာ ဖြစ် သည်။

(၄) လက်ပံတောင်းတောင်တွင် ဖြစ်ပွားနေသည့် အခြေအနေများသည် အချိန်ကြာလာသည့်အတွက် ဆောင်ရွက်ပေးနိုင်မှု၊ စိတ်ဝင်စားမှု လျော့နည်းသွားသည့်အတွက် လွှတ်တော်က မေ့လျော့ထားသလား။

လက်ပံတောင်းတောင်တည်ရှိရာဒေသနှင့် အနီးစပ်ဆုံးဒေသများဖြစ်သည့် ပုလမဲဆန္ဒနယ်နှင့် ဆားလင်း ကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသော်လည်း လွှတ်တော်တွင် လက်ပံ တောင်းတွင် ဖြစ်ပွားနေသည့် ဒေသခံများ၏ အခက်အခဲ တင်းမာမှုအခြေအနေများနှင့် ပတ်သက်၍ မေး ခွန်းမေးမြန်းခြင်းများ မတွေ့ရတော့ပေ။

(၅) ဒေသခံများနှင့် လုံခြံုရေးများအကြား တင်းမာမှုများမှာ ရှိနေဆဲဖြစ်ပြီး မည်ကဲ့သို့ ဖြေရှင်းမည်ကို ရှာ ဖွေရန် လိုအပ်နေပြီး ဘယ်အရာက အဖြေဖြစ်မည်နည်း။

မုံရွာ၊ ဆားလင်းကြီးမြို့နယ်၏ နေ့စဉ်မြင်တွေ့နေကျကိစ္စမှာ ဆန္ဒဖော်ထုတ်နေခြင်းဖြစ်သည်။ ဆန္ဒဖော် ထုတ်နေသည့် ဒေသခံပြည်သူများ၏ ဆန္ဒပြ တောင်းဆိုမှုများအပေါ် တုံ့ပြန်မှုမှာ လုံခြံုရေးတပ်ဖွဲ့ဝင်များ နှင့် ထိပ်တိုက်တွေ့ဆုံခြင်းသာ ဖြစ်သည်။ သို့သော် ပြဿနာများ၊ ထိပ်တိုက်တွေ့မှုများမှာ ပြေလည်မ သွားဘဲ ဆက်တိုက် ဖြစ်ပေါ်နေမြဲသာဖြစ်သည်။

နို၀င်ဘာ ၁၄ က ဖြစ်ပွားခဲ့သည့် မိုးကြိုးပြင်တောင်ရွာတွင် ရဲကင်းဆောက်သည့်အတွက် ဒေသခံများက မကျေနပ်ဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၅၀ မှာ ညတွင်းချင်း တရားစွဲဆိုခံခဲ့ရသည်။ လက်ရှိ လက်ပံတောင်းဒေသ၏ ပြဿနာမှာ ဒေသခံများက ဆန္ဒထုတ်ဖော်၊ ရဲတပ်ဖွဲ့များက ဖမ်းဆီးနှင့် အဆိုး ကျော့ သံသရာလည်နေခြင်းဖြစ်ပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းကို တာဝန်ရှိသူများအနေနှင့် အဖြေရှာသင့် ပြီဖြစ်သည်။

Most read this week