DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ

DKBA ထိန်းချုပ်နယ်မြေအတွင်း မူလတန်းအထိသာ ပညာသင်နိုင်ပြီး လိုအပ်ချက်များစွာရှိနေ
by -
မဇ္စျိမ

ကရင်ပြည်နယ်ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်း ပညာရေးမှာ မူလတန်းအထိသာ ပညာသင်နိုင်ပြီး ပညာရေးအတွက် လိုအပ်ချက်များ များစွာရှိနေသေး သည်ဟု ဒုဗိုလ်မှူးကြီး စောအာနိုးက မဇ္စျိမသို့ ပြောကြားခဲ့သည်။

ကျောင်းများတွင် ကျောင်းသားအရေအတွက်နှင့် လုံလောက်စွာသင်ကြားရန် စီစဉ်ပေးမှုများ ပြုလုပ်နေသော် လည်း အစိုးရဘက်မှ လာရောက်သည့် ကျောင်းဆရာ၊ ဆရာမများလုံလောက်စွာ မရှိဘဲ လုပ်အားပေးဆရာ၊ ဆရာမ များနှင့်သာ သင်ကြားနေရ ခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာသင်ရိုးညွှန်းတန်းကို အဓိကထား သင်ယူနေသည်။

လက်ရှိ ပညာရေးအခြေအနေ

မူလတန်းပညာရေးသာအမြင့်ဆုံး ဖြစ်နေသည့် ယင်းဒေသတွင် အလယ်တန်းတက်ရန် လမ်းပန်းဆက်သွယ် ရေး ခက်ခဲမှုကြောင့် လုပ်ငန်းခွင်များသို့သာ ဝင်သွားသည်ဟု ဆုံဆည်းမြိုင်ကျေးရွာ၊ လုပ်အားပေးဆရာဖြစ်သူ ဦးမောင်မောင်က ဆိုသည်။

ယခုနှစ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ပညာရေးကော်မတီ (BMWEC) သည် ပြည်နယ် ပညာရေး ဝန်ကြီးနှင့်တွေ့ဆုံကာ DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ မူလတန်း အောင် ကျောင်းသား များအား မြန်မာပြည်အတွင်း ရှိမည်သည့် ကျောင်းတွင်မဆို အလယ်တန်းပညာရေး ဆက်လက်တက်ရောက်နိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

အလယ်တန်းကျောင်းဝင်ခွင့် လက်မှတ်များနှင့် ပတ်သက်၍ဆရာမဒေါ်ခိုင်က ''ဒီနယ်မြေထဲကကလေးတွေ အဆင်ပြေသွားတာပေါ့။ DKBA ကတော့ စာအုပ်တို့ ခဲတံတို့၊ သူတို့က ဒီလောက်ပဲထောက်ပံ့ပေးနိုင်တယ်'' ဟု ဆိုသည်။

ဆုံဆည်းမြိုင်ကျေးရွာတွင် ကိုးနှစ်ခန့်စာသင်နေသည့် လုပ်အားပေးဆရာမ မခိုင်က တိုက်ပွဲများကြားတွင် စာသင်ရသည်မှာ ခက်ခဲကြောင်းပြောပြီး ''အသက်တွေကသာ ကြီးသွားတယ်။ အတန်းက တက်မလာဘူး။ တချို့ ကလေးတွေဆိုရင် ၁၀ နှစ်လောက်မှ သူငယ်တန်း ပြန်တက်ရတယ်'' ဟု ပြောသည်။

စာသင်ကျောင်းများတွင် လုပ်အားပေးစာသင်သည့် ဆရာ၊ ဆရာမများကို ကျေးရွာနယ်မြေမှ ဘတ်၁ယဝဝဝ (မြန်မာငွေ သုံးသောင်း ခန့်)နှင့် ကျေးရွာဥက္ကဋ္ဌမှ ဘတ် ၅ဝဝ (မြန်မာ ငွေကျပ်တစ်သောင်းခွဲခန့်) လစဉ်
ထောက်ပံ့မှုရှိသည်။

ကြားဖြတ်စာပေသင်ကြားမှု

နွေရာသီတွင်းကာလများတွင် ကရင်စာပေယဉ်ကျေးမှုအသင်းနှင့် မြိုင်ကြီးငူ ဆရာတော်တို့မှ ကရင်စာများ
ရေးသားတတ်စေရန် လာရောက်သင်ကြားပေးမှုများရှိပြီး တက်ရောက်သူကျောင်းသားများမှာလည်း ပိုမိုစိတ်ပါဝင်စားမှုရှိသည်ဟု ဒေသခံအများစုက ဆိုသည်။

ဗိုလ်မှူးကြီးစောအာနိုးက ''ကျောင်းပညာရေးအတွက်ကျတော့ အစိုးဘက်ကနေ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေ ကိုလာပြီး စာ သင်တဲ့ ဆရာတွေမရှိဘူး။ ကျောင်းပညာရေးကို ပိုတတ်စေချင်တယ်။ တကယ်လို့ ဒီနယ်မြေဘက်ကို စိတ်ဝင်စားပြီး လာရောက် သင်မယ်ဆိုရင်တော့ ကျွန်တော်တို့ လိုအပ်ရင် လုံခြံုရေးကိုပါ တာဝန်ယူပြီး အကုန် လုပ်ပေးပါမယ်'' ဟု ဆိုသည်။

လေ့လာသူတို့အမြင်

DKBA တပ်တွင်းသို့ တိုင်းရင်းသား သဘောထား နှီးနှောဖလှယ်ပွဲသို့ တက်ရောက်သူ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးစောအေးမြိုင်က ''ကျောင်းတွေလည်း လိုအပ်နေတယ်။ ဆေးခန်းတွေ လည်း လိုအပ်နေတယ်။ အားနည်းနေတာတွေ အများကြီးတွေ့ရတယ်။ နိုင်သလောက်ကူမယ်။ နိုင်ငံတော်ဘက် ကိုလည်း တောင်းဆိုဖို့တွေ ပြင်ဆင်ထားတာရှိတယ်'' ဟု ပြောသည်။

ငြိမ်းချမ်းရေးမရရှိသေးသည့် ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အားနည်းနေသည်နှင့်အမျှ တိုင်းရင်းသား လက်နက်ကိုင်ဒေသများရှိ ပညာရေးစနစ်တွင် တိုင်းရင်းသားဘာသာစကားများ ထည့်သွင်းကာ တိုးတက်မှုကဏ္ဍသို့ လက်တွဲခေါ်ဆောင်သွားရမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦးက
ကောက်ချက်ချသည်။

''အခုဒီဘက်နယ်ထဲကလာတဲ့ ကိုးတန်း ၁ဝ တန်းအပြင်ဖြေတွေကိုလည်း မြဝတီဘက်မှာ လက်ခံပြီးဖြေခိုင်း
နေတာတွေ ရှိနေပါပြီ။ အရင်ကလို အရမ်းကြီးမဆိုးတော့ပါဘူး'' ဟု ဆိုသည်။

တိုင်းရင်းသားဒေသများတွင် ပညာရေးသင်ကြားရန် အခက်အခဲများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် တိုင်းရင်းသားဘာသာ များသင်ကြားရန်လည်း လွှတ်တော်တွင်းသို့ တင်ရန်တိုင်းရင်းသားများသဘောတူညီမှု ရရှိထားပြီး တိုင်းရင်းသား ဘာသာစကားများ၂ဝ၁၄ ခုနှစ်တွင် သင်ရိုးညွှန်းတန်းများထဲသို့ ရောက်လာနိုင်သည်ဟု ဦးသန်းဦးက ဆိုသည်။

DKBA တပ်မှ ကျောင်းအဆောက်အအုံသစ်များလည်း ဆက်လက်ဆောက်လုပ်သွားရန် ပြင်ဆင်မှုများ
ပြုလုပ်လျက်ရှိပြီး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားရန်လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်း ကောင်း၊ ဆွေးနွေးမှုများ ပြုလုပ်၍သော်လည်းကောင်း ပညာရေးအဆင့်မြင့်သွားရန် ဆောင်ရွက်နေသည်ဟုလည်း DKBA အရာရှိများ က ပြောသည်။

Most read this week