ထိုင်းနိုင်ငံသည် ပင်လယ်ရေထွက် လုပ်ငန်းမှ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကမ္ဘာ့နိုင်ငံများထဲတွင် အဓိကတင်ပို့ရောင်းချသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ ထိုလုပ်ငန်းသည် ထိုင်းနိုင်ငံအတွက် အကျိုးများသော လုပ်ငန်းဖြစ်သည်။
အထူးသဖြင့် ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသောလုပ်ငန်းဖြစ်သည်။ ထိုငါးဖမ်း လုပ်ငန်း၏ နောက်ကွယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပုန်းလျှိုးကွယ်လျှိုး ကျူးလွန်ပေါ်ပေါက်လျက် ရှိနေသည်။ ထိုငါးဖမ်းလုပ်ငန်း ကပင် ထိုင်းနိုင်ငံ၏ အမျိုးသားစီးပွားရေးအတွက် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့် ငွေပိုငွေလျှံ ရရှိနေသည်။
ထိုလုပ်ငန်း၏ ဆက်နွယ်နေသည့် အချက်များမှာ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းရသည့် လုပ်ငန်းသည် အသက် အန္တရာယ်များသည့်အတွက် အလုပ်သမား ပြတ်လပ်မှု၊ အလုပ်သမားရှားပါးမှုတို့ ကြံုရသည်။ သို့သော် အိမ်နီးချင်း
နိုင်ငံများမှ ဘဝရပ်တည်ရန် ခက်ခဲသောရွှေ့ပြောင်း အလုပ်သမားများအတွက် ရမိရရာ အလုပ်လုပ် ရမည်ဖြစ်ရာ ထိုလုပ်ငန်းသည် ယင်းတို့အတွက် ဆွဲဆောင်မှုလုပ်ငန်း ဖြစ်နေပြန်သည်။
ထိုသို့ အလုပ်လုပ်ရန် ဆာလောင်နေသူများ၊ ဝင်ငွေရရန် တွယ်မိတွယ်ရာ အလုပ်ကို လုပ်လိုသူများအပေါ် လူပွဲစားများ လူကုန်ကူးသူများ ဝိသမ လောဘသမားများအတွက် အမြတ်ထုတ်ရန် အခွင့်လမ်းတခု ဖြစ်နေပြန်သည်။ အမြတ်ထုတ် လူသူများအတွက် ထိုအလုပ်လုပ်လိုသူ ရွှေ့ပြောင်းအလုပ်သမားများသည် အလွယ်တကူ လူကုန်ကူးခံရမည့် သားကောင်အဖြစ် ကျရောက်ရန် လွယ်ကူနေပေသည်။
အထူးသဖြင့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အမျိုးသားများသည် ထိုင်းငါးဖမ်းလှေများပေါ်တွင် လူကုန်ကူး ခံနေကြရသည်။ သက်ဆိုင်ရာ နိုင်ငံများ၏ အစိုးရများ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကြားတွင် စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်မှု ပိုများလာနေသည်။
ထိုလုပ်ငန်းမှ လူကုန်ကူးခံနေရမှု သတင်းအချက်အလက်များ မရရှိခြင်းနှင့် ဘာသာစကားကန့်သတ်ချက်ရှိခြင်း တို့က ရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးခံရမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု အန္တရာယ် ကျရောက်စေခဲ့ကြသည်။
ံ
Human Rights Watch (လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား ၂၅၀,၀၀၀ ဦး ခန့်သည် ပင်လယ်ပြင်ငါးဖမ်းထွက် ထိုင်းလှေများပေါ်တွင် အလုပ်လုပ်နေကြ သူများနှင့် ပင်လယ်စာထုပ်ပိုး အစာသွတ် စက်ရုံ၊ ပုဇွန်ခွါစက်ရုံတို့တွင် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။
ထိုမြန်မာအလုပ်သမား အများစုသည် လူကုန်ကူးခံနေရသူများ(သို့) လုပ်အားခေါင်းပုံဖြတ် ခံနေရသူများ ဖြစ်ကြသည်။ ထိုလုပ်ငန်းများအားလုံးသည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများအတွက် ထိုအန္တရယ်သို့ ကျရောက်နိုင်သည့် အခြေအနေတွင် ရှိကြသည်။
ထိုင်းနိုင်ငံ တောင်ပိုင်း စမုတ်စခွန်ခရိုင်ရှိ ပင်လယ်အစားအစာ သွတ်စက်ရုံများတွင် အလုပ်လုပ်နေကြရသော
ရွှေ့ပြောင်း မြန်မာအလုပ်သမားများ၏ ၅၇ ရာခိုင်နှုန်းသည် လုပ်အား အမြတ်ထုတ်ခံနေရသည်ကို စစ်တမ်း ထုတ် သည့်စာတမ်း တစောင်ကဆိုပါသည်။
မြန်မာနှင့် ကမ္ဘောဒီးယားမှ အလုပ်သမားများသည် ထိုင်းငါးဖမ်းလုပ်ငန်းများ၌ အချို့မှာ အဓမ္မအလုပ်သမား စုဆောင်းခြင်းခံရမှုများ၊ ခရီးသွား စာရွက်၊စာတမ်း အထောက်အထားအတုများဖြင့် ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်း အပါအဝင် လုပ်အားခေါင်းပုံဖြတ်ခံရမှုများ ပျံ့နှံ့ဖြစ်ပွားနေသည်ကို ၂ဝ၁၁ ခုနှစ် မေလက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းတခု၏ သုတေသန စာတမ်းတခုက ဖော်ပြထားသည်။
ထိုအလုပ်သမားများကို အရှေ့တောင်အာရှမှတဆင့် အခြားနိုင်ငံတကာ ရေပိုင်နက်သို့ ခေါ်ဆောင်သွားကာ နှစ်ပေါင်း များစွာ လုပ်ခမပေးဘဲ ပင်လယ်ရေနက်ပိုင်းမှာ အလုပ်စေခိုင်းလျက်ရှိနေသည်ကိုလည်း အသေးစိတ် ဖေါ်ပြထားသည်။ အလုပ်ချိန်မှာလည်း တနေ့ ၁၈ နာရီမှ ၂ဝနာရီထိ အလုပ်လုပ်ကြသည်ဟုလည်း တင်ပြထားသည်။
အလုပ်ခွင်တွင် ခြိမ်းခြောက်ခံရခြင်းနှင့် ရိုက်နှက်ခံရမှုများလည်း တွေ့ကြံုကြသည်ကို မျက်မြင်သက်သေ ထွက်ဆိုချက် များအရ ဖေါ်ပြထားသေးသည်။
ထိုင်းငါးဖမ်းလှေများတွင် လူကုန်ကူးခံနေရမှုများ ပျံ့နှံ့နေသော်လည်း စုံစမ်းစစ်ဆေးမှု သိသိသာသာ အားထုတ် ဆောင်ရွက်ခြင်း မရှိပေ။ ၂ဝ၁၁ခုနှစ်အတွင်း ထိုင်းငါးဖမ်းလှေ အမှု ၃မှုသာ ဖေါ်ထုတ်မှုရှိခဲ့သည်။၂ဝ၁ဝ ခုနှစ်က နှစ်မှုသာေ ဖါ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုမျိုး တရားစွဲဆိုခြင်းမျိုး မလုပ်ခဲ့ချေ။ ထိုလုပ်ငန်းများတွင် ကုန်ကူးခံရသူများအဖြစ် ခွဲခြားစိစစ်မှုကြိုပမ်းအားထုတ်မှုမျိုး မရှိ။ ရှေ့တန်းကျ လူကုန်ကူးမှု တိုက်ဖျက်နေကြသည့် အရာထမ်းနှင့် အရာရှိများကို ခွဲခြားစိစစ်မှုသင်တန်းများ လုံလောက်လေ့ကျင့်သင်တန်းပေးခြင်းမျိုးမရှိ။
၂ဝ၁၁ ခုနှစ် အတွင်း ထိုင်းငါးဖမ်းလှေအချို့ကို ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်မှီ စစ်ဆေးမှုမျိုးပြုလုပ်ခဲ့သော် လည်း လုပ်အားအမြတ်ထုတ်မည့် သံသယဖြစ်မှုများကို ကာကွယ်တားဆီးနိုင်ခြင်း မရှိခဲ့။ ထိုင်းပင်လယ်ကမ်း ခြေ ပြင်ပမှာ ရောက်နေသည့် ထိုင်းငါးဖမ်းလှေများကို အကြိမ် ၁၀၀၀ ကျော် မက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို စိစစ်တွေ့ရှိသော်လည်း လူကုန်ကူးခံရသူမျာအား ခွဲခြားစိစစ်မှု ပြုလုပ်နိုင်ခဲ့ခြင်း မရှိ။ သံသယဖြစ်သည့် လူကုန်ကူးမှုများကိုပင် ခွဲခြားစိစစ်ပေးနိုင်ခြင်းမရှိ။ ၂ဝ၁၂ ခုနှစ် ဧပြီလတွင်းက ဆောင်ခလာခရို၊ ကန်ချရာပူရီခရိုင်နှင့် ထိုင်းနိုင်ငံ အခြားနယ်မြေများရှိ အစားသွတ်လုပ် ငန်း စက်ရုံ များ၌ မြန်မာနှင့် ကမ္ဘောဒီးယား အလုပ်သမားများသည် ၄င်းတို့၏ နိုင်ငံကူး လက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထားခြင်း၊ လုပ်ခများကို စက်ရုံပိုင်ရှင်များနှင့် လူပွဲစားများက ထိန်းထားခြင်း၊ လုံခြံုမှုမရှိ သည့် နေရာချထား ခံရခြင်းနှင့် ပြည်နှင်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြသည်။
ထိုအမှုများကို ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သော်လည်း တာဝန်ရှိသူများကို တရားစွဲဆိုခြင်းနှင့် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခြင်းတို့မရှိခဲ့။ ပင်လယ်ရေနက်ပိုင်းတွင် ငါးဖမ်းသည့် လုပ်ငန်းမှ ထွက်ပြေး လွတ်မြောက်လာသူများ၏ သက်သေထွက်ဆိုချက် ပေးမှုများကြောင့် ပင်လယ်ပြင်အတွင်း လူကုန်ကူးခံနေရမှု အထောက်အထားများ များပြား လာနေသည်။ ထိုငါးဖမ်းလှေများပေါ်တွင် လူကုန်ကူးခံနေရသူများသည် တနှစ်(သို့) နှစ်ပေါင်းများစွာ တောင်တရုတ် ပင်လယ်ပြင်(သို့) အိန္ဒိယပင်လယ် (သို့) ထိုင်းနိုင်ငံ ပင်လယ်ပြင် နယ်နမိတ်ပြင်ပများတွင် အလုပ်လုပ်နေကြရသည်ကို ထင်ထင်ရှားရှား သိရှိလာကြရသည်။
ထိုငါးဖမ်းလှေများသည် ဖမ်းဆီးမိသည့် ငါးများကိုဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခြင်းမရှိ၊ ဆိပ်ကမ်းပြန်ကပ် လေ့ရှိသည့် ငါးဖမ်းလှေမှာ အလွန်ရှားပါးလှသည်။ သို့ကြောင့် ထိုင်းရေပြင်အာဏာပိုင်များအဖို့စစ်ဆေးနိုင်ခြင်း မရှိ။
လွန်ခဲ့သည့် နှစ်များကပင် ထိုင်းပြည်တွင်းနှင့် ပြည်ပမီဒီယာအမျိုးမျိုးတို့မှ ထိုင်းငါးဖမ်းလှေပေါ်မှ လူကုန်ကူးခံ နေရမှု ဖြစ်ရပ်များကို အသိပညာပေးမှုများ များလာသည့်အတွက် ထိုင်းရေထွက်ပစ္စည်းများကို တင်သွင်းနေ သည့် ဥရောပ၊ အမေရိကန်၊ အခြားဒေသမှ နိုင်ငံတော်တော်များက ပင်ထိုပယ်လယ်ပြင်မှ ထိုင်းငါးဖမ်းလှေများ ပေါ်မှ လူကုန်ကူးမှု များကို စိတ်ဝင်စားမှု စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။
ထိုလူကုန်ကူးမှု အမျိုးအစားပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ထိုင်းငါးဖမ်းလုပ်ငန်း၊ အစိုးရ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမီဒီယာများစသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးတွင်ပါဝင်ကြ သည့် တာဝန်ရှိသူ တိုင်း ပါဝင်ပူးပေါင်း ဆောင်ရွက်ရေးသည် မလုပ်မဖြစ်လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ သို့မှသာ ထိုင်းငါးဖမ်းလှေ တွင် အလုပ်လုပ်နေကြသည့် အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများပင်လယ်ပြင် တွင်လုံခြံုမှု အပြည့်အဝရရေး၊ အန္တရာယ်ကင်းသည့် လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်ရေးတို့ အကောင်အထည် ဖေါ်နိုင်မည်ဖြစ်သည်။
သို့မှသာ အခြေခံ လူအခွင့်အရေးများနှင့် လူ့သိက္ခာကို လေးစားလိုက်နာရာ ရောက်မည် ဖြစ်သည်။