elephantဘန်တောင်ယန် ဒုက္ခသည်စခန်းရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀ ခန့်မှာ ရှိတဲ့ ဘန့်မိုင် ပထနာရွာဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က မြန်မာနိုင်ငံက ကရင် တိုင်းရင်းသားတွေ လာရောက် အခြေချခဲ့တဲ့ ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။
အိမ်ခြေ ၂၀၀ လောက်သာ ရှိတဲ့ အဲဒီရွာဟာ အဲဒီနယ်တဝိုက်မှာ ဆင်အများဆုံး မွေးထားတဲ့ရွာ ဖြစ်ပြီး ဆင်ထိန်းရွာ လို့လည်း လူသိများပါတယ်။
ဆင်မွေးမြူခြင်းနဲ့ ကွပ်ကဲ ထိန်းသိမ်းခြင်း အတတ်ကို ကရင်တိုင်းရင်းသားများက ပိုင်နိုင်ကျွမ်းကျင်ကြပါ တယ်။
ရှေးဧကရာဇ်မင်းများ လက်ထက်ကတည်းက ဆင်ထိန်း၊ ဆင်ဦးစီး ရာထူးမှာ ကရင်တိုင်းရင်းသားတွေကို ခန့်အပ်လာခဲ့တာ ရာဇဝင်တွေမှာ တွေ့နိုင်ပါတယ်။
ဆင်တွေကို မိမိတို့ရဲ့ ကျေးဇူးရှင်လို့ မှတ်ယူပြီး နှစ်စဉ် သင်္ကြန်ကာလမှာ ကျေးဇူးဆပ်တဲ့ အနေနဲ့ အစာကျွေးခြင်း၊ အန္တရာယ်ကင်း ပရိတ်ချည်တွေကို ချည်နှောင်ပေးခြင်းနဲ့ ပရိတ်ရေတွေကို ပက်ဖျန်းပေးခြင်း စတဲ့ ပွဲတော်တွေကို ကျင်းပပေးခဲ့ကြပါတယ်။
ဒီအစဉ်အလာကို ဘန့်မိုင်ရွာက ကရင်တိုင်းရင်းသားတွေ ထိန်းသိမ်းထားပါသေးတယ်။
ဒီနှစ်တော့ ဆင်ပွဲတော်ဟာ မေလမှာ ကျပါတယ်။ ဘန့်မိုင်ရွာ ဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်ကြီးမှာ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။ ကွင်းတဖက်စွန်းမှာတော့ ဆင်တရပ်လောက် မြင့်တဲ့ သံဃာစင် ရှိပါတယ်။ ကွင်းပြင် အလယ်မှာတော့ ဆင်နှစ်ရပ်လောက် မြင့်ပြီး အဆင့် ကိုးဆင့်ပါ စေတီပုံ ဆောက်ထားတဲ့ သစ်သီးဝလံပုံကြီးကတော့ လူသားတွေရဲ့ မိတ်ဆွေနဲ့ ကျေးဇူးရှင် ဖြစ်တဲ့ ဆင်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွေးမွေးဖို့ပဲ ဖြစ်ပါတယ်။
“သင်္ကြန်မှာဆို ကိုယ့်ရဲ့ကျေးဇူးရှင် မိဘလူကြီးတွေကို ကန်တော့တယ်။ ခေါင်းလျှော်ပေးတယ်။ ဒီလိုပါပဲ ကျနော်တို့ရဲ့ ကျေးဇူးရှင် ဆင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ အစားကျွေးတဲ့ ပွဲတော်ကို ကျနော်တို့ ကရင်လူမျိုးတွေက ကျင်းပလာခဲ့တာ ပါ” လို့ ဆင်ပွဲတော် ကျင်းပရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“ဆင်ပွဲတော်” လို့ ထင်ရှားတဲ့ ဆင်များကို ကျေးဇူးဆပ်တဲ့ ပွဲတော်ဟာ ရှေးယခင် ဧကရာဇ်မင်းများ လက်ထက် ကတည်းက ရိုးရာ အစဉ်အလာတခု အဖြစ် ကျင်းပလာခဲ့တဲ့ ပွဲတော် ဖြစ်ပြီး၊ ဆင်များ ရှားပါးလာတဲ့ ခုလိုကာလမှာ အသစ်အဆန်း ပွဲတော်တခု ဖြစ်နေပါပြီ။
ဆင်ဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ သတ္တဝါ ဖြစ်ပြီး၊ ရတနာတပါးအနေနဲ့ ယုံကြည်ကြသလို စစ်မက်ပြိုင်ရာမှာလည်း ရှေးဘုရင်တွေဟာ ဆင်ကို စစ်အင်အားတခုအနေနဲ့ အသုံးပြုကြပါတယ်။ စစ်မြေပြင် မထွက်မီနဲ့ စစ်မြေပြင်က ပြန်လာတဲ့အခါတွေမှာ ကောင်းကောင်းမွန်မွန် ပြုစု ကျွေးမွေး စောင့်ရှောက်ကာ ပွဲတော် ကျင်းပပေးလေ့ ရှိပါတယ်။
မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဆင်ဖြူရှင်၊ ငါးစီးရှင်ကျော်စွာ စတဲ့ ဘုရင်တွေဟာ မိမိပိုင်တဲ့ ဆင်ဖြူကို အကြောင်းပြုပြီး ဂုဏ်ယူဖွယ်တရပ်အနေနဲ့ မိမိဘွဲ့တော်ကို မှည့်ခေါ်တတ်ကြပါသေးတယ်။
မင်းတွေရဲ့ စစ်သုံးအင်္ဂါ ဖြစ်တဲ့အတွက်လည်း ရဟန်းတော်များ မစားအပ်တဲ့ အသား ၁၀ မျိုးထဲမှာ ဆင်သားကို ဗုဒ္ဓဘုရားရှင်က ထည့်သွင်းဟောကြားခဲ့ပါတယ်။
ကုန်းနေ နို့တိုက်သတ္တဝါတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ ဆင်တွေကို သစ်ဆွဲခြင်း စတဲ့ လူနဲ့ စက်ကိရိယာတွေ ဝင်ထွက် သွားလာဖို့ ခက်ခဲတဲ့ နေရာတွေမှာ အားကိုးကြပြီး တန်ဖိုး မဖြတ်နိုင်တဲ့ ကာယလုပ်သားကောင်း အဖြစ် အသိအမှတ် ပြုကြပါတယ်။
ဒါပေမယ့် ကျား၊ ကြံ့ စတဲ့ သတ္တဝါတွေလိုပဲ တောရိုင်းဆင်တွေကို အစွယ်လိုသူတွေရဲ့ အတ္တလောဘ တွေကြောင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်တွေနဲ့ ကြုံတွေ့နေကြပါပြီ။
ဘန့်မိုင်ရဲ့ မြင်ကွင်းကတော့ ဆင်သတ်သမားတွေနဲ့ ဖီလာဆန့်ကျင်။ ကရင်တိုင်းရင်းသားတွေကတော့ ဆင်ကို ကြင်နာမှု အပြည့်၊ မိတ်ဆွေ ကျေးဇူးရှင်လို့ အသိအမှတ်ပြုတဲ့ သဘောထားအပြည့်။
ရွာလယ်ကနေ ကန်တော့ပွဲကိုယ်စီ ရွက်လာကြတဲ့ ကရင်လုံမေများနဲ့ အိုးစည် ဗုံမောင်းအဖွဲ့ရဲ့ နောက်မှာတော့ ဆင်ဦးစီးတွေဟာ ဆင်ကို ချွန်းဖွင့်ပြီး သံဃာစင်ဘက်ကို ဦးတည်လာပါတယ်။ ဆင်ဦးကင်း ထက်မှာတော့ တံခွန်၊ ကုက္ကားတွေ ပါတဲ့ ကန်တော့ပွဲတွေနဲ့။ သူတို့ရဲ့ မျက်နှာမှာတော့ ပျော်ရွှင်မှု အပြည့်။
ဆင်တွေ သေဆုံးသွားတာ၊ သစ်တောပြုန်းတီးလို့ သစ်ထုတ်လုပ်ငန်း ရှားပါးလာတာနဲ့ ဆင်တွေအတွက် အစာရေစာ ရှားပါးလာလို့ ဆင်ကို ထုတ်ရောင်းလိုက်တာကြောင့် အရင်က ဆင်အကောင် ၃၀ ကျော်ရှိတဲ့ ဘန့်မိုင်ရွာမှာ ၁၄ ကောင်လောက်ပဲ ကျန်ပါတော့တယ်။ ဒါတောင်မှ ၈ ကောင်က ခရီးလွန်နေလို့ ၆ ကောင်ပဲ ပွဲတော်ကို တက်ရောက်နိုင်ပါတယ်။ ခါတိုင်း နှစ်တွေမှာတော့ ဆင် ၁၀ ကောင်လောက်ဟာ ပွဲတော်ကို တက်ရောက်စမြဲပါ။
“ကျမတို့ ရောက်စကဆို ဒီရွာမှာ ဆင် အကောင် ၄၀ လောက် ရှိမယ်။ ဟိုဘက်အိမ်ကဆို တနှစ်ထဲ ဆင် ၄ ကောင် သေသွားတယ်။ ဒီလိုပဲ တခြားအိမ်ကလည်း သေသွားတာ အများကြီး။ တချို့ဆင်တွေကလည်း သစ်ဆွဲဖို့ မြန်မာပြည်ဘက်ကို ရောက်နေတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ဆင်နည်းတယ်” ဟု ဘန့်မိုင်ရွာကို အနှစ်နှစ်ဆယ်နီးပါး အခြေချလာတဲ့ ကရင်အမျိုးသမီး နော်အေးစန္ဒာက ပြောပါတယ်။
သံဃာစင်ရှေ့ ရောက်တဲ့အခါမှာတော့ ဆင်ဦးစီးက ဆင်ပေါ်ကနေ သံဃာတော်များအား ကန်တော့ပွဲ ကပ်လှူပြီး သံဃာတော်များက ဆင်ဦးကင်းကို ပရိတ်ရေနဲ့ ပက်ဖျန်းပေးပါတယ်။ သံဃာစင်နဲ့ ခပ်လှမ်းလှမ်း ရောက်တဲ့အခါ ဆင်ဦးစီးတွေက ချွန်းအုပ်လိုက်တဲ့အတွက် ဆင်တွေဟာ ရပ်ပြီး ဝပ်လိုက်ကြပါတယ်။ ပရိသတ်တွေက ဆင်လက်မှာ အန္တရာယ်ကင်း ပရိတ်ချည်တွေကို ချည်နှောင်ပေးကြပါတယ်။
နောက်မှာတော့ ဆင်ဦးစီးဟာ ဆင်တွေကို ကြံနဲ့ တံတိုင်းခံကာ စေတီပုံ ဆောက်ထားတဲ့ သစ်သီးပုံဘက်ကို ဦးတည်ပြီး ချွန်းဖွင့်ကာ ဆင်တွေကို အလျှံပယ် ကျွေးမွေးပါတော့တယ်။
ခေတ်က ပြောင်းလဲလာသလို “ဆင်ပွဲတော်” ကလည်း ဆန်းသစ်လာခဲ့ပြီ။
အရင်က နှစ်သစ်ကူး ဧပြီလအတွင်းမှာ ဒီပွဲတော်ကို ကျင်းပလာရာကနေ သင်္ကြန်ပွဲတော်နဲ့ တိုက်ဆိုင်နေတဲ့ အတွက်မေလနဲ့ ဇွန်လကို ရွှေ့ဆိုင်းလိုက်ကြပါတယ်။ ဒါပေမယ့် လာမယ့်နှစ်က စပြီး ပွဲတော်ရက်ကို အသေအချာ သတ်မှတ်ပြီး ကျင်းပတော့မယ်လို့ ဘန့်မိုင်ရွာ အုပ်ချုပ်ရေးမှူး ဖိုးချွေ့ခေါင်က ပြောပါတယ်။
အရက ကြံတမျိုးတည်းကိုသာ အဓိကထား ကျွေးမွေးလာခဲ့ရာကနေ ယခုမှာတော့ ကြံ ရှားပါးလာတဲ့အတွက် သစ်သီးဝလံတွေနဲ့ ရောနှောပြီး ကျွေးမွေးလာရပါတော့တယ်။
“အရင်ကဆို စေတီပုံ ဆောက်ရင် ကြံတမျိုးတည်းကိုပဲ သုံးတယ်။ အခုက စေတီပုံ ဆောက်တဲ့ နေရာမှာလည်း ကြံ ရှာမရလို့ ဝါးတွေ ငှက်ပျောပင်တွေက ရောလာတယ်” ဟု ဖိုးချွေ့ခေါင်က ပြောပါတယ်။
ဒီပွဲတော်ကို ဘယ်အရပ်ဒေသက ဆင်တွေမဆို ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။ ဒါပေမယ့် တခါမှလည်း တခြားအရပ်က ဆင်တွေ မရောက်လာကြပါဘူး။ အကြောင်းကတော့ မြန်မာနိုင်ငံဘက်က ဆင်တွေ လာခဲ့ရင်တောင် ဆင်တွေကို ကျန်းမာရေးအတွက် ဆေးစစ်ခြင်းနဲ့ ပွဲတော်ပြီးပါက ပြီးပြီးချင်း ထိုင်းနိုင်ငံကနေ ပြန်ပြီး ထွက်ခွာပေးရမှာမို့ ဖြစ်ပါတယ်။
ဘန့်မိုင် ပထနာရွာမှာ ဆင်ပွဲတော် ကျင်းပလာခဲ့တဲ့ ၉ နှစ်အတွင်းမှာ ထိုင်း အာဏာပိုင်တွေရဲ့ ပိတ်ပင်မှုကြောင့် ရ ကြိမ်သာ ကျင်းပနိုင်ခဲ့တယ်လို့ ဖိုးချွေ့ခေါင်က ပြောပါတယ်။
သူက ကရင်လူမျိုး မဟုတ်။ ထိုင်းနိုင်ငံက လောရှမ်း။ ကရင်သူနဲ့ အိမ်ထောင်ကျပြီး ဒီရွာမှာ အခြေချလာသူ။ ဆင် အကြောင်းကို နှံ့နှံ့စပ်စပ် သိထားသူ။ ခွဲခြားခြင်း မရှိဘဲ ရွာသားအားလုံးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံတတ်တာကြောင့် လည်း နှစ်အတန်ကြာ ရွာအကြီးအကဲအဖြစ် တင်မြှောက်ခံထားရသူပါ။
“အရင်ကဆို ကရင်လူမျိုးတွေ တော်တော် အနှိမ်ခံရတယ်။ ဒါ့ကြောင့်လည်း ဆင်ပွဲ ၂ နှစ် အပိတ်ခံလိုက်ရတယ်။ ခုနောက်ပိုင်းမှ အစိုးရက ပြန်လုပ်ခွင့် ပေးတယ်” ဟု သူက ရှင်းပြပါတယ်။
မည်သို့ပင်ဆိုစေ မေတ္တာတရားတွေနဲ့ ထုံမွှမ်းပြီး၊ ကျေးဇူးတရား သိတတ်တဲ့ ကရင် တိုင်းရင်းသားတွေရဲ့ မဆုတ်မနစ်တဲ့ လုံ့လကြောင့် ကျေးဇူးရှင် ဆင်များကို ခမ်းနားတဲ့ ပွဲတော်နဲ့ ကျေးဇူးဆပ်ခွင့် ရခဲ့ပါပြီ။
ပါဠိတော်အရ “ကတညုတ - သူ့ကျေးဇူးကို သိတတ်ခြင်း၊ ကတဝေဒီ - ကျေးဇူးဆပ်ခြင်း” တို့ဟာ လူသားတိုင်းရဲ့ နှလုံးသားမှာ ကိန်းအောင်းနေရမယ့် ဂုဏ်ရည်များပဲ ဖြစ်ပါတယ်။
အိမ်မွေး တိရစ္ဆာန်များ ဖြစ်ကြတဲ့ ခွေး၊ ကြောင် စသည်တို့သည်ပင်လျှင် မိမိအား ကျွေးမွေး စောင့်ရှောက်ထားသည့် သခင်၏ ကျေးဇူးကို သိတတ်ကြကြောင်းကို မကြာခဏ ဖတ်ခဲ့ကြရပါလိမ့်မည်။
သို့ဆိုလျှင် သတ္တဝါအားလုံးတွင် အသိဉာဏ် အမြင့်မားဆုံး ဖြစ်တဲ့ လူသားများအဖို့ “ကျေးဇူးသိတတ်ခြင်းနှင့် ကျေးဇူးဆပ်ခြင်း” ဆိုသည့် “ကတညုတ ကတဝေဒီ” ဆိုသည်မှာ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။
ဤပွဲတော်ကို “ဆင်ပွဲတော်” ဟုလည်း သမုတ်နိုင်ပါသည်။ သို့မဟုတ် ကျေးဇူးတရားကို သိတတ်ခြင်း၊ ကျေးဇူးတုံ့ခြင်း ဆိုသည့် “ကတညုတ ကတဝေဒီ” ဟုလည်း ဆိုနိုင်ပါကြောင်း။