မြန်မာအစိုးရအား ၆၃ နှစ်ကြာ လက်နက်တော် လှန်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး KNU က ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုက်သည့် အပေါ် ပြည်တွင်း ကရင်နိုင်ငံရေးသမားများက ကြိုဆို လိုက်ကြသည်။
နှစ်ဘက်အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် ဝမ်းသာကြောင်းနှင့် ကရင်ပြည်နယ် အေးချမ်းစေရန်အတွက် ဆက်လက် ဆွေးနွေးမှုများ အဆင်ပြေပါစေလိုကြောင်း NLD ပါတီမှ ဘားအံ့မြို့နယ် ၁၉၉ဝ ပြည်သူ့လွတ်တော် အမတ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
“အန်တီတို့က ဝမ်းသာတာပေါ့။ ရင်တောင်တုန်တယ်။ အခုက အစဘဲရှိသေးတော့ နောက်ပိုင်းတွေလည်း အဆင်ပြေပါစေ။ ရင်ထဲမှာ ကရင်ပြည်နယ်ကို အေးအေးချမ်းချမ်း မြင်ချင်ပါတယ်။ သူတို့လည်း မြင်ချင်မှာပဲ။ ၆၃ နှစ် တိုက်နေတာ ခုလိုဆွေးနွေးလိုက်တော့ နာရီပိုင်းနဲ့ ပြီးတာပဲ။ အကုန်လုံးက ဒီထက်ပိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ စွာနဲ့ပဲ မျော်လင့်နေကြတယ်။ ပျော်လည်း ပျော်ပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
အစိုးရကိုယ်စားလှယ်များနှင့် KNU ကိုယ်စားလှယ်များ နှစ်ဘက်အကြား အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခွင့်ပေးရေး၊ လက်နက်မပါဘဲ နှစ်ဖက် သွားလာခွင့်ပေးရေးများ အပါအဝင် ပြည်နယ်အဆင့် အချက် ၄ ချက် ကို ကြာသာပတေးနေ့က သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် ၁၁ ချက်ကိုလည်း မူအရ သဘောတူကြကြောင်း သိရသဖြင့် စစ်မှန်သည့် အပစ်အခတ် ရပ်စဲရေးဖြစ်ရန် လိုအပ်သည်ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ ဘားအံ့မြို့နယ် ၂ဝ၁ဝ ပြည်သူ့လွတ်တော် အမတ် ဒေါ်စောဆေးဝါးက ပြောသည်။
“ကရင်ပြည်နယ်အေးချမ်းဖို့ အဆင်ပြေသွားပြီလို့ပဲ ယူဆရမှာပေါ့နော်။ အားလုံးက ဝမ်းသာတာပေါ့။ အဲဒီငြိမ်းချမ်းရေးဟာ တကယ့် လက်တွေ့မှာ အမှန်တကယ် ငြိမ်းချမ်းရေးဖြစ်ဖို့ လိုတယ်။ အပစ်အခတ် ရပ်ဆိုင်းရေး လုပ်တယ်ဆိုရင် စာထဲမှာပဲ ရှိပြီး အပြင်မှာ တကယ်မလုပ်ဘူးဆိုရင် မကောင်းဘူးပေါ့နော်။ ပြည်သူတွေက နှစ်ပေါင်းများစွာ မျှော်လင့်လာခဲ့တာလေ။ ကျမတို့ ပြည်သူတွေ အားလုံး အတိုုင်းမသိ ဝမ်းသာတာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။
နဝတ၊ နဖအ အစိုးရခေတ် အဆက်ဆက်တွင် KNU က တရားဝင် အပစ်အခတ် ရပ်စဲရေး မလုပ်ခဲ့သဖြင့် ယနေ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီလိုက်မှုကို အစိုးရအနေဖြင့် လက်တွေ့အသေးစိတ် အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောသည်။
“ဒီနေ့ဖြစ်တဲ့ ကရင်စေ့စပ် ဆွေးနွေးရေးဟာ တဖက်က ဝမ်းသာစရာ ဆိုသော်ငြားလည်း နောက်ဆက်ပြီး လုပ်လာ မယ့် အခြေအနေပေါ်မှာ အများကြီး မူတည်တယ်။ ဒီလောက်နဲ့ ရပ်နေမယ်ဆိုရင်တော့ မခိုင်လောက်ဘူး။ အပစ်အခတ် ရပ်ဆိုင်းရုံတော့ ဝမ်းသာစရာ မဟုတ်ဘူး။ အစပြုချက်ကတော့ မှန်တာပေါ့။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ ရှင်းလင်းတဲ့ သဘောထား၊ နှစ်ဖက် စလုံးမှာ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်။ အပစ်အခတ် ရပ်စဲရုံနဲ့ မပြီးပါဘူး။ ကရင်ပြည်နယ်အတွက် ဝမ်းသာ ဝမ်းနည်းဖြစ်ခဲ့တဲ့ အချိန်ပေါင်းလည်း မနည်းတော့ဘူး”ဟု သူက မဇ္စျိမကို
ပြောသည်။
KNU ဘက်မှ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်ဆိုင်းရေးနှင့် တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန်တို့ အပါအဝင် တောင်းဆိုသည့်အချက် ၁၁ ချက်ကို အစိုးရ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းတို့က မူအားဖြင့် သဘောတူခဲ့သည်ဟု သိရသည်။
KNU မှ ဗိုလ်ချုပ် စောမူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် ၁၉ ဦးနှင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော လူဝန်မှုဝန်ကြီး ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ ပါဝင်သည့် အစိုးရ ကိုယ်စားလှယ်များ ဘားအံ့မြို့ ဇွဲကပင် ဟိုတယ်တွင် ဆွေးနွေးကြရာ စေ့စပ်အကျိုးဆောင် ကိုယ်စားလှယ်များအဖြစ် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့က ဆောင်ရွက်ခဲ့ကြသည်။