ပါတီစုံ နိုင်ငံရေးစနစ်တွင် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့ပါတီမှ နိုင်ငံတော်အား ဦးဆောင်ခွင့် ရမည် ဆိုပါက မည်သည့်ပုံစံ၊ မည်သူတို့ဖြင့် မည်ကဲ့သို့သော ပေါ်လစီများ၊ ဥပဒေများ ရေးဆွဲပြဋ္ဌာန်း အုပ်ချုပ်မည် ဆိုသည်ကို ပြည်သူလူထုသို့ချပြရသည်။
ပါတီစုံ နိုင်ငံရေးစနစ်တွင် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့ပါတီမှ နိုင်ငံတော်အား ဦးဆောင်ခွင့် ရမည် ဆိုပါက မည်သည့်ပုံစံ၊ မည်သူတို့ဖြင့် မည်ကဲ့သို့သော ပေါ်လစီများ၊ ဥပဒေများ ရေးဆွဲပြဋ္ဌာန်း အုပ်ချုပ်မည် ဆိုသည်ကို ပြည်သူလူထုသို့ချပြရသည်။ ဥပဒေသည် နိုင်ငံ၏ အမြင့်ဆုံး နေရာမှ အခြေပြု၍ထွက်ပေါ်လာ ရခြင်း ဖြစ်သည်။ အချုပ်အချာ အာဏာတွင် ဥပဒေပြုခွင့် အာဏာမှာ အမြင့်ဆုံးဖြစ်သည်။ဥပဒေပြုပိုင် ခွင့်ရှိသော အဖွဲ့အစည်းကို ပြည်သူတို့က ရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့အစည်းကို အချုပ်အချာ အာဏာပိုင်သည်ဟု သတ်မှတ်ကြခြင်းဖြစ်သည်။ ပါလီမန်သည်ဥပဒေများ ကို ပြုနိုင်သည်၊ ပြင်နိုင်သည်၊ ပယ်ဖျက်နိုင်သည်။ ၎င်းမှ ထုတ်ပြန်သည့် ဥပဒေ များဖြင့် တိုင်းပြည်ကို စီမံအုပ်ချုပ်ရ သည်။ ၎င်းဥပဒေများကို အခြားသော မည်သည့် ဌာနကမျှ ပြောင်းလဲ၍ မရပါ။ ပါလီမန်သည် မဲဆန္ဒနယ် အသီးသီးမှ ကိုယ်စားလှယ် အသီးသီးတို့၏လိုလားချက်များ နှင့်ဆန္ဒများ ပေါင်းစပ်သည့် နေရာ ဖြစ်မှသာလျှင် ပြည်သူလူထုသည် မိမိတို့ရွေးချယ်တင်မြှောက်သောကိုယ်စားလှယ် များ မှတဆင့် မိမိတို့၏ ဆန္ဒသဘောထားကို ထုတ်ဖော်ခွင့်ရှိကြမည် ဖြစ်သည်။
လွတ်လပ်သော တရားစီရင်ရေးသည် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ် များအနက် လိုအပ်ချက်ကြီး တခုဖြစ်ပါသည်။
တရားဥပဒေ စိုးမိုးသောနိုင်ငံများတွင် အစိုးရဟူသည်မှာပြည်သူတို့၏ လွတ်လပ်သော သဘောဆန္ဒဖြင့်သာ တည်ရှိခွင့် ရရှိကြခြင်းဖြစ်သည်။ပြည်သူတို့၏ သဘောတူညီမှုကို မခံစား မရရှိ သော အုပ်ချုပ်သူ (အစိုးရ)တို့သည် တိုင်းပြည်၌တည်ရှိခွင့် မရနိုင်ပါ။ အစိုးရသည် ပြည်သူလူထု၏ သဘောဆန္ဒအရ ပေါ်ထွန်းလာခြင်း ဖြစ်သဖြင့် ပြည်သူတို့ ရေးဆွဲပြဋ္ဌာန်းသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ထိန်းကွပ်ထားကာလှုပ်ရှားဆောင် ရွက်စေရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးအပ်ထားသော လုပ်ပိုင်ခွင့်ဘောင်အားကျော်လွန် ၍ မရပါ။အစိုးရ၏အဓိကတာဝန်သည်ပြည်သူ တို့၏ အခွင့်အရေးကိစ္စကိုကာကွယ်စောင့် ရှောက်ခြင်းဖြစ်ရာ ဥပဒေ၏ သတ်မှတ်ချက်ဘောင် အတွင်းမှသာ (လုပ်ပိုင်ခွင့် အတွင်းမှသာ) လုပ်ကိိုင်ဆောင်ရွက်ရမည် ဖြစ်သည်။ အစိုးရနှင့် ဌာနဆိုင် ရာ အဖွဲ့အစည်း အသီးသီးတို့၏ လုပ်ပိုင်ခွင့် ( mandate ) ဆိုသည်မှာ တရားဥပဒေ စိုးမိုးရေးတွင် အလွန်အရေးပါသော အာဏာကန့်သတ်ချက် ဖြစ်ပေသည်။ အစိုးရအာဏာပိုင်တို့ သည် ၎င်းတို့အား ပေးအပ်ထားသော လုပ်ပိုင်ခွင့်ဘောင်ထက် ကျော်လွန်၍ အာဏာကို အလွဲသုံးစားခြင်း ကိုသော်လည်းကောင်း၊ ၎င်းတို့အား ပေးအပ်ထားခြင်း မရှိသည့် အာဏာကို သော်လည်းကောင်း သုံးစွဲခြင်း မပြုနိုင်ပါ။
ဥပဒေ သည် လူတန်းစားမရွေး၊ လူမျိုး၊ ဘာသာ မရွေး၊ ကျားမ မရွေး၊ လူအားလုံးနှင့် သက်ဆိုင်ပတ် သက်နေသဖြင့် ဥပဒေ ရှေ့မှောက်တွင် လုံးဝခွဲခြားမှု မရှိပေ။ဥပဒေသည် အဆင့်အတန်း သော်လည်း ကောင်း၊ လူတန်းစားသော် လည်းကောင်း ခွဲခြားမှု ရှိခဲ့လျှင် ဥပဒေသည် မတရား သောအမိန့်သာလျှင်ဖြစ်ပေ တော့မည်။ ဥပမာ ၂ဝဝ၈ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၁ဝ၉(ခ) နှင့် ပုဒ်မ ၁၄၁(ခ) တွင် ဖော်ပြချက်အရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စာရင်းတင်သွင်းသည့် ၁၆၆ ယောက်သော တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များကို တွေ့နိုင်ပါသည်။ လူတကိုယ် မဲတပြားစနစ် ဥပဒေရှေ့မှောက်တွင် တန်းမတူသည့်တဖက်စောင်း နင်း ဥပဒေမှာ စစ်အမိန့်သာဖြစ်နေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။ ဥပဒေ လုံးဝမဟုတ်တော့ပါ။ အဘယ်မှာ တရားဥပဒေ စိုးမိုးမှုကို ရရှိနိုင်ပါမည်နည်း။
တရားမျှတမှု ဖြစ်စေရန်အတွက် မူလ ပြဋ္ဌာန်းထားသော သင့်တင့်လျောက်ပတ် သည့် စံချိန် စံညွှန်းမီ ဥပဒေများ ရှိနေပြီး ဖြစ်ရန်လိုပါသည်။
ဥပဒေသည် လူပုဂ္ဂိုလ်အပေါ်၌ ခွဲခြားမှုမရှိသည့်အပြင် လူပုဂ္ဂိုလ်သည်လည်း ဥပဒေ၏ ရှေ့မှောက်၌ ခွဲခြားမှု မရှိရပေ။ လူအားလုံးသည် ဥပဒေ၏ အကာအကွယ်ကို ရယူပိုင်ခွင့် ရှိရမည်။ ဥပဒေသည်လူသားအားလုံး အတွက်ဖြစ်ပြီး လူသားအားလုံးအပေါ်၌ တူညီသော နည်းလမ်း တမျိုးတည်းဖြင့်သာ ကျင့်သုံးရန်ဖြစ်သည်။ ထိုအချက်ကိုလည်းဥပဒေအရ ပြဋ္ဌာန်းထားရှိပြီး ဖြစ်ရမည် ဖြစ်ပါသည်။
ကမ္ဘာ့ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁ဝ တွင် “ အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင်းအရ တရားစွဲဆိုခြင်း၌ အဆုံးအဖြတ် ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ အဂတိ မလိုက်စားသော တရားရုံးတော်၏လူအများ ရှေ့မှောက်တွင် တရားမျှတစွာကြားနာ စစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ဟုပြဋ္ဌာန်းထား ပါသည်။
အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး ဆိုင်ရာ သဘောတူ စာချုပ် အပိုဒ် ၁၄ (၁) တွင်လည်း “ တရားရုံးများ နှင့် ဥပဒေခုံရုံးများ၏ ရှေ့မှောက်၌ လူတိုင်း တန်းတူ အခွင့်အရေးရှိ သည်။ လူတိုင်းသည် မိမိတို့အပေါ်(သို့မဟုတ်) အခွင့်အရေးအပေါ် စွဲချက်တင်ခြင်းနှင့် အမိန့်ချမှတ် ခြင်းတို့အတွက် ပြည်သူအများ ရှေ့မှောက်၌ ဖြစ်သော အရည်အချင်းရှိပြီး၊ လွတ်လပ်၍ ဘက်မလိုက်ဘဲ ဥပဒေအရတည် ထောင် ထားသော တရားစီရင်ရေး ရုံးများတွင် အများပြည်သူတို့ ရှေ့မှောက်၌ ကြားနာ စစ်ဆေးခံရန် အခွင့်အရေး ရထိုက်သည်။”ဟုဖော်ပြထားပါသည်။ ထိုအပြင် ၎င်းစာချုပ်၏ အပိုဒ် ၂၆ တွင်လည်း “လူတိုင်း သည် ဥပဒေရှေ့မှောက်တွင်အညီအမျှဖြစ်ပြီး မည်သည့်နည်းနှင့်မျှ ခွဲခြားဆက်ဆံမှုမရှိဘဲ၊ ဥပဒေ၏အကာ အကွယ်ကို ညီတူညီမျှ ခံစားပိုင်ခွင့်ရှိ သည်။…ဤကဲ့သို့ပင် အသားအရောင်၊ လိင်၊ ဘာသာ စကား၊ ဘာသာရေး သို့မဟုတ် အခြား အယူအဆ၊ အမျိုးသား ဇာစ်မြစ်၊ သို့မဟုတ် လူမှုရေး ဇစ်မြစ်၊ဥစ္စာဓန၊ မျိုးရိုးဇာတိ နှင့် အခြားအဆင့် အတန်း ခြားနားမှု ရှိသော လူတို့ကို အစိုးရက တူညီစွာနှင့် ထိရောက်စွာ အာမခံပေးလျက် ကာကွယ်ပေးရမည်။”ဟုလည်း ဖော်ပြ ပြဋ္ဌာန်းထားပါသည်။
ဥပဒေသည် အဆင့်အတန်း သော်လည်း ကောင်း၊ လူတန်းစား သော်လည်းကောင်း ခွဲခြားမှု ရှိခဲ့လျှင် ဥပဒေသည် မတရား သော အမိန့်သာလျှင် ဖြစ်ပေတော့မည်။
ဥပဒေ ရှေ့မှောက်၌ တူညီသော အခွင့်အရေးရှိသည် ဆိုရာ၌ အမှုနှှင့် ပတ်သက်၍ တရားစွဲဆိုသူနှင့် စွပ်စွဲခံရသူ အကြားတွင် တဖက်ဖက်သို့ မလိုက်ဘဲ မျှတစွာ တည့်မတ်စွာ တရား စစ်ဆေး စီရင်နို်င်ရန်မှာ အလွန်အရေးကြီးသော ကိစ္စကြီးဖြစ်ပါသည်။တရားမျှတသော စစ်ဆေးစီရင်မှု ဖြစ်စေရန် အတွက်တရားစွဲဆ ုိခြင်းခံရသူတိုင်းသည် အပြစ်ရှိသည်ဟု သက်သေထင်ရှား မပြနိုင်သရွေ့ အပြစ်ကင်းမဲ့သူဟု မှတ်ယူခံရပိုင်ခွင့်၊ မိမိအမှုအပေါ် ခုခံ ကာကွယ်ရန်အတွက် ပြင်ဆင်ရန် အချိန်၊ အထောက်အကူနှင့် ရှေ့နေရှေ့ရပ်များရယူပိုင် ခွင့်၊ တရားစစ်ဆေး စီရင်ခြင်း မတိုင်မီ နှင့် တရားစစ်ဆေး စီရင်နေသော အချိန်အတွင်း လွတ်လပ်သော တရားဝင် တင်ပြချက် ပေးနိုင်ခွင့်၊ မိမိအနေဖြင့် သက်သေများကို မေးမြန်းခွင့်နှင့်မိမိအတွက်သက်သေ များကို ခေါ်ယူနိုင်ခွင့်၊ အသနားခံပိုင်ခွင့် စသည်တို့သည် အနိမ့်ဆုံးသော စံသတ်မှတ်ချက်များ ဖြစ်ပါသည်။
တရားမျှတမှု ဖြစ်စေရန်အတွက် မူလပြဋ္ဌာန်းထားသော သင့်တင့်လျောက်ပတ်သည့် စံချိန် စံညွှန်းမီ ဥပဒေများ ရှိနေပြီး ဖြစ်ရန်လိုပါသည်။ ပြည်သူလူထုအားလုံးသည် နိုင်ငံအတွင်းပြဋ္ဌာန်း ထားသော ဥပဒေများကို လိုက်နာရမည့် တာဝန်ရှိသူများ ဖြစ်သည်ဆိုသည့်အချက်မှာ အရေးကြီးပါသည်။ မည်သူမဆို နိုင်ငံအတွင်း၌ တည်ရှိနေသော တရားရုံးများ၏ ရှေ့မှောက်၌ ပြဋ္ဌာန်း ထားသော ဥပဒေများနှင့်အညီ တရားစီရင်ခြင်းကို လိုက်နာရမည်ဖြစ်ပြီး မည်သည့်အစိုးရ ဝန်ထမ်း၊ အရာရှိ အာဏာပိုင်မျှ ထိုအချက်ကို ရှောင်လွှဲခွင့်မရှိပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ -၄၄၅ တွင် “နအဖ အဖွဲ့ သို့မဟုတ် အဖွဲ့ဝင် တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ်အကြောင်းပြု လျက် ယင်းတို့အား တရားစွဲခြင်း၊ အရေးယူခြင်း မရှိစေရ။” ဟုပြဋ္ဌာန်းချက်မျိုးမှာ ဥပဒေရှေ့မှောက်တွင် တန်းမတူမှုကို ဖော်ပြထား သဖြင့် တရားဥပဒေစိုးမိုးမှုကို ဖောက်ဖျက်ကျူးလွန်ထားရာ ရောက်နေပေသည်။ မည်သည့်အာဏာပိုင် အစိုးရ အရာရှိကမျှ မိမိတို့ရရှိထားသည့် အာဏာကို အလွဲသုံးစားပြု၍ ဥပဒေကို မထီမဲ့မြင် ပြုခြင်း မပြုလုပ်နိုင်ပေ။ ဥပဒေပြဋ္ဌာန်းချက်များသည် မည်သူ့ကိုမျှ မျက်နှာလိုက်ခြင်း၊ဘက်လိုက် ခြင်း မရှိဘဲ တရားမျှတမှုနှင့် လွတ်လပ်စွာ တရားစီရင်မှုအတွက် ဥပဒေရှေ့မှောက်တွင် အားလုံးအတူတူပင် ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။
တရားစီရင်ရေး လွတ်လပ်မှုကို လေးစားအသိအမှတ်ပြု၍ ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံတော် အစိုးရ၏ တာဝန် ဖြစ်သည်။တရားစစ်ဆေး စီရင်မှု လုပ်ငန်းအတွင်း ခြိမ်းခြောက်ခြင်း၊သို့မဟုတ် ဝင်ရောက် စွက် ဖက်ခြင်း တို့မပြုရန်ဖြစ်သည်။ ထို့အတူ တရားသူကြီး များအနေဖြင့်လည်း စီရင်ချက်များ ချမှတ်ရာ၌ အဂတိတရားများမလိုက်စားဘဲ ဥပဒေ၏ မျက်နှာကိုသာ ကြည့်၍ တည့်မတ်စွာ ဆုံးဖြတ်ရန်တာဝန်ရှိပါသည်။ လွတ်လပ်သော တရားစီရင်ရေး မရှိလျှင် တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာလည်း မူး၍မျှ ရှူစရာပင်ရှိနိုင် မည် မဟုတ်ပါ။ လွတ်လပ်သော တရားစီရင်ရေးသည် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ် များအနက်လိုအပ် ချက်ကြီး တခုဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးမှု အခြေခံမရှိဘဲ ဒီမိုကရေစီကို တည်ဆောက်နိုင်မည်မဟုတ် သကဲ့သို့ လူအခွင့်အရေး များလည်း ထွန်းကားလာလိမ့်မည် မဟုတ်ပါ။