သန်းထွန်း ၈၈ (၁၉၂၃-၂ဝဝ၅)

သန်းထွန်း ၈၈ (၁၉၂၃-၂ဝဝ၅)
by -
ဘိုဘိုလန်းစင်

ဟိုတလောက ဆရာကြီးပါရဂူဘွဲ့ယူကျမ်း ရန်ကုန်တွင် ပျောက်နေသည်ဆို၍ လန်ဒန်ကျောင်း အထူးစာဖတ်ခန်း သွားစုံစမ်းပေးရပါသည်။

ကျမ်းပြုသူမရှိတော့လျှင် မိသားစုခွင့်ပြုချက်ပါမှသာ ကြည့်ရှုကူးယူနိုင်မည်ဟု ပိဋကတ်တိုက်က ဒေါ်ဇယားက ကပ်နေသဖြင့် အန်တီ့ခွင့်ပြုချက်စာ စကန်ဖတ်ပို့လိုက်ပါအုံးဟု မှာထားဆဲ ပြန်တွေ့ပီဆို၍ ရင်ပေါ့သွားပါသည်။ ဗမာပြည်ဆိုလျှင်တော့ အန်တီရယ် အန်ကယ်ရယ်နှင့် အချင်းချင်းပြောလို့ အကူအညီတောင်းလို့ ကောင်းသော်လည်း သူများတိုင်းပြည်မှာ သူတို့ထုံးလိုက်ရသည်။

သူရှိနေလျှင် ဘယ်လိုအပြောင်အရွှန်း ခနိုးခနဲ့တွေ ကြားရအုံးမလဲ..

ယခု လွတ်လပ်တဲ့အာရှအသံတွင် ရာဇဝင်ကဏ္ဍ ပြောဟောနေရ၍ ဆရာ့ကို ပိုသတိရမိသည်။ ဒါ ကိုယ့်နေရာ မဟုတ်မှန်းလည်း သိသည်။ ဆရာ့စကားနားမထောင်ပဲ သိပ္ပံဘက်လိုက်မိပီး ၅ နှစ် ၆ နှစ်ခန့် လေသွားပီးမှ လမ်းကြောင်းက နောက်ပြန်လှည့်လာမိခြင်း။ ကြားခုလတ်က လူကြီးသူမများ အကူအမနှင့် ဝင်လာ၍ မဟာဝိဇ္ဇာဘွဲ့ရသော်ငြား ပညာခံကောင်းကောင်းမဆောက်တည်နိုင်သေးမှန်း ကိုယ့်ကိုယ်ကိုယ်အသိဆုံးဖြစ်သည်။ ကိုယ်လည်းဘာမှ ရေရေရာရာမသိပါဘူး၊ သို့သော် အထဲက ဆရာတွေလည်း တုတ်တုတ်မှ မလှုပ်ဝံ့သည့်ဘဝမို့ နိုင်သလောက် ဝင်ပြောခြင်းမျှသာ။ အပြင်က ဗမာသမိုင်းဆရာဆိုသူတွေကလည်း အဆက်အစပ်က တယ်ရှိသည်မဟုတ်၊ အမျိုးသားရေးအမြင်တွေ သူတို့စာ သူတို့စကားတွေမှာ တဟုန်းဟုန်းကြွနေတာ မြင်ရကတည်းက ချဉ်းကပ်လိုစိတ်ပင် မရှိလှ။

drtt
နိုင်ငံရေးတခေတ်ပြောင်းဆိုသည့်ကာလရောက်နေ ဆရာကြီးကို တိုးလို့သတိရမိသည်။ သူရှိနေလျှင် ဘယ်လိုအပြောင်အရွှန်း ခနိုးခနဲ့တွေ ကြားရအုံးမလဲ၊ ဗိုလ်ချုပ်ခင်ညွန့် ဆင်ဖြူတော်ရောဂါရစဉ်က “ဆင်ဆိုတာ တိရစ္ဆာန်ပဲ၊ မယုံ အနင်းခံကြည့်”ဆိုသည့် ဆရာကြီးနှင့် ရေဒီယိုအင်တာဗျူးကို ထပ်ကွန့်ရလျှင် အာဏာရှင်ဆိုတာ သူ့အာဏာကို ထိပါးလာရင် အပြတ်ရှင်းမှာပဲ၊ မယုံ အကဲစမ်းကြည့်ကြလေဟူလို။ အခုက ကျားဥပုသ်စောင့်ရာသီပဲ။ ကျားပုတီးကိုင်ပြတာနဲ့ လက်သည်းဖွက်ထားတာကို မမြင်နိုင်ကြအောင် မွှန်(ချင်ယောင်ဆောင်)သူများလည်း လောကမှာ တယ်များပါလား။

(၂)

သူတို့ခေတ်က ရန်ကုန်တက္ကသိုလ် ပညာရှိ လောကကို သူကြံုသမျှ ဘွင်းဘွင်းကြီး ရေးပြရာ သံဃာတစင်လုံး မှောက်လိုက်သည့် အတိုင်းရှိပါသည်။

ဆရာကြီးကို တောင်လေးလုံးပွဲများတွင် တွေ့လေ့ရှိသော်လည်း ရင်းရင်းနှီးနှီးမရှိခဲ့ဖူးပါ။ သူ့စာများတွင်လည်း သုတေသနဆောင်းပါးတွေထက် စာတိုပေစ တိုတိုထွာထွာ စဉ်းစားစရာလေးတွေ ရေးခဲ့သည်ကိုသာ ပိုမှတ်မိနေသည်။ ဓနမဂ္ဂဇင်းတအုပ်တွင် ပါသည့် ရန်ကုန်မြို့တွင် အိမ်ငှားနေသည့်စီးပွားရေးအကြောင်း ဒေါက်တာသန်းထွန်း ရေးသည့်စာက ယခုခေတ်ဂျာနယ်သမားများပင် သူ့လောက် စိစိပေါက်ပေါက် ရေးတတ်မည်မဟုတ်ပါ။ “စာအုပ်ဆိုတိုင်းမဖတ်နဲ့”၊ “ အသက်ကြီးလာရင် ကိုယ့်ထက်ငယ်တဲ့ကလေးအမိုက်တွေနဲ့ ပေါင်းပြီးကျားထိုးပါ၊ လူရိုသေအောင် ဘုရားအော်ရှိခိုးပါ၊ အဆုံးမသတ်နိုင်ဘဲ နည်းနည်းလည်နေလည်း ကြားတဲ့လူတွေက သိမှာမဟုတ်ပါ” ဆိုသည့်စာမျိုးတွေ။ “ငါပြောချင်သမျှ ငါ့အကြောင်း”ကတော့ “နှစ်ပေါင်း ခြောက်ဆယ်”၏ ပညာရှိမူကွဲဖြစ်ပါသည်။ “ငါ” “ငါ” နဲ့ ရေးကထဲက မဖတ်ချင်တာဆိုသည့် အမတယောက်စကားကိုပဲ သတိရသည်။ သူတို့ခေတ်က ရန်ကုန်တက္ကသိုလ် ပညာရှိလောကကို သူကြံုသမျှ ဘွင်းဘွင်းကြီးရေးပြရာ သံဃာတစင်လုံး မှောက်လိုက်သည့်အတိုင်း ရှိပါသည်။ လူ့သဘာဝ အကောင်းအဆိုး ဆင်ခြင်ရာတွင် ဆရာတွေလဲ လောကီသားတွေပဲ၊ ပညာတွေ ဘယ်လောက်တတ်တတ် ဘက်ကတော့လိုက်ကြမှာပဲဟုသာ ကြံုဘူးသည့်ထုံး နှလုံးမူရင်း အကဲဒမစ်ထုံးစံ အတင်းမအုပ်ပဲ အရှင်းထုတ်ရေးသည့် ဆရာ့ကိုပဲ အလေးနီပြုမိပါသည်။ ဆက်ရေးထားသည့် “ငါဆက်ပြောချင်သမျှ ငါ့အကြောင်း”ကော ဘယ်ဘဝရောက်နေသည်မသိပါ။ ပထမဆုံးလမှာပင် မဂ္ဂဇင်းတွင် အဖြုတ်ခံရသည်ဟု မှတ်မိနေသည်။

လူကြားကောင်းအောင် အစိုးရမကောင်းကြောင်း အစိုးရဦးနှောက်မရှိကြောင်း ညည်းပြပီး မင်းအမအစခံရလျှင် မသိမသာထုတ်ကြွားတတ်သည့် မြန်မာကြီးလောကအကြောင်း တော်တော်ကျက်မိနေ၍ ပါးစပ်ကလဲ ဗြောင်ထုတ်ပြော၊ အပြင်ပ အမအစ (ဝါ) အစိုးရဖေဗာရစေကြောင်းလဲ ဘယ်တုန်းကမှ အာရုံမပြုစဖူးသော ဆရာရိုးတာကြီး၏ သီလကို ကြားသိနေရသည်မို့ ပိုပီးကြည်ညိုမိပါသည်။ စပ်ကူးမတ်ကူးမြန်မာပြည်ကား ကြောင်သူတော်တိုင်းပြည်အစစ်ပါေပ။ ဂုဏ်ပကာသန နာမည်ကောင်းဆိုသည်များမှာ ဆရာမောင်ထင်၏ “အကကောင်းသူနှင့် အလုပ်ကောင်းသူ” ပုံပြင်ထဲကကဲ့သို့ အကကောင်းသူ ဟန်ကောင်းသူများ၏နယ်သာ ဖြစ်တော့သည်။ ရှေ့ဆက်၍လည်း ကိုဟန်ပ မဟန်မြတို့၏ လဍ္ဍူလောက ပရောဂျက်ခေတ် မြန်မာပြည်တွင် တွင်ကျယ်လာဖွယ်ရှိပါသည်။

သမိုင်း၏တန်ဖိုးကား လူတွေ ပိုအအောင် ရောညာမည့် နိုင်ငံရေးသမားဟောင်း စာရေးဆရာ ပညာရှင်ဆိုသူ လောက်အို လောက်ဆွေးများကောင်းမှုနှင့် အတော်ပင် ကျက်သရေကင်းနေပီ ဖြစ်သည်။

ဆရာကြီးလွန်သည့်နောက် ဖြစ်ပျက်နေသည်များထဲမှ ဆရာကြီးမြင်လျှင် ရင်ကွဲလောက်သည်က တပည့်ရင်း ဒေါက်တာတိုးလှနှင့် ဒေါ်အုန်းကြည်တို့ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီးတို့၏ အတ္ထုပ္ပတ္တိကို မျိုးချစ်စိတ်ဓာတ် ရှင်သန်တက်ကြွအောင် ရေးသားစီကုံးခဲ့ကြခြင်းပင်။ ချစ်စံဝင်း၊ မောင်သန်းဆွေစသည့် လူရှော်တွေကို သမိုင်းကော်မရှင်ထဲ ဆွဲသွင်းရုံသာမက နေပြည်တော်စံ သမ္မတစစ်သူကြီးမင်းများ အလိုကျ မျိုးချစ်မြန်မာရာဇဝင် ဧချင်းဘုန်းတော်ဘွဲ့တွေကို သားတော်အစဉ်မြေးတော်အဆက် မြစ်တော်အဓွန့်အညွန့်တိုင် ရွှေနားတော်သွင်းဖို့ စီရင်ရေးသားနေရသည့် မှန်နန်းကော်မရှင်။

(၃)

ဆရာကြီးကား ထောင်ကလွတ်ခါစ(ယခုအထဲပြန်ရောက်) ၈၈ ခေါင်းဆောင်များနှင့် တွေ့ဆုံအားတက်ပီး ရုတ္တရက်ကွယ်လွန်ရစ်ခဲ့ပီ။ လမ်းခုလတ်တွင် ခွဲခွာရသော်လည်း အားနာနေရသည်က ကျန်ရစ်သူများဖြစ်သည်။ ကွယ်လွန်သူကို တူတူတန်တန် ဂုဏ်မပြုနိုင်ကြသေး။ ဆရာကြီးစာပေါင်းစုထွက်ဖို့ တပည့်ကြီးများအားထုတ်နေသည်ကို အထမြောက်စေကြောင်းသာ မျှော်မိပါသည်။ မြန်မာပြည်တွင် သမိုင်း၏တန်ဖိုးကား လူတွေ ပိုအအောင် ရောညာမည့် နိုင်ငံရေးသမားဟောင်း စာရေးဆရာ ပညာရှင်ဆိုသူ လောက်အိုလောက်ဆွေးများကောင်းမှုနှင့် အတော်ပင် ကျက်သရေကင်းနေပီဖြစ်သည်။ အဖြူတောထဲက မြန်မာပြည်ပညာရှင်ကြီးတချို့၏ အပြောအရေး အထာသဘောလေးတွေက ဘယ်ဘက်ယိမ်းနေမှန်း မဖုံးနိုင်အောင် ပေါ်လာသည့်အခါ ဒေါက်တာမတင်ဝင်းလို ပေါ်တင်ဖားသူကိုပင် ရိုးသားပါပေသည်၊ ပိပိရိရိနှင့် လူအထင်ကြီးအောင် မလိမ်တတ်သေး၍ သနားစရာ ကောင်းလှသည်ဟု စုတ်သပ်ဖို့သာ ရှိတော့သည်။

ဆရာကတော်ကို မိတ်ဆွေ လူကြီးတချို့ သွားတွေ့စဉ်က “ဘိုဘို သမိုင်းသင်နေတယ်ဆိုလို့ မလုပ်ပါနဲ့၊ သမိုင်းသင်တာ မကောင်းပါဘူး၊ ဘာလို့သင်ချင်တာလဲ”ဟု မှာလိုက်သည်ဆိုပါသည်။ ကျနော်ကတော့ ဆရာကြီးလို အလုပ်လောဘ ကြီးသူလဲမဟုတ်၊ သတ္တိလဲမထွန်းပြောင်ရကား စက်ကင်းသန်းထွန်းဖြစ်ဖို့နေနေသာသာ သိန်းသန်းထွန်းလို ကြောင်မသွားတော်ပါပီဟုသာ အောက်မေ့ရတော့သည်။ ရောက်ရာဘုံဘဝမှာ တိရစ္ဆာနကထာတွေနဲ့ အလုပ်ရှုပ်ပီး နိဗ္ဗာန်နဲ့ ခပ်ဝေးဝေးနေပါအုံးဆရာ။ အများကျနော်တို့အန္ဓပုထုဇဉ်များမှာ မဂ်ဖိုလ်နိဗ္ဗာန်အသာထား၊ လောကမှာ အဓိပ္ပာယ်ရှိသော ဘဝနေနည်းကိုတောင် ရေရေရာရာမသိနိုင်တော့ ဆရာတို့လို အနေတတ်သူတွေကိုပဲ စံတုပြနေရပါ၏။