အိုဘယ့် ကယ်တင်ရှင်

အိုဘယ့် ကယ်တင်ရှင်
by -
သော်တာသစ်

ယနေ့ ဗမာပြည်တွင် လက်တဆုပ်စာမျှသော “ဘုရား” အထူးခံ ရေပေါ်ဆီ လူ့မလိုင်တချို့နှင့် ၎င်းတို့နှင့် အလွမ်းသင့်သော အရောင်ပြောင်း ပုတ်သင်ညိုတချို့မှအပ ကျန် သန်း ၅ဝ ကျော် လူထုမှာ နှစ်ပေါင်းများစွာ ဆင်းရဲခြင်း ဝဲသြဃအတွင်း မြုပ်တလှည့် ပေါ်တလှည့် ဖုတ်လှိုက်ဖုတ်လှိုက် ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်ပြီး ဤအခြေအနေတွင် မျှော်လင့်ချက် ကောက်ရိုးတမျှင်ပေးကာ ဝါးကူထိုးပေးသူသူတို့ မနည်းမနောရှိပါသည်။ သည်အထဲတွင် ကယ်တင်ရှင်အမည်ခံ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် သူရဲကောင်းဖြစ်ချင်ကြသော နိုင်ငံရေးသမားအတုအယောင်များက ထိပ်ဆုံးမှ ပါဝင်လျက်ရှိသည်။

မကြာသော ကာလတွင် ဗမာပြည်သို့ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သည်။ မဟာကရုဏာရှင်များသည် ၎င်းတို့ ထုံးစံအတိုင်း ဖယောင်းတိုင် ကိုယ်စီထွန်းကာ ဝမ်းနည်းခြင်းသရုပ်ကို ပြကြဦးမည်လား။ ထိုသုံးနှစ်တာ အတောအတွင်း နိုင်ငံတကာမှ ရရှိသော အလှူငွေ သန်းပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဘယ်မျှသော အတို်င်းအတာအထိ အောင်မြင်ခဲ့သည်ကို ဆန်းစစ်ရသော် တာပေါ်လင်စ ပြာပြာလွင်လွင်ဖြင့် ဆီးကြိုနေမည့် တဲအိမ်ငယ်များ၊ မြစ်ကမ်းဝဲယာတလျှောက်မှ ရေပေါ်တွိုင်းလက်များ၊ အကြွေးလည်ပင်းခိုက်နေသော လယ်သမား၊ ငါးဖမ်းသမားနှင့် ဘောက်သမားများ၏ ဘဝအဖုံဖုံနှင့် မြင်ကွင်းစုံတို့သည် အလှူရှင်ထံသို့ အလိုကျ အသုံးတော်ခံမည့် အစီရင်ခံစာများနှင့် တမူကွဲပြားနေပါလိမ့်မည်။

အကြွေးလည်ပင်းခိုက်နေသော လယ်သမား၊ ငါးဖမ်းသမားနှင့် ဘောက်သမားများ၏ ဘဝအဖုံဖုံနှင့် မြင်ကွင်းစုံတို့သည် အလှူရှင်ထံ သို့ အလိုကျအသုံးတော်ခံမည့် အစီရင်ခံစာ များနှင့် တမူကွဲပြားနေပါလိမ့်မည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ရပ်ရွာလူထုမှာ အဆိုးချည်းမဟုတ်ဘဲ အဆိုးထဲမှ ဖြေသိမ့်စရာ အပြုသဘောဆောင်သော တိုးတက်မှုပြယုဂ်များ ပေါ်ပေါက်လာရန် မျှော်လင့်စရာရှိပါသည်။ သို့သော် အလှူငွေကို သွားရည်တမြားမြားဖြင့် အသာငမ်းငမ်းဖြစ်နေကြသော အုပ်ချုပ်သူများနှင့် ငတက်ပြားအကြီးစား အဲန်ဂျီအိုများ၏ ကောင်းမှုကြောင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်တို့၏ ဒါနမှန်သမျှသည် အိတ်ပေါက်နှင့် ဖားကောက်ရသည့်နှယ် ရေစက်ပင် မချလိုက်ရဘဲ ပျောက်စေတန်ခိုးဖြင့် အငွေ့ပျံခဲ့ရလေသည်။

ဤအခြေအနေမှာပင် ဆင့်ပါးစပ် နှမ်းပက် ထောက်ပံ့မှုကို ရရှိထားသူများအား အလှူရှင်ထံ၌ မျက်နှာပန်းလှလိုမှုတခုတည်းအတွက် ဇွတ်အတင်း သာဓုခေါ်ခိုင်းနေသည်မှာ မခက်ပါလော။ “တိုးတက်လာပါသည်၊ ကောင်းမွန်လာပါသည်၊ စီမံကိန်းများ အောင်မြင်လာပါသည်၊ သို့သော် လိုအပ်မှုများကား ရှိနေဆဲ၊ အလှူငွေများ ထပ်မံလိုအပ်ဆဲဖြစ်သည်” ဟူ၍ အစည်းအဝေးများ၊ အစီရင်ခံစာများ၊ အဆိုပြုလွှာများတွင် အပ်ကြောင်းထပ်အောင် ပြောကြ၊ ဆိုကြ၊ ရေးကြသည်မှာလည်း မရိုးနိုင်သေးသော ဇာတ်ကွက်များ ဖြစ်နေသေးသည်။ ၎င်းတို့၏ စိမ့်ပေါက်၊ ယိုပေါက်နှင့် မဟာဗျူဟာနည်းကျ လုပ်ငန်းစဉ်ဟု ခပ်မြင့်မြင့် သညာပြုထားသော စီမံကိန်းအကောင်အထည်ဖော်မှု ခြေလှမ်းအမှားများကို ဂဃဏန မဆန်းစစ်ဘဲ ဇွတ်အတင်း ခရီးနှင်လျှင် အဆိုပါ လူမှုကူညီရေးအဖွဲ့အစည်းတို့မှာ နောင်တချိန်တွင် လှုပ်လေ မြုပ်လေ အနေအထားသို့ ရောက်ရှိတော့မည်။ မျက်မှောက် အနေအထားအရတောင်မှ အဲန်ဂျီအိုက လူထုကို ကူညီကယ်မနေသည့် အသွင်မဟုတ်ဘဲ လူထုကသာ အဲန်ဂျီအိုများ ရှင်သန်ရေးအတွက် ပံ့ပိုးကျားကန်ပေးနေရသည့် ပုံစံဖြစ်နေသည်ကို သတိပြုနိုင်ပါသည်။

နာဂစ်၏ ကျေးဇူးဖြင့် ခါတော်မီ ပေါ်ပေါက်လာသော Local NGO ခေါ် ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို

  ကြည့်ပြီး ဗမာပြည်၌ လူမှုရေးအဖွဲ့အစည်းများ တိုးပွားလာသည်၊ ၎င်းတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာသည်ဟု အလောတကြီး ကောက်ချက်မချသင့်ပါ။ ရပ်ရွာအခြေပြုအဖွဲ့လေးများ အရေအတွက်အားဖြင့်သာ များပြားလာပြီး ၎င်းအဖွဲ့များ ရေရှည်ခိုင်မာ တိုးတက်ရန်မှာ ခရီးဝေးဆဲဖြစ်၏။ ဥပမာဆိုရလျှင် နာဂစ်မုန်တိုင်းဒဏ်ခံရွာများသို့ လူမှုကူညီရေးအဖွဲ့အစည်း အသီးသီး လာ၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာ၏ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ထည့်သွင်းစဉ်းစားပြီး ကျေးရွာအကျိုး သယ်ပိုးနိုင်မည့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများကို ရွာလူထု သဘောကျ ရွေးထားသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်လေ့ရှိကြသည်။ လယ်သမားကော်မတီ၊ ရေလုပ်သားများ ကော်မတီ၊ အမျိုးသမီး ဝင်ငွေတိုးအဖွဲ့၊ သန့်လေးသန့် ကော်မတီ၊ မြေယာမဲ့ ဘောက်သမားများ ကော်မတီ၊ ကျန်းမာရေးကော်တီ စသဖြင့် ကော်မတီပေါင်းများစွာ ဖွဲ့စည်းခဲ့ကြလေသည်။ ခက်သည်က ရွာတရွာတွင် အဖွဲ့အစည်းတခုတည်း လာရောက် လုပ်ကိုင်ခြင်းမဟုတ်။ အဖွဲ့အစည်းအမျိုးမျိုးက တရွာထဲမှာပင် စီမံကိန်းများကို အပြိုင်အဆိုင် အကောင်အထည်ဖော်နေကြသည်မို့ သူ့အဖွဲ့ကလည်း သူ့မူနှင့် ကျေးရွာကော်မတီဖွဲ့၊ ကိုယ့်အဖွဲ့ကလည်း ကိုယ့်မူနှင့် ကော်မတီတွေ ထပ်ဖွဲ့။ တရွာထဲမှာပင် ကော်မတီတွေ ပွထနေပြီး ရပ်ရွာအကျိုးအတွက် မျှော်ကိုး၍ ဖွဲ့စည်းထားသော ကျေးရွာအဖွဲ့ကလေးများခမျာ အဆိုပါ အဲန်ဂျီအိုများ တယောက်တမျိုး ကြိုးဆွဲရာသို့သာ ဇာတ်ဆရာအလိုကျ အသုံးတော်ခံရတော့သည်။
တရွာထဲမှာပင် ကော်မတီတွေ ပွထနေပြီး ရပ်ရွာအကျိုးအတွက် မျှော်ကိုး၍ ဖွဲ့စည်းထားသော ကျေးရွာအဖွဲ့ကလေးများ ခမျာ အဆိုပါ အဲန်ဂျီအိုများ တယောက်တမျိုး ကြိုးဆွဲရာသို့သာ ဇာတ်ဆရာအလိုကျ အသုံးတော် ခံရတော့သည်။

ဤသို့ဆိုလျှင် အဖွဲ့အစည်းမျိုးစုံက အပြိုင်အဆိုင်လုပ်ကြ၍ ပံ့ပိုးမှုများ ပိုလျှံနေပြီလားဟု တွေးစရာရှိသည်။ ထိုသို့လည်း မဟုတ်ပြန်။ အဲန်ဂျီအိုတို့မည်သည် ၎င်းတို့၏ ဆောင်ရွက်ချက်များကို ထုနှင့် ထည်နှင့် ပြနိုင်ရန်သာ စိတ်အားထက်သန်ကြသည်။ ဆိုရလျှင် ကျေးရွာလူထု အသက်မွေးဝမ်းကျောင်း ပြန်လည် ထူထောင်ရန် ငွေပေးရခြင်းထက် ရွာတွင် တံတားဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ရေကန်တူးပေးခြင်းကို ပိုလုပ်ဆောင်လိုကြသည်။ သည်နည်းဖြင့် အဖွဲ့အစည်း အမှတ်တံဆိပ်ကပ်ကာ အလှူရှင်ကို ၎င်းတို့ မည်မျှ ဆောင်ရွက်ခဲ့သည်ကို သက်သေထူနိုင်ပေတော့မည်။ ကျေးရွာလူထုအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ထောက်ပံ့ငွေမှာ ငါးသောင်းမှသည် အများဆုံး တသိန်းခန့်သာ ရှိ၍ အကျိုးခံစားရသူအတွက် အကြွေးဆပ်ရုံသာ တတ်နိုင်တော့သည်။ အခြားလုပ်ငန်း ထူထောင်ရန်လည်း သည်ငွေနှင့် မလောက်င။ အဖွဲ့အစည်းအနေဖြင့်လည်း သည့်ထက်ပိုပြီး မပေးနိုင်။ တရွာလုံး အဆင်းရဲဆုံးသူကိုသာ ထောက်ပံ့မည်ဟု ဇကာစစ်ချလိုက်လျှင်တောင် ရွာလူထု ၉ဝ ရာခိုင်နှုန်းမှာ မပေးမဖြစ် ထောက်ပံ့ရမည့် အနွမ်းပါးဆုံး အုပ်စုဖြစ်၍ နေတော့သည်။  ထို့ကြောင့်ပင်လျှင် Infrastructure ခေါ် အဆောက်အအုံ တည်ဆောက်ရေးကိုသာ အသီးသီး အာရုံစိုက်ကြ၍ ရွာထဲက ရေကန်တကန်ထဲကိုပင် အဖွဲ့အစည်းသုံးခုက အပြိုင်အဆိုင် ခြံစည်းရိုး သုံးထပ်ခတ်ပြီး ဆိုင်းဘုတ်အသီးသီးတပ်ကာ ပဏာယူထားကြသည့် အဖြစ်မျိုး နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော ရွာအချို့တွင် တွေ့နိုင်ပါသည်။ လုပ်တာက နည်းနည်း ကြွားချင်တာက များ၍နေတော့သည်။

ထို့ပြင်တဝ ဂျဲန်ဒါ (ကျား၊ မ လူမှုကဏ္ဍ) ညီမျှရေးနှင့် အမျိုးသမီးများအတွက် ဦးစားပေးဆောင်ရွက်ရေး ဆိုသည့်ကိစ္စမှာ နာဂစ်နောက်ပိုင်း အဲန်ဂျီအိုတို့၏ ပရောဂျက်တော်တော်များများတွင် အတော် ရေပန်းစားလျက်ရှိသည်။ ဤအကြောင်းအရာမှာ အလှူရှင်တို့၏ သည်းခြေကြိုက်ဖြစ်၍ အဖွဲ့အစည်း တော်တော်များများကလည်း ကျေးရွာကော်မတီတွင် အမျိုးသမီး ဦးရေ မည်မျှပါမည်၊ အကျိုးခံစားခွင့်ရှိသူများတွင် အမျိုးသမီး မည်မျှ ပါဝင်သည် စသဖြင့် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြကြလေသည်။ အကျိုးဆက်အားဖြင့် ယင်းတို့ဆိုသလို အမျိုးသမီးများကား ကျေးရွာကော်မတီတို့တွင် အရေအတွက်အားဖြင့်တော့ ပါဝင်လာပါ၏။ သို့သော် ဤသည်မှာ ကိန်းဂဏန်းတခုကို ကိုယ်စားပြုသော ဟန်ပြမျှသာဖြစ်၍ အမျိုးသမီးတို့၏ ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ချက်ချနိုင်ခွင့် မည်မျှတိုးတက်လာသည်ကိုတော့ တိုင်းတာခြင်းမပြုကြပါ။

ဆိုရသော် အဖွဲ့အစည်း အသီးသီးတို့မှာ ရန်ပုံငွေရရှိရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေသည်ကို တွေ့ရမည်။ ကျေးရွာလူထုကိုယ်တိုင် တင်ပြလာသော ၎င်းတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းမျိုး မဟုတ်ပါချေ။ ကယ်တင်ရှင် လူမှုရေး အဖွဲ့အစည်းတို့၏ မူဝါဒနှင့်အညီ၊ သို့မဟုတ် အလှူရှင်၏ တောင်းဆိုချက်နှင့် အညီ သတ်မှတ်ထားသော ပုံစံခွက်ထဲသို့ မဝင်ဝင်အောင် အတင်းဖန်တီးနေကြခြင်းသာ ဖြစ်သည်။

အနီးစပ်ဆုံး အကြောင်းအရာကို ပမာပြကာ ဆန်းစစ်ရပါလျှင် နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာ အသုံးပြု၍ ဆောင်ရွက်ခဲ့ကြသော ပရောဂျက်များကြောင့် ရပ်ရွာလူထု၏ ခံနိုင်ရည်စွမ်းအား (Community Resilience) မည်မျှ တိုးတက်ခဲ့သနည်း။ သေချာသည်မှာ ယခုနေ နောက်တကြိမ် မုန်တိုင်းတိုက်လျှင်လည်း ရှေးကကဲ့သို့ အသက်အိုးအိမ် ဆုံးရှုံးကြရလိမ့်ဦးမည်။ သို့သော် ဘယ်သူသေသေ၊ ငတေကား မာနေဆဲဖြစ်၍ အဆိုပါ ကယ်တင်ရှင် အဖွဲ့အစည်းများသည် ယခုအခါ နာဂစ် စီမံကိန်းများနှင့် ပတ်သက်လျှင် ပွဲပြီး မီးသေနေပြီး နာဂစ်မှသည် ဂီရိ၊ ဂီရိမှသည် တာလေ ဂါထာကို ပြောင်းလဲ ရွတ်ဆိုကုန်ကြလေပြီ။

ကယ်တင်ရှင် လူမှုရေး အဖွဲ့အစည်းတို့၏ မူဝါဒနှင့်အညီ၊ သို့မဟုတ် အလှူရှင်၏ တောင်းဆိုချက်နှင့် အညီ သတ်မှတ်ထားသော ပုံစံခွက်ထဲသို့ မဝင်ဝင်အောင် အတင်း ဖန်တီးနေကြခြင်းသာ ဖြစ်သည်။

ဗမာပြည်တွင် အစိုးရထံမှ တရားဝင်ခွင့်ပြုချက်ရထားသည့်  ၂၈ဝ ကျော်မျှသော ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်း လူမှုကူညီရေးအဖွဲ့အစည်းတို့ ဆင်းရဲမွဲတေမှု လုပ်ငန်းဆောင်ရွက်လာသည်မှာ ဆယ်စုနှစ် နှစ်ခါလည် ရှိခဲ့ပါပြီ။ ငါးနှစ်အောက် ကလေးအသေအပျောက်နှုန်း မြင့်မားဆဲ၊ ကျောင်းထွက်သည့် ကလေးဦးရေ များပြားဆဲ၊ အိပ်ချ်အိုင်ဗီရောဂါ ကူးဆက်ခံရမှု တိုးတက်ဆဲ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ထိပ်တန်းရောက်ဆဲ။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်မှ ထုတ်ပြန်သော ၂ဝ၁ဝ  Human Development Report အရ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ် အဆင့် ၁၃၂ တွင် ရှိနေဆဲဖြစ်သည်။ အဖွဲ့အစည်းတော်တော်များများကမူ ၎င်းတို့၏ စီမံကိန်းများ စိတ်သွားတိုင်း ကိုယ်ပါသလောက် အကောင်အထည် မဖော်နိုင်သည်မှာ အိမ်နီးချင်း နိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားတို့နှင့် နှိုင်းယှဉ်သော် ပ့ံပိုးမှုပမာဏ နည်းလွန်းသောကြောင့်ဟု ဆိုကြသည်။ လက်ရှိအစိုးရအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုကိုပါ ဆွဲထည့် ပြောကြသေးသည်။ ရရှိသော အလှူငွေများကို မည်မျှ အတိုင်းအတာအထိ ထိရောက်အောင် အသုံးချခဲ့သည်၊ မည်သည့်အရာတွေ မှားယွင်း ချွတ်ချော်နေသည်ကိုမူ ဆန်းစစ်ကြည့်ရန် မေ့လျော့နေကြလေသည်။ ၎င်းတို့ မကြာခဏ ကြွေးကြော်နေသော တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု (Accountability) နှင့် ပွင့်လင်းထင်သာမြင်သာရှိမှု (Transparency) ဆိုသည်မှာ လူကြားကောင်းရုံ စကားသက်သက်လေလားဟု မေးရတော့မည်။

ထိုသို့ မှန်းချက်နှင့် နှမ်းထွက် မကိုက်သည်က လူမှုရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နေရခြင်း၊ ထိုအဖွဲ့အစည်းများကို အစိုးရက တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကာ ဖိနှိပ်နေခြင်းကြောင့်ဟု ဆိုက ဆိုနိုင်ပြန်သေးသည်။ သည်တော့ စီမံကိန်းများ အကောင်အထည်ဖော်ရာ၌ အဆင်ပြေ ချောမွေ့စေရန် အစိုးရ၏ ကိုင်းပွားအဖွဲ့လေးများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဟူ၍ ဆိုကြပြန်သည်။ ဤလမ်းကြောင်းသည် အစိုးရနှင့် လက်တွဲအလုပ်လုပ်ခြင်း (with government) သာ ဖြစ်ပြီး အစိုးရအတွက် ဆောင်ရွက်ပေးခြင်း (for government) မဟုတ်ကြောင်း ရှင်းပြပြောဆိုကြပြန်သည်။ သို့သော် ယနေ့အချိန်အထိ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော မည်သည့်ကိစ္စတွင်မဆို အစိုးရဘက်မှ သဘောထားတင်းမာနေပါက အတိုက်အခံပြု၍  မည်သည့်အဖွဲ့အစည်းကမှ စွန့်စွန့်စားစား ရှေ့နေမလိုက်ပေးပါချေ။ ၎င်းတို့၏ ရှေ့နေလိုက်ဆောင်ရွက်ပေးခြင်း Advocacy သည် မည်သို့သော Advocacy ဖြစ်သနည်း။ အန္တရာယ်ကို စိုးရိမ်ခြင်းဆိုသည်မှာ အဖွဲ့အစည်း ရေရှည်မတည်တံ့မှာကို စိုးရိမ်ခြင်းလား၊ ကျေးရွာလူထုအတွက် စိုးရိမ်ခြင်းလား။ စိုးရိမ်ရပါသည်၊ စိုးရိမ်မိပါသည်။ စိုးရိမ်စရာကောင်းနေပါဦးမည်နှင့် ဘာကို စိုးရိမ်မှန်းမသိ၊ စိုးတော့ စိုးရိမ်နေကြသည်။ မိမိ စားပေါက်ပိတ်မှာကို စိုးရိမ်နေရခြင်းအား “လူထု” အတွက်ဟူ၍ ခေါင်းစဉ်လှလှ သုံးကာ ရေအစုန်၌ ကိုယ်ဖော့မျှောနေကြခြင်း ဖြစ်လေသည်။

အဲန်ဂျီအို ဝန်ထမ်းဆိုလျှင် လစာကောင်းသည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုအဝန်းအဝိုင်းသို့ တိုးဝင်လာကြသူသာ များပြီး စေတနာအရင်းခံဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မည့်သူမှာမူ နည်းလေသည်။ ပိုပြီး ဆိုးဝါးသည်မှာ အဲန်ဂျီအို ဝန်ထမ်းဟု ဆိုလိုက်သည်နှင့် မိမိကိုယ်မိမိ အခွင့်ထူးခံ လူတန်းစားများ၊ တဖန် အထက်တန်းလွှာများဟု စိတ်ကြီးဝင်သွားကြသည်မှာ ခက်သည်။ ထို့ကြောင့်ပင်လျှင် လက်တဆုပ်စာမျှသော မျက်နှာဖြူများ၏ အုပ်ချုပ်မှုအောက်၌ လူသားချင်းစာနာကူညီမှု ခေါင်းစဉ်တပ်လျက် အဲန်ဂျီအို စီးပွားရေး တခေတ်ဆန်းနေသည်ကို သိသိလျက်ပင် မိမိ ထိုင်ခုံပြုတ်မည်စိုး၍ ကိုယ့်လူမျိုးအရေး ဖြစ်နေတာတောင်မှ မျက်နှာလွှဲ နှုတ်ဆိတ် နေနိုင်ရက်ကြသည်မှာ အသည်းနာစရာ ကောင်းလှပါသည်။

အန္တရာယ်ကို စိုးရိမ်ခြင်းဆိုသည်မှာ အဖွဲ့အစည်း ရေရှည်မတည်တံ့မှာကို စိုးရိမ်ခြင်းလား၊ ကျေးရွာ လူထုအတွက် စိုးရိမ်ခြင်းလား။

စေတနာရှေ့ထားကာ အမှန်တကယ် ဆောင်ရွက်ပေးနေသော ဝန်ထမ်းများလည်းရှိကြပါသည်။ အထူးသဖြင့် လူထုနှင့် နီးနီးကပ်ကပ် လုပ်ကိုင်နေကြသော အောက်ခြေဝန်ထမ်းလေးများမှာ အပြောမဟုတ်၊ လက်တွေ့ဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ပေးနေကြသူများဖြစ်သည်။ တိုင်းရင်းသား လူမှုရေးအဖွဲ့အစည်းများလည်း ထိုနည်းလည်းကောင်းပင်။ ၎င်းတို့သည် ရုံးချုပ်တွင် လေအေးပေးစက် တပ်ဆင်ထားသော အခန်းအတွင်း၌ ထိုင်ကာ ဒေါ်လာဖြင့် ယပ်ခတ်နေသော ဝန်ထမ်းများကဲ့သို့ မဟုတ်ဘဲ မစို့မပို့ လစာငွေလေးဖြင့် တောထဲတွင် အနေဆင်းရဲ၊ အစားဆင်းရဲခံကာ လူထုအကျိုး သယ်ပိုးနေရသူများဖြစ်ပါသည်။ ထိုဝန်ထမ်းလေးများသည် ရန်ကုန်ဟိုတယ်ကြီးများ၌ အလုပ်ရုံဆွေးနွေးပွဲများ ကြီးကြီးကျယ်ကျယ် ကျင်းပပြီး သဘောတရားရေးရာများ ဖောင်းပွအောင် ပြောနေကြသည့် နိုင်ငံတကာ အတွေ့အကြံုရင့်ကျက်သူများထက် ဖွံ့ဖြိုးရေးအကြောင်းအရာများကို လက်တွေ့ကျကျ ပိုရှင်းပြနိုင်ပါသည်။

နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့အစည်းများမှာမူ ခေါင်းစဉ်အမျိုးမျိုးဖြင့် တနေကုန် တနေခမ်း အစည်းအဝေး ကျင်းပလိုက်၊ လုပ်ငန်းဆောင်ရွက်ရေး ပူးပေါင်းမှုအဖွဲ့ (working group) အမျိုးမျိုးဖွဲ့လိုက်၊ အပြန်အလှန် ဆွေးနွေးရင်း အငြင်းပွားလိုက်၊ ဖန်တရာတေအောင် လုပ်ငန်းအစီအစဉ် (work plan) ရေးဆွဲလိုက်၊ အဖွဲ့အစည်းအတွင်း အလုပ်မဖြစ်သည့် ပေါ်လစီအမျိုးမျိုး ထုတ်လိုက်၊ ဗျူရိုကရေစီ ယန္တရားတို့၏ ထုံးစံအတိုင်း အသေးအမွှား ကိစ္စကိုပင်လျှင် အထက်အောက် အလီလီ လွန်းထိုးကာ ဆုံးဖြတ်ချက် ရယူလိုက်၊ အထိမ်းအမှတ်နေ့များ၌ ကြွေးကြော်သံမျိုးစုံ အော်လိုက်ကြဖြင့် ကိစ္စပြီး၍ နေကြလေသည်။

သို့ဆိုလျှင် တွန်းကား တွန်း၏ မရွေ့ဟု ပြောနေကြခြင်းမှာ သဘာဝကျပါ၏လော။ ကြာလျှင် ပျိုတိုင်းကြိုက်သော အဲန်ဂျီအိုလောကတွင် ကိုယ်ကျိုးရှာ ငို့ဘသမားများသာ တိုးလာဖွယ်ရှိပြီး လူထုအတွက် ပြောင်းလဲတိုးတက်ခြင်းကား အလှမ်းဝေးဆဲဖြစ်ပါသည်။

Most read this week