မြန်မာအစိုးရက အရှုံးပြနေသည့် စီးပွားရေးလုပ်ငန်းများကို ၁၅ နှစ်ခန့် ပုဂ္ဂလိကလက်သို့ လွှဲပြောင်းခဲ့သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်အောက်တွင် နောက်ဆုံး ပုဂ္ဂလိကလက်သို့ လွှဲပြောင်း ရောင်းချမှုသည် ၂ဝ၁၁ ခုနှစ် မတ်လတွင် ဖြစ်ပေါ်ခဲ့သည်။
ရာစုနှစ်အတွင်း နိုင်ငံပိုင် အဆောက်အအုံများနှင့် မြေကွက်များကို လေလံပစ်ရာတွင် အကြီးဆုံးဖြစ်သဖြင့် ရာစုနှစ်၏ စျေးရောင်းပွဲကြီးဟု တင်စားခေါ်ဝေါ်ကြသော ပွဲကြီးပင် ဖြစ်သည်။
နိုင်ငံပိုင် မြေယာနှင့် အဆောက်အအုံ ၁၅၇ ခုကို လေလံပစ်ရန် ကြေညာခဲ့သည့်အနက် အများစုကို ရောင်းချခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် မသိဘဲ အချို့ကို စာရင်းမှ ပြန်ထုတ်ခဲ့သည်။
နောက်ပိုင်းတွင်ပေါ်ထွက်လာသော သတင်းများအရ အခွင့်ထူးခံအချို့သည် မဟာဗျူဟာမြောက် နေရာများမှ ထိုပိုင်ဆိုင်မှုများကို စျေးကွက်ပေါက်စျေးထက် နိမ့်ကျသော စျေးနှုန်းများဖြင့် ရယူသွားကြသည်ဟု သိရသည်။ ဤသည်က အကျိုးခံစားသူ အုပ်စုတမျိုး ဖြစ်သည်။
အခြားအုပ်စုတွင် စျေးကွက်ပေါက်စျေးထက် ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအတွင်း စျေးပိုပေးကြသော ထင်ရှားသည့် စွန့်ထွင်ဦးစီးသူများ ပါဝင်ကြသည်။ Asia World နှင့် AA အုပ်စုတို့သည် ယင်းအထဲတွင် ပါဝင်ကြသည်။ လေလံတင်သော အဆောက်အအုံများသည် နေရာကောင်းများတွင် ရှိသဖြင့် အကြိတ်အနယ် အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည်။ စျေးပေးနိုင်စွမ်း မြင့်မားစေရန်အတွက် အချို့က တဦးချင်းအနေဖြင့် မပြိုင်ဘဲ အုပ်စုလိုက် ပါဝင်ကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ အိမ်ယာမြေစျေးကွက်၌ စျေးနှုန်းများ တည်ငြိမ်နေခြင်းကြောင့် ဝယ်လိုအား လျှော့နည်းနေရာ လေလံအောင်သူများသည် ပြန်ရောင်း၍ မရသဖြင့် အချိန်မီ ငွေချေရန် ခက်ခဲခဲ့ကြသည်။
အိမ်ယာမြေ စျေးကွက်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော မျက်နှာသစ်များကိုလည်း ဤနောက်ဆုံးလေလံပွဲတွင် တွေ့မြင်ရသည်။ အများအားဖြင့် သူတို့သည် ယခင် ကျောက်မျက်ပြပွဲများတွင် စံချိန်တင် ဝင်ငွေများ ရရှိခဲ့ကြသော ကျောက်မျက်လုပ်ငန်းရှင်များ ဖြစ်ကြသည်။
မကြာသေးမီက နေပြည်တော်၌ ပြုလုပ်ခဲ့သော ၂ဝ၁၁ ခုနှစ် ပထမအကြိမ် ကျောက်မျက်ရတနာ ပြပွဲသည် ဒေါ်လာသန်းပေါင်း ၂၈ဝဝ ခန့် ရောင်းချခဲ့ရရာ ထိုပုဂ္ဂိုလ်များ အိမ်ယာမြေလောကသို့ ထပ်မံဝင်ရောက်လာဖွယ် ရှိသည်။ ထိုရောင်းရငွေ ၁ဝ ရာခိုင်နှုန်းသည် အခွန်အဖြစ်ဖြင့် အစိုးရငွေတိုက်အတွင်းသို့ ဝင်ရောက်သွားဖွယ် ရှိသည်။
ရောင်းချရသော ကျောက်မျက် အတော်များများသည် ပြည်တွင်းဝယ်သူများထက် စျေးပိုပေးနိုင်သော တရုတ်ကုန်သည်များ၏ လက်တွင်းသို့ သက်ဆင်းသွားကြကြောင်း အထူးပြောရန် လိုမည်မဟုတ်ပါ။ ကုန်သည် အငယ်စားများနှင့် လက်မှုလုပ်ငန်းများ လည်ပတ်ရန် ပြည်တွင်းကျောက်စျေးကွက်တွင် ကျောက်မျက်များ ရှားပါးနေဖွယ်ရာ ရှိပါသည်။
အချို့စာနယ်ဇင်း အုပ်စုများက ပုဂ္ဂလိကလက်သို့ လွှဲပြောင်းရောင်းချမှုကို လုပ်ငန်းရှင်များ ငွေကြေးခဝါချသည့် လုပ်ရပ်အဖြစ် ရှုမြင်ကြသည်။
အမှန်တကယ်တွင် ယင်းတို့ မည်သည့်နေရာမှ ဝင်ငွေရရှိသည်ကို မည်သူကမျှ ဒုက္ခခံပြီး စစ်ဆေးခြင်း မရှိသဖြင့် ခဝါချစရာ မလိုပါ။ အိမ်ယာမြေ ရောင်းချရမှ ရရှိသော ဝင်ငွေများကို ထုတ်လုပ်မှု စွမ်းအားရှိရှိအသုံးပြုကာ ရုပ်ဝတု္ထနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည်ဟု မျှော်လင့်ရသည်။
သို့သော်လည်း အခြားသော တွက်ကိန်းများကား ရှိနေသေးသည်။ အိမ်ယာမြေ၌ ရင်းနှီးမြုပ်နှံကြခြင်းမှာ အခြား အကျိုးအမြတ်ရှိရှိ ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းများ မရှိကြောင်း အတိတ်နိမိတ် ပြသကဲ့သို့ ရှိသည်။ ထုတ်လုပ်မှု စွမ်းအားရှိရှိ အသုံးပြုနိုင်သည့် ရင်းနှီးမြုပ်နှံမှုများသည် ထုတ်လုပ်မှုစွမ်းအားကို အကျိုးမပြုသော နေရာများသို့ ဝင်ရောက်သွားကြသည်။
အခြားတဖက်တွင် ပုဂ္ဂလိကနယ်ပယ်မှ ငွေကြေးများ အစိုးရသို့ ကြီးကြီးမားမား စီးဆင်းသွားခြင်းသည် ပုဂ္ဂလိက နယ်ပယ်တွင် ငွေကြေးရှားပါးမှု ဖြစ်ပေါ်စေကာ ကျပ်ငွေတန်ဖိုး တက်သွားနိုင်သည်။ ထို့အပြင် အိမ်ယာမြေစျေးတက်ခြင်းကြောင့် မြေယာငှားခများ တက်သွားနိုင်သည်။
အရေးပါသော နေရာများ၌ ငှားရမ်းခများသည် ၃ လ တကြိမ်သော်လည်းကောင်း၊ တနှစ်တကြိမ်သော်လည်းကောင်း တက်တတ်ပေရာ ထိုနေရာများတွင် လုပ်ငန်းတခု၊ ဆိုင်တဆိုင် ဖွင့်လှစ်ရန် ပိုခက်လာသည်။ တဖန် ဝင်ငွေ နိမ့်သူများအတွက် အိမ်ငှားခများ ကြီးမားလာခြင်းကြောင့် လူနေမှုစရိတ်တက်ကာ မြင့်မားသော လခများကို တောင်းဆိုလာကြသည်။
မကြာမီက ပြီးစီးသွားခဲ့သော ပြည်သူ့လွှတ်တော်၌ မေးမြန်းဖြေကြားခြင်း မရှိသည့် မေးခွန်းတရပ်မှာ ထိုအိမ်ယာမြေ ရောင်းရငွေများကို နေပြည်တော် တည်ဆောက်ရေးအတွက် အသုံးပြုသည်၊ သို့မဟုတ် ဖြစ်နိုင်ချေနည်းသော ထုတ်လုပ်မှု စွမ်းအားရှိသည့် ကိစ္စများတွင် အသုံးပြုသည်ဆိုသည့် ကိစ္စဖြစ်သည်။
မြင်သာထင်သာ ရှိမှု၊ စာနယ်ဇင်း၏ ကျယ်ပြန့်သော အခန်းနှင့် မသမာမှု တိုက်ဖျက်ရေး မူဝါဒများကို အလေးထားပုံ ရသည့် သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် ထိုစိန်ခေါ်မှုများကို ဖြေရှင်းရမည့် အလုပ်ကြီးများ ရှိနေပေသည်။