သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရဖြစ်တဲ့ခေတ်

သေနတ်ကို အမိန့်ပေးနိုင်ရင် အစိုးရဖြစ်တဲ့ခေတ်
by -
ရဲဘော်ဖိုးသံချောင်း

နိုင်ငံတကာ ပြက္ခဒိန်မှာ နှစ်သစ်တနှစ်ကူးတယ်ဆိုတာနဲ့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့၊ အနီးခေတ်ဗမာ့သမိုင်းမှာ ဂုဏ်ယူစရာ အကောင်းဆုံး အထိမ်းအမှတ်နေ့တွေ ...

နိုင်ငံတကာ ပြက္ခဒိန်မှာ နှစ်သစ်တနှစ်ကူးတယ်ဆိုတာနဲ့ ဗမာပြည်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့၊ အနီးခေတ်ဗမာ့သမိုင်းမှာ ဂုဏ်ယူစရာ အကောင်းဆုံး အထိမ်းအမှတ်နေ့တွေ တခုပြီး တခုဆက်နေခဲ့ပြီး အဲဒီနောက်မှာ မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲတော်ကို ရောက်လာခဲ့ပါတယ်။ နှစ်သစ်တနှစ်ကို အင်မတန်ကျက်သရေ ရှိစွာဖြတ်သန်းရတာပါ။ ဒါပေမဲ့အခုတော့ မတ်လ၂ရက်နေ့ ရောက်တယ်ဆိုတာနဲ့ ၁၉၆၂ခုနှစ် အာဏာသိမ်းတာကို ဂုဏ်ပြုထားတဲ့ “လယ်သမားနေ့”၊ မတ်လ ၂၇ရက်နေ့ရောက်တော့ ဘုန်းကြီးတွေလည်းမချန်၊ ပြည်သူလူထုကို သေနတ်နဲ့ပစ်၊ သတ်ဖြတ်နေတဲ့ စစ်တပ်ကို ဂုဏ်ပြုထားတဲ့ “တပ်မတော်နေ့” ဖြစ်နေပြန်ရော။

တကယ်ကျတော့ နအဖစစ်ဗိုလ်တွေဟာ ဒီတပ်မတော်ရဲ့“ဗြဟ္မာကြီးလေးဦး”လို့ ဆိုရမယ့် ရဲဘော်သုံးကျိပ်၊ ဘီအိုင် အေ၊ ဘီဒီအေ စတာတွေကိုမေ့ပစ်၊ ချောင်ထိုးလိုက်ကြပါပြီ။ အခုကိုပဲ လွှတ်တော်နဲ့သမ္မတရဲ့ အထက်က ကာကွယ်ရေးဦးစီးချုပ်လို့ တွေ့နေရပါပြီ၊

၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သူတို့ရဲ့ရွေးကောက်ပွဲတွေက တင်လာမယ့် လွှတ်တော်တွေကနေ သေနတ်ကို (တပ်ကို) အမိန့်မပေးနိုင်အောင် ကြိုးစားပမ်းစား ရေးဆွဲထားတယ်ဆိုတဲ့ အချက်ကို သတိပြုပါ။

သမိုင်းကို ပြန်ကြည့်လိုက်ရင် တပ်မတော်ဟာ လွတ်လပ်ရေး ရကာစတုန်းက ဖဆပလအစိုးရရဲ့ ချုပ်ကိုင်မှုကို လက်ခံခဲ့ ပါသေးတယ်။ ပြည်တွင်းစစ် တိုက်နေရလို့ ရန်ကုန်အစိုးရသာသာ ကျန်တော့တဲ့အခါမှာ ဦးနုက အိန္ဒိယကနေ လက်နက်ခဲယမ်း တောင်းပေးတာ ဘာညာတွေလုပ်ပေးနေတော့ စစ်တပ်ဟာ တည်ရှိနေတဲ့အစိုးရရဲ့ အမိန့်ကို နာခံပါတယ်။ အဲဒီနောက် ကူမင်တန်တရုတ်ဖြူ ကျူးကျော်မှု ဖြစ်ပွားလာတော့လည်း တည်ရှိနေတဲ့ အစိုးရက ကုလသမဂ္ဂမှာဒီကိစ္စကို ပြောနေဆိုနေ တာတွေ လုပ်နေတာဖြစ်တော့ စစ်တပ်ဟာ အစိုးရရဲ့စကားကို နားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖဆပလ အတွင်း ဂိုဏ်းတိုက်ပွဲတွေစတင် ပေါ်ပေါက်လာတာနဲ့အမျှ ဆိုရှယ်လစ်အုပ်စုဟာ သူတို့ရဲ့ဆိုရှယ်လစ်ပါတီဝင်တွေဖြစ်တဲ့ စစ်တပ်ထိပ်သီးပိုင်းက လူတွေကို စည်းရုံးတာ လုပ်ပါတော့တယ်။ ၁၉၅၆ခုနှစ်ရွေးကောက်ပွဲမှာ စစ်တပ်က ဖဆပလအဖွဲ့ကိုယ်စား အတိုက်အခံတွေကိုသတ်တာ၊ “ဆုံးမတာ” တွေလုပ်ပေးတာဟာ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ဘက်လိုက်လာတာကို အထင်အရှား ပြလာတာဖြစ်ပါတယ်။ တပ်မတော်ဟာ အာဏာရအစိုးရရဲ့စစ်တပ်မဟုတ် တော့ပဲ ဖဆပလရဲ့ စစ်တပ်ဖြစ်လာနေတဲ့ လက္ခဏာပါ။

ဒီလိုနဲ့ ဖဆပလအတွင်း အက်စပြုလာတော့ ဆိုရှယ်လစ်တွေဟာ စစ်တပ်ကို ကိုယ့်လူအဖြစ် အပိုင် တွက်ပါတော့တယ်။ တွက်လည်း တွက်လောက်ပါတယ်။ အဲဒီတုန်းက စစ်တပ်ထိပ်ပိုင်းရဲ့ ရာခိုင်နှုန်း၈ဝလောက်ဟာ ဆိုရှယ်လစ်ပါတီ အနွယ်တွေ ဖြစ်နေတာပါ။ ဖဆပလထိပ်ပိုင်းမှာကွဲပြီး ယိုင်နေတာ၊ ပြည်သူလူထုက ဖဆပလအစိုးရကို အယုံအကြည်လျော့နည်းလာတာ စတာတွေကို ရှစ်စပ်ကလည်တဲ့ ဗိုလ်နေဝင်းက ကောင်းကောင်း သတိထားမိပါတယ်။ အဲဒီလိုဖရိုဖရဲ အားနည်း နေတဲ့အုပ်စိုးသူကို သေနတ်နဲ့အမိန့်ပေးရင်ရတယ်လို့ အခြေအနေမှန် တွက်လိုက်မိ်ပါတယ်။ ဒါကြောင့် ၁၉၅၈ခုနှစ် အာဏာသိမ်းပွဲကို ဖော်ထုတ်လိုက်တာပါပဲ။ ဒီနောက်မှာတော့ အာဏာသိမ်းရတာ အင်မတန် လွယ်ကူတယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အိမ်စောင့် အစိုးရလို့ ကြေညာထားမိတဲ့အလျောက် ၁၉၆ဝရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပထစကို အာဏာလွှဲပေးလိုက်ပါတယ်။ တချိန်ထဲမှာပဲ သူ့အုပ်စုတခုကို အသေအချာ ပြင်ဆင် တည်ဆောက်ပါတော့တယ်။ နိုင်ငံရေး ဝင်္ကဘာရဲ့ အကွေ့အချိုးတွေမှာ သူ့ကိုအာခံမယ်လိုထင်ရတဲ့ ဆိုရှယ်လစ်စစ်ဗိုလ် အတော်များများကို တပ်ထဲက ပ'ထုတ်ခဲ့ပါတယ်။ ဒါဟာလည်း သေနတ်နဲ့လုပ်တဲ့ အစီအစဉ်မို့ မြန်မြန်ဆန်ဆန် လွယ်လွယ် ကူကူပဲ ပြီးမြောက်သွားပါတယ်။

မမေ့သင့်တာက အစိုးရ တရပ်ဟာ ရွေးကောက်ပွဲ သဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေ၊ တခြား ဘယ်သဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေ စစ်တပ်ကို ပြည်သူ လူထု ချုပ်ကိုင်မှုအောက်က ခွဲထုတ်ပြီး သီးသန့် ချုပ်ကိုင်ထားရင် အဲဒီအစိုးရဟာ စစ်အာဏာရှင် အစိုးရပဲ ဖြစ်နေမှာပဲဆိုတဲ့ အချက်ပါ။

၁၉၆၂ အာဏာသိမ်းတာဟာ ရာသက်ပန် အစိုးရတရပ် ထူထောင်တာပါပဲ။ ၅၈ ခုနှစ် အာဏာသိမ်းမှုဟာ အစမ်း အာဏာသိမ်းတာ၊ ၆၂ခုနှစ် အာဏာသိမ်းမှုဟာ တကယ်တမ်း အာဏာသိမ်းတာလို့ ဆိုရမှာပါ။ ဒီအချိန်ကစပြီး ဗမာနိုင်ငံမှာ သေနတ်ကို အမိန့်ပေးနိုင်သူဟာ အစိုးရကို အမိန့်ပေးနိုင်တဲ့ အဆင့်ကနေ သေနတ်ကို အမိန့်ပေးနိုင်သူဟာ အစိုးရလုပ်တယ် ဆိုတဲ့အဆင့်ကို ရောက်သွားပါပြီ။ ဒါကိုပြောင်းပြန်ပြောရရင် သေနတ်ကို အမိန့်မပေးနိုင်ရင် အစိုးရ မလုပ်ချင်နဲ့လို့ လောဂျစ် ဆွဲယူလို့ရပါတယ်။ ဒီလိုနဲ့ စစ်အာဏာရှင်စနစ် သက်တမ်းရှည်လာတော့ ဗမာပြည် စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချ အသက်သွင်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းအပါ ထိပ်သီးအမြောက်အမြားဟာ သေနတ်ကိုအမိန့်ပေးနိုင်တဲ့ နေရာကနေ စွန့်ခွာတယ်ဆိုတာနဲ့ သေနတ်ကို အမိန့်ပေးတဲ့ တခြားတယောက်က သူတို့ကို ပြန်အမိန့်ပေးတာတွေ ခံကြရပါတော့တယ်။

ဗိုလ်ချုပ်နေဝင်းအဖြစ်ကနေ သင်ခန်းစာယူထားတဲ့ ဗိုလ်သန်းရွှေတို့ရေးဆွဲလိုက်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သူတို့ရဲ့ရွေးကောက်ပွဲတွေက တင်လာမယ့် လွှတ်တော်တွေကနေ သေနတ်ကို (တပ်ကို) အမိန့်မပေးနိုင်အောင် ကြိုးစားပမ်းစား ရေးဆွဲထားတယ်ဆိုတဲ့ အချက်ကို သတိပြုပါ။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်- သမ္မတ ခန့်ထားတာထက် ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတာတွေက ပိုပြီးကြန့်ကြာနေတာတို့ဟာ တိုင်းပြည်မှာ ဘယ်တာဝန်၊ ဘယ်ရာထူးက အရေးပါဆုံး ဖြစ်တယ်ဆိုတာကို ပြသနေတာ တမျိုးပါပဲ။ ဒါ့အပြင် အစိုးရထဲက အစိုးရဆိုတာထက်ဆိုးတဲ့ အစိုးရအပြင်က အစိုးရလို့ ဆိုရမယ့် အကလက (အမျိုးသားကာကွယ်ရေး နှင့်လုံခြံုရေးကောင်စီ) ဆိုတာကလဲ တသီးတခြား၊ ထီးထီးမားမား တည်ရှိနေပါသေးတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအရဆိုရင် ဒီစစ်တပ်ကြီးဟာ အကလက (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ) နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်ကိုပဲ နာခံမယ်ဆိုတာလို ဖြစ်နေပါတယ်။ အခုတော့ ဒီစစ်အုပ်စုတခုရဲ့ လက်ကိုင်တုတ် လိုဖြစ်နေတဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ ဂုပ်ပေါ်မှာဝဲနေတဲ့ဓား၊ တိုင်းပြည်အထက်မှာ ပျံဝဲခြိမ်းခြောက်နေတဲ့ ဗုံးကြဲ လေယာဉ်ကြီးလို ဖြစ်နေပါတယ်။

မမေ့သင့်တာက အစိုးရတရပ်ဟာ ရွေးကောက် ပွဲ သဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်စေ၊ တခြား ဘယ်သဏ္ဌာန်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်စေ စစ်တပ်ကို ပြည်သူ လူထုချုပ်ကိုင်မှုအောက်က ခွဲထုတ်ပြီး သီးသန့် ချုပ်ကိုင်ထားရင် အဲဒီအစိုးရဟာ စစ်အာဏာရှင် အစိုးရပဲ ဖြစ်နေမှာပဲဆိုတဲ့ အချက်ပါ။ အဝတ်အစား၊ အပြောစကား၊ အရေးအကြွားတွေကိုကြည့်ပြီး သတ်မှတ်နေလို့ကတော့ နိုင်ငံရေးအရ ညံ့ဖျင်းရာ ကျလွန်းတယ်လို့ထင်ပါတယ်။

ဒီနေ့ဗမာပြည်မှာ တပ်မတော်နဲ့ ပတ်သက်တဲ့ အဓိက အကျဆုံး ပြဿနာဟာ တပ်မတော်ကို ပြည်သူလူထုရဲ့ ကွပ်ကဲမှု အောက်ပြန်ပို့ရေးဖြစ်ပါတယ်။ တနည်းအားဖြင့် ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ အစိုးရတရပ်ရဲ့ အမိန့်ကိုနာခံတဲ့ တပ်ဖြစ်စေဖိ့ု ဖြစ်ပါတယ်။ အခုတော့ နအဖရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရဆိုရင် ဒီစစ်တပ်ကြီးဟာ အကလက (အမျိုးသားကာကွယ် ရေးနှင့်လုံခြံုရေးကောင်စီ) နဲ့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့အမိန့်ကိုပဲ နာခံမယ်ဆိုတာလို ဖြစ်နေပါတယ်။ အခုတော့ ဒီစစ်အုပ်စု တခုရဲ့လက်ကိုင်တုတ်လိုဖြစ်နေတဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ ဂုပ်ပေါ်မှာဝဲနေတဲ့ဓား၊ တိုင်းပြည်အထက်မှာ ပျံဝဲခြိမ်းခြောက်နေတဲ့ ဗုံးကြဲလေယာဉ်ကြီးလိုဖြစ်နေပါတယ်။ စစ်တပ်ကို စစ်တန်းလျား ပို့ရမယ့်အစား လွှတ်တော်ထဲ၊ အိမ်ဦးခန်းထဲကို ခေါ်သွင်းလာခဲ့ပါပြီ။ ဒါ့အပြင် လွှတ်တော်က မချုပ်ထိန်းနိုင်တဲ့ ဒီစစ်တပ်ကို အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်တွေ ပေးထားပါတယ်။

အခုလိုပြည်သူနဲ့ စစ်တပ်ဆက်ဆံရေးမှာ ဘုရားကားအောက် မျောက်ကားအထက်ဖြစ်နေတဲ့ အနေအထားကို ပြန်မပြောင်းနိုင်သေးသရွေ့ တိုင်းပြည်ဟာ စစ်တပ်ရဲ့အနိုင်ကျင့်မှုကို ခံနေရပါလိမ့်မယ်။ ပြည်သူလူထုကို စစ်တပ်ရဲ့လုပ်စာ စားနေရတယ်ဆိုတဲ့ အမြင်မျိုးဖယ်ရှားပြီး ပြည်သူလူထုဟာ တပ်မတော်ရဲ့မွေးမိဘ၊ ကျွေးမိဘဖြစ်ကြောင်း တပ်မတော်သားတွေကို သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။ ဗမာပြည်မှာ သဘာဝကပ်ဘေးတွေ ကြံုတွေ့ရရင် တပ်မတော်ဟာ သူများနိုင်ငံတွေမှာလို ရှေ့တန်းကထွက်လာပြီး လူထုကိုကူညီ။ ကယ်ဆယ်တဲ့အနေအထား မျိုးပြန်ရောက်မှ လူထုနဲ့တပ်မတော်ဆက်ဆံရေးလည်း တဖြည်းဖြည်း ပုံမှန်ဆီ ပြန်ရောက်မှာပါ။

ရဲဘော်ဖိုးသံချောင်း