လူလိုနေရရေးနဲ့ ကမ္ဘာ့ နိုင်ငံရေးအရွေ့

လူလိုနေရရေးနဲ့ ကမ္ဘာ့ နိုင်ငံရေးအရွေ့
by -
မြတ်စိုး

ယနေ့ ကမ္ဘာကြီးဟာ အပြောကျယ်တဲ့ ပထဝီဒေသကြီး ဖြစ်သလို ထွေပြားတဲ့လူမှုရေး၊ နိုင်ငံရေး နယ်ပယ်ကြီး တခုလဲဖြစ်ပါတယ်။ ၂၁ ရာစု မှာ ကမ္ဘာ့လူဦးရေ  ရ ဘီလျံနီးပါးရှိလာခဲ့သလို နည်းပညာတဟုန်ထိုး တိုးတက်လာနေ ...

ယနေ့ ကမ္ဘာကြီးဟာ အပြောကျယ်တဲ့ ပထဝီဒေသကြီး ဖြစ်သလို ထွေပြားတဲ့လူမှုရေး၊ နိုင်ငံရေး နယ်ပယ်ကြီး တခုလဲဖြစ်ပါတယ်။ ၂၁ ရာစု မှာ ကမ္ဘာ့လူဦးရေ  ရ ဘီလျံနီးပါးရှိလာခဲ့သလို နည်းပညာတဟုန်ထိုး တိုးတက်လာနေတဲ့ ကမ္ဘာကြီးမှာ   လူသားတွေရဲ့ တွေးခေါ်ယူဆမှု၊ လိုလားမှုတွေဟာလဲ သိသိသာသာ တိုးတက် ပြောင်းလဲလာခဲ့တာတွေ့လာရတယ်။ ဒီ တိုးတက်ပြောင်းလဲလာမှုတွေဟာ ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့်  ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းတွေကို သိသိသာသာ ပြောင်းလဲလာစေခဲ့တဲ့ အဓိက အကြောင်းရင်းခံတွေ ဖြစ်လာခဲ့ရတယ်။

၂ဝ ရာစု ကမ္ဘာ့နိုင်ငံရေး လောကမှာ အတွေးအခေါ် ဆိုင်ရာပြဿနာများသာ ရင်ဆိုင်ခဲ့ရတယ် လို့ သမိုင်းဆရာတွေက ကောက်ချက်ချပြောဆိုခဲ့ကြပြီး နိုင်ငံ တော်တော် များများမှာ အတွေးအခေါ် ဆိုင်ရာ ပဋိပက္ခများ၊ တော်လှန်ရေးတိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တယ်။ ပဒေသရာဇ် စနစ်ကို ဆန့်ကျင်မှုများ၊ ဘူဇွာ အရင်းရှင်များကို နာကြည်းမှုများ၊ ကွန်မြူနစ် စနစ်ကို ရွံမုန်းမှုများ နဲ့ပတ်သက်တဲ့ အတွေးအခေါ်ဆိုင်ရာ တော်လှန်ရေးများ ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားခဲ့တယ်။ ထိုစဉ်က ကမ္ဘာ့ပြည်သူတွေဟာ မိမိတို့ လိုလားခဲ့ကြတဲ့ စနစ်တွေဟာ နိုင်ငံကို တိုးတက်အောင်၊ တရားမျှတမှုရှိအောင် ဖန်တီးနိုင်ကြလိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ စနစ်အတွက် တိုက်ပွဲ၊ စနစ်အတွက် တော်လှန်ရေးလို့ ခေါ်ဝေါ်ခဲ့ကြတယ်။

ယနေ့ခေတ်မှာ ၂ဝ ရာစုက ကမ္ဘာ့လူသားတွေ လက်ခံလာခဲ့ကြတာကတော့ ဒီစနစ်တွေဟာ နိုင်ငံကို တိုးတက်အောင် မလုပ်နိုင်ခဲ့သလို တရားမျှတမှုရှိအောင် မဖန်တီးနိုင်ခဲ့ကြတာ တွေ့လာရတယ်။  ရလဒ်ကတော့ အာဏာရှင်တွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မှိုလိုပေါက်အောင် ပေါ်ထွက် လာခဲ့တာပါ။

၂၁ ရာစု ကမ္ဘာ့ရွာကြီးမှာ လူသားတွေရဲ့ တွေးခေါ်ယူဆပုံ ပြောင်းလာခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး ရာသီဥတု နှင့်  ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်း တွေ  သိသိသာသာပြောင်းလဲလာခဲ့တာတွေ့ရတယ်။ အတွေးအခေါ်ဆိုင်ရာ တိုက်ပွဲများမှာ လွတ်လပ်မှု အတွက်တိုက်ပွဲနဲ့ လူ့ဂုဏ်သိက္ခာဆိုင်ရာ တိုက်ပွဲ များက အစားထိုးလာခဲ့ကြတယ်။ ကမ္ဘာ့လူသားအားလုံးက လူသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အတွေးခေါ်ဆိုင်ရာ ပြဿနာများက ပေါ်ထွက်လာကြတဲ့ အာဏာရှင်စနစ် အဆုံးသတ်ရေး တိုက်ပွဲများ ကို ဆင်နွှဲလာကြတာ တွေ့ရတယ်။

၁၉၉၇ အာရှ ငွေကြေး အကျပ်အတည်း လှိုင်းလုံးကြီးဟာ အင်ဒိုနီးရှား နိုင်ငံမှာ နှစ်ပေါင်းများစွာ နိုင်ငံရေးစင်မြင့်မှာ ထိုင်ခဲ့တဲ့ ဆူဟာတိုနဲ့ မလေးရှား က မဟာသီယာရဲ့ ထိုင်ခုံတွေကို သွက်သွက်ခါအောင် လှုပ်ခါစေခဲ့တယ်။ ၂ဝဝ၇ မှာ စခဲ့တဲ့ ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြီးဟာ အာရပ်ကမ္ဘာမှာရှိတဲ့ အာဏာရှင်တွေကို  ဘုန်းဘုန်းလဲကျဆုံးစေခဲ့တယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ ကျန်ရှိနေသေးတဲ့ အာဏာရှင်တွေဟာ နှစ်ပေါင်းများစွာ အာဏာကိုပဲ ဆက်လက်ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေကို လုပ်ပေးကောင်း လုပ်ပေးနိုင်ပါလိမ့်မယ်။ နိုင်ငံကိုတိုးတက်အောင်၊ တရားမျှတမှုရှိအောင် ၊ လူသားဂုဏ်သိက္ခာ ကြီးမားလာအောင်တော့ မအုပ်ချုပ်နိုင်တော့ပါဘူး။  ကမ္ဘာကြီးကို ပိုငြိမ်းချမ်းအောင်တော့မလုပ်နိုင်ပါဘူး။

ယနေ့ ကမ္ဘာ့ပြည်သူတွေဟာ ဘယ်စနစ်က ကောင်းခြင်းမကောင်းခြင်းထက် ဘယ်အစိုးရ က လူ့ဂုဏ်သိက္ခာကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေအတွက် လွတ်လပ်မှုကို အကာအကွယ်ပေးမလဲ၊ ဘယ်အစိုးရ က သူ့ပြည်သူတွေကို ထမင်းနပ်မှန်အောင်ကျွေးနိုင်မလဲ  ဆိုတာကို ပြောဆိုနေကြပါပြီ။ ကမ္ဘာကြီးမှာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အယူအဆတွေကို ဆန့်ကျင်လာနေကြပြီ။

ကမ္ဘာ့နိုင်ငံရေး လောကမှာလဲ  နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲ အနိုင်ရတာနဲ့ တိုင်းပြည် မှာ လူ့အခွင့်အရေးတွေ ဘယ်လောက်ထိ အကာအကွယ်ပေးမလဲ၊  နိုင်ငံကို ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လို ဖန်တီးပေးမလဲ၊ အကျင့်ပျက်ခြစားမှုနဲ့  အဂတိလိုက်စားမှုတွေ ဘယ်လို တိုက်ဖျက်မလဲ၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဆင်းရဲမွဲတေနေမှုကို ဘယ်လိုတိုက်ဖျက်မလဲ၊ ဆင်းရဲချမ်းသာ ကွာဟနေမှုကို ဘယ်လိုဖြေရှင်းမလဲ၊ တိုင်းပြည်အတွင်း ပညာရေး ကျန်းမာရေး အခြေအနေတွေ ဘယ်လောက်မြှင့်တင် နိုင်အောင်ကြိုးစားမလဲ ဆိုတာတွေကို နေ့စဉ် ကိန်းဂဏန်း အချက်အလက်တွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုနေကြပါပြီ။ ကမ္ဘာ့နိုင်ငံရေးရာသီဥတု  ပြောင်းလဲလာပြီမို့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းလဲ ပြောင်းလဲ နေတာကတော့ ဧကန်ပါပဲ။

Most read this week