ကျနော် …. ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် တကြိမ်တခါမျှ မမြင်မတွေ့ဖူးခဲ့ ….။
၁၉၈၈ အရေးတော်ပုံကာလအတွင်း၌လည်း ကျနော်သည် နယ်မြို့လေးတမြို့ရှိ သပိတ်စခန်းနှင့် စီတန်းလမ်းလျှောက်ဆန္ဒပြသည့် လှုပ်ရှားမှုများနှင့်သာ နယ်တွင် ရှိနေခဲ့၏။ ရန်ကုန်သို့မရောက်….။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရှေ့နှင့် ရွှေတိဂုံဘုရားအနောက်ဘက်မုခ်တို့၌ ဟောပြောသည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားပွဲများသို့လည်း ကျနော် မရောက်ခဲ့….။ ဤအတွက် … အရေးတော်ပုံကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်အား အဝေးမှပင်လျှင် မြင်တွေ့နိုင်ခဲ့ခြင်း မရှိခဲ့….။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလအတွင်း ကျနော်တို့၏ ပြည်နယ်လေးအတွင်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးအနေနှင့် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးလာ၏။ ကျနော်တို့မြို့လေးသို့လည်း ရောက်၏။ မြို့လေး၏ အဖွဲ့ချုပ်ရုံး၌ အဖွဲ့ဝင်များနှင့် တွေ့သည်။ အဖွဲ့ချုပ်ရုံးရှေ့မှ မြို့လူထုအား စကားပြော၏။ ထိုစဉ်ကလည်း … ကျနော်သည် မြို့လေးတွင် မရှိ…။ ဖလံတောင်ဝှေးတို့ ဖြစ်ထွန်းရာ အရပ်ဆီသို့ ခေတ္တရောက်နေခဲ့ပြန်သည်။ သို့နှင့် … ဒေါ်အောင်ဆန်းစုကြည်နှင့် ကျနော် မဆုံတွေ့နိုင်ခဲ့ရ။
နှစ်ပေါင်း ၂၂ နှစ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်၌ မမှိတ်မသုန် လိုက်ပါခဲ့သော်လည်း၊ ယနေ့တိုင် … ကျနော် ဒေါ်အောင်ဆန်းစုကြည်အား မတွေ့မမြင်ဘူးပေ။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်သွင်အား ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် စကား၊ ရေးသားခဲ့သည့် စာများအတွင်းမှာပင် ရှာဖွေ၍ ရုပ်ပုံလွှာအား ပုံဖော်ကြည့်မိ၏။
(၂)
၁၉၈၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင်၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထုကြီးသို့ ကြေညာချက်တစောင် ထုတ်ပြန်၍ အသိပေးကြေညာ၏။ အရေးတော်ပုံကာလအတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ပထမဦးစွာသော လူထုထံသို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်ဟုလည်း ယူဆမိ၏။
‘နိုင်ငံရေးနယ်ပယ်အတွင်း ဝင်ရခြင်းအကြောင်း’ ဟူ၍ ခေါင်းစဉ်တပ်ထားသည်။ ပြီးလျှင် … ကြေညာချက်၏ ပထမဦးဆုံသော စာကြောင်းအား ‘တိုင်းပြည်နှင့် ဖခင်၏ ကျေးဇူးအား ဆပ်လို၍’ ဟု နိဒါန်းတွင် ဝန်ခံကတိပြုထား၏။
“ကျမ သိတတ်စအရွယ်ကပင် မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများ၊ အထူးသဖြင့် ကျမဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက် ထားရှိခဲ့သော မျှော်မှန်းချက်များနှင့် ပတ်သက်သော ဆွေးနွေးစကားများကို နေ့စဉ်မပြတ်ဆိုသလို ကြားနေခဲ့ရပါသည်။ ထိုသို့ကြားခဲ့ရခြင်းဖြင့် မြန််မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှုတို့ အပေါ်တွင် တည်ရှိကြောင်းကို သဘောပေါက်ခဲ့ပါသည်။
ဖေဖေသည် တိုင်းသူပြည်သားအချင်းချင်း၊ သတ်ဖြတ်တိုက်ခိုက်သည့် အာဏာလုနိုင်ငံရေးမျိုးကို လုံးဝမနှစ်သက်၊ မကြိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးကာလ၌ နိုင်ငံရေးလောကတွင် ကျောခိုင်း၍ သတင်းစာဆရာ၊ စာရေးဆရာတယောက်အနေနှင့် အသက်မွေးဝမ်းကျောင်းရှာဖို့ ရည်ရွယ်ခဲ့ကြောင်း၊ နိုင်ငံအရပ်ရပ်သို့ သွားရောက်၍ မြန်မာပြည်သူလူထုအတွက် ပညာရစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများ ရှာဖွေရန် မှန်းဆခဲ့ကြောင်းများကို သိရှိရခဲ့သည်။
ဖေဖေ၏ မဖြစ်မြောက်နိုင်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ကျမလည်း မြန်မာတိုင်းသူပြည်သား အချင်းချင်းကြား အာဏာလုပွဲဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ဘဲ၊ နိုင်ငံတကာ အသိအမှတ်ပြုခြင်းခံရသည့် စာပေလောကအတွင်းမှ မြန်မာကို ကမ္ဘာက သိစေရေး၊ မြန်မာ့ပြည်သူလူထုအတွက် အသုံးဝင်နိုင်မည့် စာအုပ်စာတမ်းများ ပြုစုရေးတို့နှင့် တိုင်းပြည်အကျိုးဆောင်ရန် ခန့်မှန်းရည်ရွယ်ထားခဲ့သည်။
ထိုကဲ့သို့ စာပေလောက၌ အေးချမ်းပြည့်ဝစွာ နေခွင်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်းခဲ့သလို ညီညွတ်ခိုင်ခန့်သည့် ပြည်ထောင်စုကြီး၊ တိုးတက်သာယာသည့် တိုင်းပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု မရနိုင်ခဲ့ပါ။ အမှန်စင်စစ်တွင် ကျမစိတ်ထဲတွင် တိုင်းပြည်နှင့် ဖခင်ကို ခွဲ၍မစဉ်းစားနိုင်ပါ။
မြန်မာနိုင်ငံအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့ ခံစားရပါသည်။ အထူးသဖြင့် ဖေဖေပြုစုပျိုးထောင်ခဲ့သော တပ်မတော်နှင့် ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားခဲ့သော လူထုအကြားတွင် စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမို၍ စိုးရိမ်ပူပန်မိပါသည်။
ထိုကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေသည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သားအချင်းချင်း အာဏာလုပွဲကဲ့သို့ဖြစ်မည့် နိုင်ငံရေးမျိုးကို ရှောင်ကြဉ်ချင်လှပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူလူထုအတွက် အကျိုးဖြစ်စေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။”
ဤတွင်…. ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရုပ်ပုံလွှာအား ခဲသားထူထူနှင့် တွေ့မြင်မိလိုက်၏။
(၃)
၂၂ နှစ်အတွင်း ပြည်နယ်များအားလုံးသို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးဆန့်ခဲ့၏။ အချို့ပြည်နယ်များသို့ဆိုလျှင် … အကြိမ်ကြိမ်ရောက်၏။ ပထမဦးစွာသော ဒေါ်အောင်ဆန်းစုကြည်၏ ပြည်နယ်ခရီးစဉ်က …. မွန်ပြည်နယ်သို့ ဖြစ်၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့အတွင်း သွားလာခဲ့ခြင်းဖြစ်သည်။ သထုံမြို့တွင် မွန်လူထုနှင့် တွေ့၍ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစကားပြော၏။
“ငယ်ငယ်ကတည်းက ကျမတို့သမိုင်းမှာ သင်ခဲ့ရတာဆိုလို့ရှိရင် ရာဇဓရာဇ်တို့၊ ရှင်စောပုတို့၊ ဓမ္မစေတီတို့ဆို အင်မတန်မှ ကြည်ညိုစရာကောင်းတဲ့ အင်မတန်မှ လေးစားဖွယ်ရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးများဆိုပြီးတော့ စိတ်ထဲမှာ နားလည်ခဲ့ပါတယ်။ မှန်မှန်ပြောရင် ကျမ ၅ တန်း၊ ၆ တန်းကျမှ ဒါဟာ မွန်ဘုရင်တွေပါလားဆိုပြီး နားလည်ခဲ့တယ်”
“ကျမတို့ ဗမာယဉ်ကျေးမှုနဲ့ မွန်ယဉ်ကျေးမှုဟာ အင်မတန်မှ အရေးကြီးတဲ့ ယဉ်ကျေးမှုကြီး နှစ်ခုဖြစ်တယ်။ ဒီယဉ်ကျေးမှုကြီးနှစ်ခုစလုံးကို နားလည်မှလည်း ဗမာပြည်ရဲ့သမိုင်းကို ကောင်းကောင်းနားလည်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်”
“တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသဖြင့် ကျမတို့ အားပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အများအတွေးအခေါ်၊ အများယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ အများကြီးခိုင်ခန့်မယ်၊ အများကြီးလည်း တိုးတတ်နိုင်မယ်၊ အများကြီးလည်း ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်”
အနာဂတ်ပြည်ထောင်စုသစ်၊ တိုင်းရင်းသားလူမျိုးစုများအရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးပုံရိပ်အား ဖျတ်ကနဲ မြင်လိုက်ရ၏။
ပြီးလျှင် …. ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စုနေ့တွင်လည်း ပင်လုံကျောက်တိုင်အရှေ့၌ ပြည်ထောင်စုနေ့ အခမ်းအနားအား ကျင်းပ၏။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က …. တိုင်းရင်းသားအပေါင်းတို့အား မိန့်ခွန်းစကားဆို၏။ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုစကား…။ ပြည်ထောင်စုအသံ…။ အနာဂတ်တွင် ထုဆစ်လိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အနာဂတ်ပြည်ထောင်စု ကောက်ကြောင်း….။
“ကျမတို့ဟာ နောင် ဒီလိုကရေစီ ပြည်ထောင်စုအသစ်တခုအဖြစ် ထူထောင်ရေးအတွက် ပင်လုံလို တိုင်းရင်းသားလူမျိုးစုများ အားလုံးပါဝင်တဲ့ ညီလာခံကြီးတခု ခေါ်ဖို့လိုတယ်လို့ ယုံကြည်ပါတယ်။ ဒီလိုညီလာခံကြီးကနေပြီးတော့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများ ကိုယ်ပိုင််ပြဋ္ဌာန်းမှု…၊ စတဲ့ ကိစ္စတွေကို သေသေချာချာ ဆွေးနွေးပြီးတော့ အားလုံးရဲ့ သဘောတူညီချက်အရ အကောင်းဆုံးအဖြေကို ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။
နောက်ပြီးတော့ ကျမတို့အတွက် အင်မတန်မှ အရေးကြီးနေတဲ့ ကိစ္စတခုကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပါပဲ။ ပြည်ထောင်စုကြီးတခုလုံး တည်တံ့ခိုင်မြဲဖို့၊ တိုးတက်ဖို့၊ သာယာဝပြောဖို့ဆိုတာဟာ ပြည်တွင်းငြိမ်းချမ်းရေး လိုပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ရှာရမယ်ဆိုတာကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ နှစ်ပေါင်း ၄ဝ ကျော် ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်နည်းနဲ့ ရှာခဲ့ပါတယ်။ အခုထက်ထိ မရသေးပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရဖို့ဆိုတာဟာ နိုင်ငံရေးနည်းနဲ့ ရှာရမယ်လို့ ယုံကြည်ပါတယ်”
ဤသည်ပင်လျှင် …. ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ် ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းချီတက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာ…။
ဤသို့ပင် ကျနော်မြင်လိုက်မိ၏။
(၄)
ဒေါ်အောင်ဆန်းစုကြည်က… ဗိုလ်ချုပ်၏ ရင်သွေး၊ တပ်မတော်သားမိသားစုမှ ပေါက်ဖွားလာသည့်သူဖြစ်၏။ တပ်မတော်သားများ၏ ထိန်းကျောင်းချီပိုးမှုအောက်မှာပင် ကြီးခဲ့ရ၏။ ဤအတွက် … ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်သားများအပေါ် သံယောဇဉ်ကြီး၏။ တပ်မတော်အပေါ် တွယ်တာမိခဲ့၏။
သူမငယ်စဉ်ကပင် …. ချစ်ခင်တွယ်တာခဲ့ရသည့် တပ်မတော်ကြီးအား ဂုဏ်သိက္ခာရှိသည့် ကောင်းမြတ်ကြည်ညိုဖွယ် တပ်မတော်တရပ်အဖြစ် မြင်လို၊ တွေ့လို၊ ဖြစ်စေလိုခဲ့မည်မှာ လွဲမှားဖွယ်မရှိ…။
ဤအတွက်ပင် …. ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ခဲ့သည့် ဧရာဝတီတိုင်း ခရီးစဉ်၌ သူမ မြင်လို၊ တွေ့လို၊ ဖြစ်စေလိုသည့် တပ်မတော်…။ သို့မဟုတ် သူမ၏ ဖခင် မြင်လို၊ တွေ့လို၊ တည်ထောင်လိုသည့် တပ်မတော်နှင့်ပတ်သက်၍ တပ်မတော်အပေါ်ထားရှိသည့် သူမ၏ သဘောထားအား ပြောဆိုခဲ့၏။
“တပ်မတော်ဟာ ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ပါ။ ဖေဖေဟာ တပ်မတော်ကို ထူထောင်ကတည်းက လူတယောက်အတွက် မဟုတ်ဘူး၊ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူး၊ နိုင်ငံတနိုင်ငံလုံးအတွက် ထူထောင်ခဲ့တယ်ဆိုတာ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ထူထောင်ခဲ့တဲ့ တပ်မတော်ပါ။ ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်ပြိုကွဲမှာကို ကျမ လုံးလုံးမလိုချင်ပါဘူး။ ကျမ ဖြစ်စေချင်တာကတော့ ဖေဖေတည်ထောင်ခဲ့တုန်းက ရည်ရွယ်ချက်အတိုင်း ပြည်သူလူထု အားကိုးနိုင်ရာ၊ ကိုးကွယ်နိုင်ရာ၊ လဲလျောင်းနိုင်ရာ၊ တပ်မတော်ကြီး ဖြစ်စေချင်တယ်။ အဲဒီတော့တပ်မတော်ဟာ ပြည်သူလူထုနဲ့ စည်းစည်းလုံးလုံးရှိမှ တိုင်းပြည်ဟာ တိုးတက်နိုင်ပါတယ်။ ဟိုးအရင် လက်ဝဲသုန္ဒရခေတ်ထဲက ကဗျာရှိပါတယ်။ ဒီစကားကိုလည်း အများပြည်သူက သိပြီးသားပါ။
‘စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း ပြည်သူ့နှလုံး မသိမ်းကြံုးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင် ဓားသွားလည်း ကြွေ၊ လှံလည်းခွေအံ့’ တဲ့။
အဓိပ္ပာယ်ကတော့ အုပ်ချုပ်တဲ့သူများဟာ ဘယ်လောက်ပဲ အာဏာရှိရှိ၊ ဘယ်လောက်ပဲ အင်အားရှိရှိ ပြည်သူလူထုရဲ့ မေတ္တာကို မသိမ်းကြံုးနိုင်လို့ရှိရင် အောင်အောင်မြင်မြင်နဲ့ မထမ်းဆောင်နိုင်ပါဘူး။ ဒါကို ကျမ လက်ခံတယ်။ ကျမ ယုံကြည်တယ်။ အဲ့ဒီတော့ အစိုးရများ၊ တပ်မတော်များဟာ ပြည်သူလူထုရဲ့ မေတ္တာကို သိမ်းကြံုးနိုင်တဲ့ အဖွဲ့အစည်းများ ဖြစ်ရမယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒီလိုအဖွဲ့အစည်းများဖြစ်ဖို့ ကျမတို့ ဦးတည်ပါတယ်”
(၅)
ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံလွှာပန်းချီကားချပ်တွင် …. ပညာရပ်ဝန်းမှ သုတေသီပညာရှင်…။ အနု၊ အလှ၊ အလင်္ကာတို့နှင့် ထုံသင်းနေသည့် ဆေးသားစုတ်ချပ်တို့ကိုလည်း ထင်ထင်လင်းလင်းနှင့် တွေ့မြင်ရ၏။
ဒေါ်အောင်ဆန်းစုကြည်သည် စာအစုံရေး၏။ လေးနက်ခက်ခဲသည့် အတွေးအမြင်စာတမ်းများလည်း ရေး၏။ အတ္ထုပတ္တိစာပေများ၊ ပြုစုရေးသားသကဲ့သို့ …နိုင်ငံရေး၊ စီးပွားရေးဆောင်းပါးများကိုလည်း ရေး၏။
ပြီးလျှင် …. အနု၊ အလှ၊ ရသတို့နှင့် ဖွဲ့သီသည့် ကဗျာ၊ ရသအက်ဆေးများကိုလည်း သီကုံးဖွဲ့ဆို၏။
လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနသို့ တင်သွင်းခဲ့သည့် သူမ၏ ဘွဲ့လွန်စာတမ်းက….
“၁၉၁ဝ-၁၉၄ဝ ခုနှစ်အတွင် မြန်မာစာပေတွင် ရိုးရာအစဉ်အလာအသစ် ဖြစ်ပေါ်ထွန်းကားမှုနှင့် အမျိုးသားရေးဝါဒ” ဟူသည့် စာတမ်းဖြစ်သည်။
“စစ်မှန်သော လုံခြံုရာသို့”၊ “ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး” စသည့် စာတမ်းများတွင်မူ …. ဒေါ်အောင်ဆန်းစုကြည်၏ လေးနက်သည့် ဒဿနနှင့် လောကအမြင်တို့အား ရှင်းလင်းပီပြင်စွာနှင့် တွေ့မြင်ရ၏။ နားလည်ရ၏။
‘အောင်ဆန်း’ အတ္ထုပတ္တိစာတမ်းအား ပြုစုရေးသားရာတွင်မူ ….ဒေါ်အောင်ဆန်းစုကြည်သည် အချိန်များစွာ ပေး၍ သုတေသနပြုခဲ့ရ၏။ ရန်ကုန်ရှိ တပ်မတော် မော်ကွန်းတိုက်သို့ နေ့စဉ်သွား၍ လိုသည့်အချက်အလက်များအား လက်ရေးနှင့် ကူးယူ၏။
ဂျပန်နိုင်ငံသို့သွားပြီး …. ဗိုလ်ချုပ်အောင်ဆန်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည့် ‘မီနာမီကန်’ မှ စစ်မှုထမ်းဟောင်း ဂျပန်စစ်အရာရှိကြီးများနှင့် တွေ့ဆုံ၍ မေးမြန်းမှတ်သားခဲ့၏။ ဤသို့နှင့်…. လများ၊ နှစ်များ များစွာယူ၍ ‘အောင်ဆန်း’ အတ္ထုပတ္တစာတမ်းအား ဒေါ်အောင်ဆန်းစုကြည် ရေးသားပြုစု၏။ စာတမ်း၏ နိဒါန်းတွင် ဒေါ်အောင်ဆန်းစုကြည်က …..
“သွေးသားနီးကပ်စွာ တော်စပ်သူတဦး၏ အတ္ထုပတ္တိကို ရေးရသည်မှာ မလွယ်ကူပါ။ ဓမ္မဓိဋ္ဌာန်ကျကျ ရေးနိုင်မည်မဟုတ်ဟု အစွပ်စွဲခံရတတ်ပါသည်။ တကယ်တမ်းတွင်လည်း အတ္ထုပတ္တိရေးသူတို့သည် မိမိတို့ ရှာဖွေစုဆောင်းရရှိသော အထောက်အထားများဖြင့် မိမိတို့ ကိုယ်ပိုင်ဆုံးဖြတ်ဉာဏ်ကို ပုံစံသွင်းပေးခဲ့သော အဖြစ်အပျက်၊ အတွေ့အကြံုများ၏ သြဇာသက်ရောက်မှုမှ ကင်းလွတ်နိုင်မည် မဟုတ်ပါ။ ကျမအနေဖြင့် ကျမဖခင်၏ ရုပ်ပုံလွှာကို ကျမမြင်သည့်အတိုင်း မှန်ကန်စွာပေါ်လွင်စေရန် ကြိုးပမ်းရေးသားထားပါသည်ဟုသာ ပြောနိုင်ပါသည်”
ဤသည်ပင်လျှင် ….သုတေသီ၏ ရိုးဖြောင့်မှုဟု ဆိုရမည်။
ဒေါ်အောင်ဆန်းစုကြည်သည် … ကဗျာများအား အင်္ဂလိပ်ဘာသာနှင့် ရေးသည်က များ၏။ “In the Quiet Land” ကဗျာအား ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ်ဘာသာနှင့်ပင် ရေးဖွဲ့သည်။
“တရုတ်တွေက လမ်းကို လိုချင်တယ်၊
ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်၊
ထိုင်းတွေကတော့ သစ်ကို ယူတယ်၊
နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ….”
ခေတ်ပြိုင်ခံစားမှုအား ဒေါ်အောင်ဆန်းစုကြည်က … ကဗျာနှင့် ဤသို့ ရိုးရှင်းစွာ ဖွဲ့ပြထား၏။
ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီးသည့်နောက် … ဂျပန်နိုင်ငံထုတ် သတင်းစာတစ်စောင်တွင် “Letter from Burma” ခေါင်းစဉ်နှင့် အပတ်စဉ် ဆောင်းပါးများအား ဒေါ်အောင်ဆန်းစုကြည် ရေး၏။ ဒေါ်အောင်ဆန်းစုကြည်ရေးသည့် “Letter from Burma” က ရသအဖွဲ့ပါသည့် ဆောင်းပါးများဖြစ်သည်။ မြန်မာ့အငွေ့အသက် အားရစေသည့်် ခေတ်ပြိုင်ရသဆောင်းပါးများဟု မြင်မိသည်။
“မုတ်သုန်ဆိုတဲ့ စကားလုံးဟာ ကျမတို့အတွက်တော့ အမြဲနားဝင်ချိုလှပါတယ်။ ကျမတို့ မြန်မာလူမျိုးတွေဟာ မိုးရာသီဆို သိပ်ကိုလွမ်းဆွေး၊ တမ်းတတာထက် ချစ်ကြည်နူးဖွယ်ရာအဖြစ် မှတ်ယူကြပါတယ်။ ကလေးဘဝတုန်းက ကျမမွေးဖွားကြီးပြင်းခဲ့တဲ့ အိမ်ဝရံတာကနေပြီး မဲမှောင်နေတဲ့ ကောင်းကင်းကြီးကိုကြည့်ရင်း ထူထပ်တဲ့ မိုးတိမ်တွေဆီကနေ တဝုန်းဝုန်းနဲ့ ရွာချလိုက်တဲ့ မိုးသံတွေကို နားထောင်ခဲ့ပါတယ်။
ဒီလိုမိုးရာသီဆိုရင် အတိအကျ ပြောလို့မရတဲ့ အတိတ်က အကြောင်းအရာတွေကို လွမ်းသလိုလို၊ ဆွေးသလိုလို ခံစားကြတဲ့ လူကြီးတွေရဲ့ ခံစားချက်မျိုးကျ သိပ်ခံစားချင်ပါတယ်။ ဒါပေမဲ့ ၆ နှစ်အရွယ်ပဲ ရှိသေးတယ်ဆိုတော့ အတိတ်ကာလဆိုတာကလည်း ဘာမှ မယ်မယ်ရရ မရှိသေးပါဘူး။ မှိုင်းမှုန်နေတဲ့ မုတ်သုန်မိုးနေ့ကို မဖော်ပြနိုင်တဲ့ အလွမ်း၊ အဆွေးနဲ့ ကြည့်ရင်း ကြီးပြင်းလာခဲ့ပါတယ်။
ကျမပထမဦးဆုံး သင်ယူခဲ့ရတဲ့ ကဗျာတွေထဲက မြန်မာကလေးတိုင်းသိတဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ရေးသားထားတဲ့ မိုးရာသီအကြောင်း ကဗျာတပုဒ်ရှိပါတယ်။ ‘ဝါဆို၊ ဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်’ ဆိုတာပဲ ဖြစ်ပါတယ်။ ကျမဟာ ကျမရဲ့ မိခင်ကို သပြေသီးဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာကို မြင်ဖူးချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သပြေသီးဆိုတာက ရန်ကုန်လိုနေရာမျိုးမှာ အင်မတန်ရှားပါးတော့ နမူနာလေးတလုံးလောက်တောင် ကြည့်ဖို့မလွယ်ပါဘူး။ ကျမ ဆယ်ကျော်သက်အရွယ် ကျမရဲ့ မိခင်နဲ့အတူ အိန္ဒိယကို လိုက်သွားတော့မှပဲ ကလေးဘဝတုန်းက ကျမ အင်မတန်မြင်တွေ့ချင်လှတဲ့ သပြေသီးမှည့်ကို ကျမရဲ့ မိခင်က ပေးနိုင်ပါတော့တယ်။
အဲဒီတုန်းက ကျမ ကဗျာတွေ ရွတ်ဆိုရင်း စိတ်ကူးနဲ့ မှန်းခဲ့တာကတော့ ခြေချောင်းလေးတွေကြားမှာ ရွံ့တွေနဲ့ မိုးရွာထဲ လမ်းလျှောက်နေတာ၊ မိုးအေးအေးထဲ အသားညိုညိုပိန်ပိန်နဲ့ ကလေးမလေး ပျော်ရွှင်နေတာ၊ ကြည်လင်းသန့်စင်တဲ့ မိုးရေထဲမှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားနေတာ စတာတွေပါပဲ။ ကျမဘဝမှာ မိုးရေထဲ ရေချိုးရတာလောက် အင်မတန်ပျော်ရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလိုကလေးဘဝဟာ ကုန်လွန်ခဲ့ပြီဆိုတာ ကျမသိခဲ့ပါတယ်”
‘မုတ်သုန်အတွေး’ မှ ဒေါ်အောင်ဆန်းစုကြည်၏ ‘အလွမ်းစိတ်’ အား ဖျတ်ကနဲ တွေ့မြင်လိုက်ရ၏။ ဤသည်ပင် …. လူသားပီသသည့် ‘ခံစားမှု’….။
(၆)
နှစ်ပေါင်း ၂၂ နှစ်အတွင်း ကျနော် တွေ့မြင်မိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာက …. နိုင်ငံရေးယုံကြည်ချက်တွင် ကြံ့ခိုင်၏။ စွန့်လွှတ်မှုများစွာအား စွန့်ဝံ့၏၊ ပေးဆပ်ရဲ၏၊ အတွေးအခေါ် အယူအဆတွင် ရှင်းလင်း၏။ မည်သည့်အချိန်အခါတွင်မှ မဝေဝါးခဲ့။ ‘လုပ်ဟန်’ တွင် လက်ဝဲ၊ လက်ယာ သွေဖယ်ခြင်း အလျဉ်းမရှိ…။ ၁၉၉ဝ ခုနှစ် မေလ ရွေးကောက်ပွဲအား ဝင်သင့်သည့်အခါတွင် သူမကိုယ်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် လျှောက်လွှာတင်ခဲ့၏။ ၂ဝ၁ဝ ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်သင့်သည့် အခါတွင်လည်း သူမသည် ရှင်းရှင်းပြတ်ပြတ်ပင် ဆုံးဖြတ်၏။ မတွေဝေ…။ ဤအတွက် …နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒူးသည် …မညွှတ်….။ မာ၏၊ ကြံ့ခိုင်၏။ ဤသည်ကို …. ကြမ်းသည်ဟုဆိုလျှင် …. ရ၏။ တဖက်တွင် သုတေသီတဦးအဖြစ်နှင့် ပညာရပ်ဝန်းအတွင်း ပျော်မွေ့၍ လေးနက်သည့် ကျမ်းကြီး၊ ကျမ်းငယ်အား ပြုစု၏။
ပြီးလျှင်…. လူသားပီသစွာ အလွမ်းစိတ်ရှိ၏။ ခံစားမှုရှိ၏။ ဤအတွက် …. ကဗျာများသီကုံး၏။ ရသအက်ဆေးများ ရေးဖွဲ့၏။ အနု၊ အလှ၊ အလင်္ကာများ…။
ဖျတ်ကနဲ၊ ဖျတ်ကနဲ မြင်တွေ့နေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွှာပန်းချီကားချပ်က ….အကြမ်းနှင့် အနု… ပေါင်းစပ်ထား၏။ ဆန့်ကျင်ဘက်ခြင်း ညီညွှတ်မျှတနေသည့် အလှ….။
ဆရာဒဂုန်တာရာက …. သူ၏ ရုပ်ပုံလွှာဆောင်းပါးများတွင် …
“ခေါင်းဆောင်သည် အနုနှင့်အကြမ်း ပေါင်းစပ်နိုင်ရမည်ဟု ထင်မိသည်။ အနုချည်းလည်း မဖြစ်။ အကြမ်းချည်းလည်း မဖြစ်။ ပျော့လျှင် ဖယောင်း…။ မာလျှင် သံချောင်းမျိုး….” ဟူ၍ ရေး၏။
ပြီးလျှင် …. ဆရာက….
“ကိုအောင်ဆန်းရော၊ ကိုဗဟိန်းကော နိုင်ငံရေးစိတ်ဓာတ် ပြင်းပြသည်ကို ကျနော်သိသည်။ ကိုအောင်ဆန်းက တစိုက်မတ်မတ်၊ တခုတည်း အာရုံထားလုပ်သူမို့ ကျန်တာ ဘာမှ အာရုံသိပ်မထား။ လူမှုရေးရာဘက်တွင် ယုတ်လျော့သည်။ ကိုဗဟိန်းက သူ့လိုမဟုတ်…”
ဤအတွက် ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာခေါင်းစဉ်များအား …. ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ၊ ‘ဗဟိန်း (သို့မဟုတ်) ကဗျာ’ ဟူ၍ ပေးခြင်းဖြစ်မည်။
ကျနော် စိတ်အတွင်းမှ တိုးတိုးလေး ရွတ်ဆိုလိုက်မိ၏။
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) အရိုင်းကဗျာ”….။