ဥပဒေရေးရာတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတော့မှာလား၊ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေအတွက် ဥပဒေက ဘာမှ အကာအကွယ် မပေးနိုင်တော့ဘူးလား။
တရားဥပဒေ စိုးမိုးမှုဆိုတာ ပြည်သူတွေအတွက် မဟုတ်ဘဲ၊ အာဏာရှင်တွေ အာဏာတည်မြဲဖို့ ထင်သလို ရမ်းကားနိုင်ဖို့ကိုပဲ ထောက်ကူပံ့ပိုးနေတော့မှာလား။
အမှန်တရားကို တည့်မတ်ပေးမည့် ထီးချက်စောင့်နတ်သမီး အိပ်ပျော်နေသလား။
အမျိုးမျိုး တွေးတောစရာတွေ ဖြစ်ပေါ်လာတာတော့ အမှန်ပါ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အရှုံးတွေကို ထပ်ဆင့် ရင်ဆိုင်နေရလို့ စိတ်ဓာတ်ကျစရာတွေ ဖြစ်လာတယ်ဆိုရင် မငြင်းနိုင်တဲ့ အချက်တချက်လို့ ပြောရမှာပါ။
ဒါပေမဲ့ မှုခင်းတွေ ဖြစ်ပွားလာပြီဆိုတာနဲ့ အမှားနဲ့ အမှန်၊ အကောင်းနဲ့ အဆိုး စသဖြင့် ဒွန်တွဲနေတာဟာ နိယာမ တရားတခုပဲ ဖြစ်တယ်။ မှားယွင်းဆုံးဖြတ်လိုက်လို့ နစ်နာတဲ့သူအတွက် သက်သာခွင့် ကုစားခွင့် အဆိုးထဲက အကောင်းရွေးချယ်လို့ကော မရတော့ဘူးလား။ ဒီလိုတော့ မဟုတ်ပါ။ အကောင်းမြင်တတ်သူတွေအတွက် ကောင်းတယ်လို့ ရွေးချယ်ခံစားနိုင်ဖို့ အချို့အချက်အလက်တွေ ရှိပါတယ်။
အာဏာရှင်တို့အနေနဲ့ အာဏာတည်မြဲနိုင်ဖို့ရာအတွက် ဘာကိုမှ အလေးမထားဂရုမစိုက်ဘဲ လုပ်ကိုင်တယ်ဆိုတာကို နိုင်ငံတကာနဲ့ပြည်သူလူထုတရပ်လုံး ပိုမိုသိမြင်လာစေတယ်။
ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လက်နက်သဖွယ် အသုံးပြုပြီး၊ ပြည်သူတွေနဲ့ အတိုက်အခံတွေကို ဖိနှိပ်နိုင်ဖို့ အသုံးပြုတယ်ဆိုတာကို နိုင်ငံတကာက ပိုမိုထင်ရှားစွာ သိလာပြီဖြစ်တယ်။
နိုင်ငံတကာက လက်ခံကျင့်သုံးလိုက်နာရမယ့် လူ့အခွင့်အရေး အခြေခံမူတွေဟာ အာဏာရှင်လူတစုအတွက်သာ ဖြစ်ပြီး၊ ပြည်သူအများအတွက် မဟုတ်ဘူးဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်စေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတွေအဖြစ် တင်ပြထားတဲ့ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့အား လက်ခံစစ်ဆေးပေးဖို့ လျှောက်ထားတာကို ပလပ်ခဲ့တဲ့ တရားရုံးချုပ်ရဲ့ စီရင်ချက်မှာ လျှောက်ထားသူ အမှတ် (၁) က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုမှာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ စွဲဆိုခြင်းဖြစ်ကြောင်းနဲ့ ယင်းပုဒ်မမှာ အရေးယူခံရသူတဦးဟာ ကန့်သတ်မိန့် (ဒါမှမဟုတ်) တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ မလိုက်နာရင်သော်လည်းကောင်း အရေးယူသည့် ပုဒ်မဖြစ်ကြောင်း တရားရုံးချုပ်က မှတ်ချက်ပြုဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မူလရုံး အမှုမှာ သူ့အပေါ် အရေးယူထားတဲ့ ကန့်သတ်မိန့် (ဒါမှမဟုတ်) တားဆီးမိန့်ကို ဆန့်ကျင်ခြင်း မရှိ၊ ဖောက်ဖျက်ခြင်း မရှိကြောင်းနဲ့ အဓိက ထုချေဖြေရှင်းဖို့သာဖြစ်ကြောင်း ဆိုထားပါတယ်။
တရားဆိုင် ၂ ဦး ၂ ဖက် တင်ပြတဲ့ သက်သေတွေကို စစ်ဆေးပြီးနောက် ၂၅-၇-၂ဝဝ၉ ရက် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်တွေက လျှောက်လဲချက်ပေးပြီးနောက် ရုံးချိန်ကုန်သွားတဲ့အတွက် ၂၈-၇-၂ဝဝ၉ တနင်္လာနေ့ ထပ်ချိန်းဆိုခဲ့ပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးက ၂ ဖက် တင်ပြတဲ့ အပြီးသတ် လျှောက်လဲချက်ကို ကြားနာခဲ့ပြီးနောက် အမိန့်ချမှတ်ဖို့ ဇူလိုင်လ ၃၁ ရက်နေ့ ချိန်းခဲ့ပါတယ်။ ဒီ့နောက် ဥပဒေရေးရာ အချက်အလက်တွေ ပေါ်ပေါက်နေတဲ့အတွက် ချိန်းဆိုထားတဲ့နေ့မှာ အမိန့်မချဖြစ်ဘဲ သြဂုတ်လ ၁၁ ရက်နေ့ ထပ်ချိန်းခဲ့သည်။
အမှုမှာ စစ်ဆေးပေါ်ပေါက်ချက်တွေ၊ သက်သေထွက်ဆိုချက်တွေ၊ သက်သေအထောက်အထားတွေနဲ့ နှစ်ဖက်တင်ပြတဲ့ လျှောက်လဲချက်ကို ကြားနာပြီးနောက် တရားလိုဘက်က စွဲဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က ကျူးလွန်ကြောင်းနဲ့ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိရင် ပြစ်မှုနဲ့ အချိုးကျတဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးရမှာပါ။ အဲဒီလို ပြစ်ဒဏ်ချမှာ ပထမ သင့်မြတ်တဲ့ ပြစ်ဒဏ်အမျိုးအစားကို ရွေးရပါတယ်။ ပြီးရင် ပြစ်ဒဏ်ရဲ့ အတိုင်းအတာကို သတ်မှတ်ရပါတယ်။
ပြစ်ဒဏ်အမျိုးမျိုးမှာ ငွေဒဏ်၊ ထောင်ဒဏ်နဲ့ သေဒဏ်တို့ ပါတယ်။ စည်းကမ်းချက်တွေနဲ့ ခံဝန်ချုပ်ဆိုပြီး အလွတ်နေထိုင်ရတာလည်း ပြစ်ဒဏ်တမျိုးပါပဲ။
ပြစ်မှုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ် ထိုက်သင့်စေရမယ်လို့ သက်ဆိုင်ရာ ဥပဒေက တပါတည်း ပြဋ္ဌာန်းထားပါတယ်။ တရားရုံးက ဥပဒေနဲ့အညီသာ ဆုံးဖြတ်ရတယ်။ ဥပဒေက သတ်မှတ်တဲ့ ပြစ်ဒဏ်ကြီး လေးလွန်းတယ်လို့ ယူဆရင်လည်း လျှော့မပေးနိုင်၊ ပေါ့လွန်းတယ်လို့ ယူဆရင်လည်း တိုးမပေးနိုင်၊ ဥပဒေ ဘောင်အတွင်းမှာ အမှုအဖြစ်အပျက်၊ အခြေအနေ၊ တရားခံနောက်ကြောင်း စတာတွေကို ထောက်ပြီး ပြစ်ဒဏ်အမျိုးအစားကို ရွေးချယ်နိုင်တယ်။ အတိုင်းအတာကို ချိန်ဆချင့်ချိန်နိုင်တယ်။
တချို့ပြစ်မှုတွေမှာ ပြစ်ဒဏ်အမျိုးအစားကိုပင် တရားရုံးက မရွေးနိုင်၊ ဥပမာ သေဒဏ် မပေးမနေရ ပြဋ္ဌာန်းထားရင် ငွေဒဏ်ချမှတ်ယုံနဲ့မပြီး၊ ထောင်ဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့အပြင် အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်ကနေ တသက်ထောင်ဒဏ်လို့ပါ အတိအလင်း ပြဋ္ဌာန်းထားရင် ထောင်ဒဏ်ကို ၁ဝ နှစ်အောက်လျှော့ပြီး ပြစ်ဒဏ်ပေးလို့ မရ။ ဒါကြောင့် ၁ဝ နှစ်နဲ့ တသက် ထောင်ဒဏ်အကြားမှာပဲ တရားရုံးက ချိန်ဆသတ်မှတ်နိုင်တယ်။ နိုင်ငံတော် သစ္စာဖောက်မှုအတွက် ပြစ်ဒဏ်ဟာ တသက်တကျွန်းဒဏ် ဒါမှမဟုတ် သေဒဏ်ဖြစ်တယ်။ ပြစ်မှုထင်ရှားတွေ့ရှိရင် ဒီထောင်ဒဏ် ၂ ရပ်အနက် တရပ်ကိုပဲ တရားရုံးက ရွေးချယ်အပြစ်ပေးနိုင်တယ်။ တခြားပြစ်ဒဏ်ကို တရားရုံးက ရွေးချယ်ချမှတ်ပြီး မပေးနိုင်ပါ။
ထောင်ဒဏ်တသက်ဆိုရင် သာမန်အားဖြင့် နှစ် ၂ဝ ၊ နိုင်ငံတော် သမ္မတက ပြောင်းလဲသတ်မှတ်ပေးရင် ၁၄ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။
ထောင်ဒဏ်ချမှတ်ရမယ်လို့ ဥပဒေက ပြဋ္ဌာန်းပေမယ့် အများဆုံးကိုပဲ ဖော်ပြပြီး၊ အနည်းဆုံးကို ချန်လှပ်ထားရင် တရားရုံးက တရက်ကနေ သတ်မှတ်တဲ့ အများဆုံးအထိကို ချိန်ဆသတ်မှတ်ရတယ်။ တရက်ကို တရားရုံးတထိုင် လို့လည်း သတ်မှတ်တယ်။ တရက်ကနေ တသက်အထိကို ချိန်ဆဆုံးဖြတ်ရရင် တရားရုံးမှာ တာဝန်ကြီးလေးတယ်။ အမှားဖြစ်တတ်တယ်။ အပြောခံရတတ်တယ်။ အဂတိဝင်တတ်တယ်။ ဒါကြောင့် တရားရုံးရဲ့ ဆုံးဖြတ်ခွင့်ဟာ မကျဉ်းလွန်း၊ မကျယ်လွန်း၊ မတင်းမကျပ် မလျော့လွန်း ဖြစ်သင့်တယ်။
တချို့ပြစ်မှုတွေမှာ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ် ၂ ရပ်စလုံး စီရင်နိုင်တယ်။ ငွေဒဏ်ကိုလည်း ဘယ်လောက်အထိလို့ သတ်မှတ်လေ့ရှိတယ်။ ဒဏ်ငွေကနေ တဖက်နစ်နာသူကို ဘယ်လောက်ပေးစေလို့ တရားရုံးက အမိန့်ချမှတ်နိုင်တယ်။
ငွေဒဏ်မပေးဆောင်နိုင်သူကို ထောင်ဒဏ်အချိုးကျ ချမှတ်နိုင်တယ်။ အစားထိုး ထောင်ဒဏ်ဟာ ဘယ်လောက်မပိုရလို့ ဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားတယ်။ ပြစ်ဒဏ်အမျိုးအစားနဲ့ အချိုးကို ရွေးချယ်ရာမှာ အမှုအဖြစ်အပျက်၊ ကာလဒေသ၊ အခြေအနေနဲ့ တရားခံရဲ့ နောက်ကြောင်းကို ထည့်သွင်းစဉ်းစားသင့်တယ်။ အမှန်းအဆ၊ ကိုယ့်အထင်အမြင် ဒေါသနဲ့ ပြစ်ဒဏ်ကို သတ်မှတ်ရင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားတတ်တယ်။ အပြစ်ရှိကြောင်း တွေ့ပြီးလို့ ပြစ်ဒဏ်ရွေးချယ်သတ်မှတ်ဖို့ ဖြစ်လာရင် အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး အဂတိတရား လေးပါး ကင်းစွာ ဒေါသကင်းကင်းနဲ့ ဆုံးဖြတ်သင့်တယ်။
အခု ရန်ကုန်မြောက်ပိုင်းခရိုင် အထူးခုံရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါတယ်။
''နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ အရေးယူခြင်း ခံရသူတဦးဦးသည် ကန့်သတ်မိန့် သို့မဟုတ် တားဆီးမိန့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ ဖောက်ဖျက်လျှင်သော်လည်းကောင်း၊ မလိုက်နာလျှင်သော်လည်းကောင်း၊ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ စီရင်ခြင်းခံစေရမည်'' ဟု ပြဌာန်းထားသည်ကို တွေ့ရသည်။
ဒီပုဒ်မနဲ့ အပြစ်ပေးအရေးယူနိုင်ဖို့ ပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖောက်ဖျက်ကျူးလွန်ကြောင်းကို တရားလိုဘက်ကနေ အထင်အရှား သက်သေပြနိုင်မှပဲ အပြစ်ပေးနိုင်မှာပါ။
''ပုဒ်မ ၁ဝ (ခ) အရ အရေးယူခြင်းခံရသူအား တားဆီးမှုပြုရာတွင် -
(က) မည်သည့်နေရာတွင် မနေထိုင်ရဟု သတ်မှတ်ခြင်း၊
(ခ) မည်သည့်နေရာဒေသတွင် နေထိုင်ရမည်ဟု သတ်မှတ်ခြင်း၊
(ဂ) သွားလာမှုကို လိုအပ်သလို တားဆီးခြင်း၊
(ဃ) သတ်မှတ်သည့် အရာဝတ္ထုများကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ပိတ်ပင်တားဆီးခြင်း'' လို့ ပြဋ္ဌာန်းထားပါတယ်။
အမှုမှာ တင်ပြထားတဲ့ သက်သေခံ အထောက်အထားတွေအရ - သက်သေခံ (ခ-၁) မှာ ပါရှိတဲ့ အပိုဒ် (က) (ခ) (ဂ) တွေပါ အချက်အလက်တွေနဲ့ တားဆီးထားပါတယ်။
''အပိုဒ် (က) တွင် သံရုံးများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးပါတီနှင့် ဆက်နွယ်သူများ၊
အပိုဒ် (ခ) တွင် နေအိမ်မှအပ ပြင်ပသို့ လုံးဝ မထွက်ရ၊
အပိုဒ် (ဂ) တွင် အခြားသို့ စာဖြင့်သော်လည်းကောင်း၊ စကားပြောကြေးနန်းဖြင့်သော်လည်းကောင်း ဆက်သွယ်ခြင်း မပြုရ'' ဟု အစိုးရအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုမိန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထက်ပါအတိုင်း တားဆီးထားတဲ့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ဥပဒေ ပုဒ်မ ၉ (စ) မှာ ''ကန့်သတ်တားဆီးမှု ခံထားရသူသည် ပုဒ်မ ၁၁ ပါ ကန့်သတ်ထားသည့် ကိစ္စရပ်များမှတပါး နိုင်ငံသားများ ခံစားခွင့်ရှိသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်'' လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ တားဆီးထားတဲ့ ကာလအတွင်း အထက်မှာ ဖော်ပြထားတဲ့ တားဆီးမိန့်ကို ချိုးဖောက်ခဲ့ခြင်း မရှိပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ နေအိမ်မှာ ထိန်းသိမ်းထားပြီး နေအိမ်ကို အာဏာပိုင်တွေက လုံခြံုရေးတာဝန် ယူထားခြင်း ဖြစ်ပါတယ်။ နေအိမ်ထဲကို လုံခြံုရေးစည်းကို ကျော်ဖြတ်ပြီး၊ ဂျွန်ဝီလျံယက်တော ဝင်ရောက်လာတဲ့ ကိစ္စမှာ အာဏာပိုင်တွေက ဂျွန်ဝီလျံယက်တောကို ညဉ့်အချိန် ပုန်းလျှိုးဝင်ရောက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုရမှာ ဖြစ်ပါတယ်။ ဂျွန်ဝီလျံယက်တောကိုယ်တိုင်က ကျူးကျော်ဝင်ရောက်လာကြောင်း ဝန်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက တရားခံအဖြစ် တရားစွဲဆိုတာဟာ အလွန်ကိုပဲ မှားယွင်းနေပါတယ်။
တရားလိုဘက်ကနေ သက်သေတွေဖြစ်တဲ့ ဒုရဲမှူးကြီးဇော်မင်းအောင်နဲ့ ဒုရဲမှူးကြီးဝင်းနိုင်ထွန်းတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၇၄ခု ခုနှစ် ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) ပုဒ်မ ၁၆ဝ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်ကြောင်း သက်သေထွက်ဆိုခဲ့တယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတော်အစိုးရကနေ ပယ်ဖျက်တဲ့ ဥပဒေတွေ စာရင်းမှာ မပါဝင်ပေမယ့် ၁၉၈၈ ခုနှစ် စစ်တပ်ကနေ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၈၈ စကားရပ်တွေ အစားထိုးတဲ့ ဥပဒေအမှတ် ၈/၈၈ ဥပဒေလို အာဏာတည်တဲ့ အမိန့်အမှတ် ၂/၈၈၊ ၃/၈၈ ၊ ကြေညာချက်အမှတ် ၂/၈၈ တို့အရလည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၁/၉၇၊ ၁၉၉၇ ခုနှစ် စကားရပ်တွေ အစားထိုးတဲ့ ဥပဒေအမှတ် ၁/၉၇ တို့အရလည်းကောင်း၊ သက်သေခံအမှတ် (ခ) ကန့်သတ်မိန့်မှာ ဖော်ပြထားတဲ့ ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေဟာ ကြေညာချက်အမှတ် ၆/၈၈ မှာ ဖော်ပြထားတဲ့ ပယ်ဖျက်ခြင်းအရ ပယ်ဖျက်တဲ့သဘော သက်ရောက်နေတာကို တွေ့ရတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်မယ့် ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီ၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့နဲ့ ပြည်သူ့ကောင်စီ အဆင့်ဆင့်ကို ပယ်ဖျက်ထားပြီးဖြစ်နေတဲ့အတွက် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သက်ဝင်လှုပ်ရှား အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပါ။
၁၉၇၄ ခုနှစ် ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ၆/၁၉၈၈ အရ ကြေညာချက်အရ မပယ်ဖျက်သေးလို့ အတည်ဖြစ်လျက်ရှိကြောင်းနဲ့ တရားလိုဘက်ကနေ တင်ပြတဲ့ သက်သေတွေက ထွက်ဆိုပေမယ့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်က ၄၆ နှစ်မြောက် တော်လှန်ရေးနေ့ ၂၇-၃-၁၉၉၁ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိတော့ကြောင်း မိန့်ခွန်းပြောကြားထားတာကိုလည်း တွေ့ရတယ်။
ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး အထူးခုံရုံးက ဇူလိုင်လ ၃၁ ရက်နေ့မှာ အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် ဥပဒေရေးရာ အချက်အလက်တွေ ပေါ်ပေါက်နေတဲ့အတွက် သြဂုတ်လ ၁၁ ရက်နေ့ ပြန်ချိန်းခဲ့တယ်။ ဥပဒေရေးရာ အငြင်းပွားနေတဲ့ အချက်တွေအနေနဲ့ -
၁။ ၁၉၇၄ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အတည်ဖြစ်တုန်းလား။
၂။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၄၈ (ဂ)၊ ၁၅၇၊ ၁၅၈၊ ၁၅၉ (က) (ခ) ပုဒ်မ ၁၆ဝ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်တယ်လို့ သက်သေထွက်ဆိုချက်တွေကို အမှုစစ်ဆေးစီရင်ရာမှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသလား။
၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်သလား ဒါမှမဟုတ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ဖောက်ဖျက်ပါသလား စတဲ့ အချက်တွေဟာ အမှုကို စီရင်ဆုံးဖြတ်မယ့် တရားသူကြီးတွေအနေနဲ့ ထည့်သွင်းစဉ်းစားရမယ့် ဥပဒေပြဿနာတွေ ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်တွေက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၁ ပါ ပြဋ္ဌာန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ကျူးလွန်ဖောက်ဖျက်ခြင်း မရှိကြောင်း ခုခံချေပခဲ့ပြီး ဖြစ်တယ်။
တရားလိုတွေဘက်က တင်ပြစွဲဆိုတဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သက်ဝင်လှုပ်ရှားနိုင်ခြင်း မရှိတော့တဲ့အတွက် ပယ်ဖျက်ပြီးသလို ဖြစ်နေကြောင်းလည်း တင်ပြထုချေခဲ့ပြီး ဖြစ်တယ်။
အထူးခုံရုံးအနေနဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ၊ သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အမိန့်ချရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်မမနဲ့ ဒေါ်ဝင်းမမတို့ကို အမှုကနေ အပြီးပြတ်လွှတ်ပေးတဲ့ အမိန့်ကိုပဲ ချမှတ်ရမှာပါ။ ဒါပေမဲ့ နိုင်ငံရေးအရ တရားရုံးဆီ တင်ပို့တရားစွဲဆိုတဲ့ မှုခင်းတွေကို တရားသူကြီးတွေက စစ်ဆေးဆုံးဖြတ်တာ မဟုတ်ဘဲ၊ အာဏာရှင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ပြယုံပဲ ဖြစ်ပါတယ်။
ကုလအတွင်းရေးမှူးချုပ် လာလည်း ဒေါ်စုအမှုအတွက်တော့ ဘာမှထူးလာမှာ မဟုတ်ဘူးဆိုတာကို သက်သေတွေ ခေါ်ယူစစ်ဆေးခွင့်ပြုဖို့ လျှောက်ထားတဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၃၃၃/၂ဝဝ၉ မှာ တရားရုံးချုပ်က ချမှတ်လိုက်တဲ့ အမိန့်နဲ့ သက်သေပြလိုက်သလို နောက်တဆင့် ပြစ်ဒဏ်ချမှတ်ဦးမယ် ဆိုတာကိုလည်း ရဲချုပ်ခင်ရီရဲ့ သတင်းစာရှင်းပွဲက သက်သေပြထားပြီးဖြစ်တယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှှုနဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် အခုအမှုကို ဘယ်လို တုံ့ပြန်ပြီး အမိန့်ချမှတ်မယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Published
Monday, August 3, 2009 - 16:00
အမှုမှ အပြီးပြတ် လွှတ်ခြင်းနှင့် ပြစ်ဒဏ် သတ်မှတ်ခြင်း
ဥပဒေရေးရာတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတော့မှာလား၊ အမှန်တရားအတွက် တိုက်ပွဲဝင်သူတွေအတွက် ဥပဒေက ဘာမှ အကာအကွယ် မပေးနိုင်တော့ဘူးလား။ ...