ကမ္ဘာကြီး၏ မသေချာ၊ မရေရာလှသော စွမ်းအင်လိုအပ်ချက်အပေါ် နိုင်ငံဒေသတခုချင်းစီ၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြံုရေးသည် ၎င်းနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးတိုးတက်မှုနှင့် ချမ်းသာကြွယ်ဝမှုအတွက် အဓိက လက်တွေ့ကျသော အခန်းဏ္ဍမှ ပါဝင်ပေသည်။ ဒေသတွင်း အင်အားကြီးနိုင်ငံများ၏ လောင်စာစွမ်းအင်ရရှိရေး တဟုန်ထိုး လိုက်လာနေကြသည်က မြန်မာ့နိုင်ငံရေးကို ရိုက်ခတ်စေတော့သည်။
၂၀၀၈ ခုနှစ် မေလတွင် တဟုန်ထိုး မြင့်တက်သွားသော လောင်စာဆီစျေးနှုန်းကြောင့် ကမ္ဘာတဝှမ်းရှိ စီးပွားရေး လုပ်ငန်းများ တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ အထူးသဖြင့် အာရှ စီးပွားရေးတက်သည့် ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံနိုင်ငံ အချို့ကိုပါ ရိုက်ခတ်သွားခဲ့သည်။ အာဆီယံဒေသတွင်လည်း ရေနံထုတ်လုပ်ရောင်းချသော မလေးရှားနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန်နိုင်ငံများ အားလုံးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို မိမိနိုင်ငံ၏ စွမ်းအင်အတွက် အဓိက မှီခိုရသည့် အားလျော်စွာ ရေနံကုန်စျေးနှုန်း မြင့်တက်ခြင်း၏ ဂယက်ရိုက်မှုကို ခံခဲ့ရပေသည်။
တရုတ်နဂါးနှင့် အိန္ဒိယဆင်တို့ အပြိုင်
ရေနံ အဓိကတင်သွင်းပြီး စွမ်းအင် အဓိကလိုအပ်နေသည့် တရုတ်နှင့် အိန္ဒိယ၏ စွမ်းအင်လိုအပ်ချက်အရ ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းတွင် ၎င်းနိုင်ငံများ၏ ရေနံတင်သွင်းမှုမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်ပေသည်။ ဤကဲ့သို့ ဆက်တိုက် စီးပွားရေးကြီးထွားလာမှုများ၏ လိုအပ်ချက်အရ လာမည့်နှစ်များတွင် ကြီးမားသော စွမ်းအင်တင်သွင်းမှုနှင့် စဉ်ဆက်မပြတ် စွမ်းအင်ရယူမှုများသည်လည်း ဒေသတွင်း၌ ပိုမို၍ ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာစေသည်။
ယနေ့ ကမ္ဘာစွမ်းအင်မြင်ကွင်းကို ကြည့်မည်ဆိုလျှင် အာရှနိုင်ငံများ၏ သုံးစွဲမှုနှုန်း ကြီးထွားမှုကို ထင်ထင်ရှားရှား မြင်ရသည်။ စီးပွားရေး လျင်မြန်စွာ တိုးတက်နေသည်နှင့်အမျှ စွမ်းအင်သုံးစွဲမှုမှာလည်း အတက်ဘက်ကိုသာ ပြနေသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အာရှနိုင်ငံများ၏ စွမ်းအင်လိုအပ်မှုသည် မြောက်အမေရိက တခုလုံးထက် မြင့်တက်သွားပေမည်။ စက်မှုစီးပွားရေး နိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံများသည် အရှေ့မြောက် အာရှဒေသတွင် စွမ်းအင် ပိုမိုသုံးစွဲလာပြီး တပြိုင်နက်တည်းမှာပင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်မှာလည်း ကြီးထွားလာနေသည်။
မေ့လျော့ခံ ဖြစ်ခဲ့ပေမယ့်
ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသော ကပ္ပလီပင်လယ်၊ မာလကာ ရေလက်ကြားတို့သည် တောင်အာရှနှင့် အရှေ့အာရှ နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ထုတ်လုပ်တင်ပို့ ရောင်းချရာတွင် အရေးပါသော လမ်းကြောင်းများ ဖြစ်သည်။
စစ်အေးကာလ နိုင်ငံရေး ဆက်စပ်ပြောင်းလဲမှုများအရ ထိုစစ်အေးကာလအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့၌ အနောက်နိုင်ငံများမှ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရယူရေးအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ခဲ့သည်ကို မတွေ့ရချေ။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများပါ တိုးပွားလာသည်ကို တွေ့ရပေသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ မုတ္တမကွေ့နှင့် ရခိုင်ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိချိန်၊ ၎င်းနည်းတူ ဘင်္ဂလားဒေရှ်နှင့် အိန္ဒိယနိုင်ငံ၌ ကမ်းလွန် သဘာဝဓာတ်ငွေ့ ရှာဖွေ့တွေ့ရှိသော ကာလတွင် ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်သည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့်အရှေ့မြောက်အာရှနိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ဗဟိုအချက်အချာ ဖြစ်လာပေသည်။ ဘင်္ဂလားပင်လယ်အော်အပြင် တောင်တရုတ် ပင်လယ်နှင့် ဆက်စပ်နေသည့် မာလကာ ရေလက်ကြားသည်လည်း ၎င်းနှင့်ထိစပ်နေသော မလေးရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရောင်းချရေးအတွက် အရေးပါသလို စင်္ကာပူနိုင်ငံ၏ နိုင်ငံတကာ ရေနံသိုလှောင် ချက်လုပ်ရေးအတွက်လည်း များစွာ အထောက်အကူပြုပေသည်။ ၎င်းအပြင် တရုတ်၊ ဂျပန်နှင့် ကိုရီးယား၏ ပါရှန် ပင်လယ်ကွေ့မှ တင်သွင်းလာသော ရေနံများအား ဘင်္ဂလားပင်လယ်အော်မှတဆင့် အဓိက သယ်ယူရသော ပင်လယ်ရေလမ်းကြောင်းလည်း ဖြစ်ပေသည်။
ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယနိုင်ငံအတွက် စီးပွားရေး မဟာဗျူဟာ ကျလှပြန်ပေသည်။ အိန္ဒိယနှင့် အာဆီယံထဲမှ ၅ နိုင်ငံ ဖြစ်သော မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ နိုင်ငံတို့ကို ကူးသန်းရောင်းဝယ်ရေးတွင် ဘင်္ဂလားပင်လယ်အော်သည် အခရာကျပေသည်။
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဘင်းစတက်ခ်) သည်လည်း ဒေသတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်ပေါ်လာရေး ကြိုးပမ်းသည်။
ဘင်္ဂလား ပင်လယ်အော်ဒေသတွင်လည်း စွမ်းအင်ရရှိရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဒေသခွဲအလိုက် (သို့) ဒေသအလိုက် (သို့) အစိုးရအချင်းချင်း ပုံစံအမျိုးမျိုး လုပ်ကိုင်လျက် ရှိပေသည်။
နိုးထလာသော နဂါးကြီးအတွက် လောင်စာ
တရုတ်၏ ရေနံသုံးစွဲမှုက ကမ္ဘာတခုလုံး စုစုပေါင်း သုံးစွဲမှု၏ ၃၈ ရာခိုင်နှုန်းရှိပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ရေနံတင်သွင်းသော နိုင်ငံ (အမေရိကန်နှင့် ဂျပန် ပြီးလျှင် အများဆုံး) ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာကုန်သွယ်ရေး အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပိုမိုပြီး အခွန်လျှော့ချမှုများ၊ ပယ်ဖျက်မှုများ လုပ်ဆောင်လာခဲ့သည်။ တရုတ်အစိုးရသည် ၁၉၉၈ ခုနှစ်တွင် နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သော စီအမ်ပီစီ၊ စီနိုပက်နှင့် စီအန်အိုအိုစီ တို့ကို ပြန်လည်စုစည်းပြီးနောက် ကမ္ဘာတဝှမ်းလုံးရှိ နေရာဒေသအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးချဲ့၍ လုပ်ကိုင်လာခဲ့ပေသည်။ (မှတ်ချက်။ ၎င်းကုမ္ပဏီ သုံးခုမှာ တရုတ်အစိုးရ၏ ထိန်းချုပ်လုပ်ကိုင်မှုအောက်တွင် ရှိပြီး ဗဟိုစွမ်းအင်မူဝါဒနှင့် စွမ်းအင်မဟာဗျူဟာတို့၏ လိုအပ်ချက်များနှင့် လိုအပ်သော လုပ်ငန်းများကို အကောင်အထည် ဖော်ပေးရပေသည်။)
မြန်မာ-တရုတ် ဆက်ဆံရေး
မြန်မာနိုင်ငံရှိ ရခိုင်ကမ်းလွန်ဒေသမှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ လာရောက်မည့် ရေနံများအား ကျောက်ဖြူမြ့ုိ၌ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး ပိုက်လိုင်းကြီးများဖြင့် တရုတ်နိုင်ငံ ယူနန်ဒေသသို့ သယ်ယူမည် ဖြစ်သည်။
တရုတ်အစိုးရအနေဖြင့် နအဖ စစ်အုပ်စုအား ထောက်ပံ့အကာအကွယ် ပေးနေခြင်းဖြင့် ၎င်းတို့၏ အဓိက စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြံုရေးအတွက် လမ်းကြောင်းသစ် ရှာဖွေနိုင်ခဲ့ပေသည်။
တရုတ်အစိုးရအနေဖြင့် စွမ်းအင်တင်သွင်းရာတွင် ဖြစ်ပေါ်ခဲ့သော အနှောင့်အယှက်၊ အတားအဆီးများကို လုံးဝ ရှောင်ရှားနိုင်ပေမည်။ ဤအခွင့်အရေးသည်ကား တရုတ်အစိုးရအတွက် နအဖနှင့် ဆက်ဆံနေစဉ်ကာလတွင် တရုတ် အနာဂတ် စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာအခွင့်ထူးဖြစ်လာသည့် အားလျော်စွာ အဆုံးရှုံးမခံလိုတော့ပေ။
စွမ်းအင်အတွက် လုံခြံုရေး
တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ပိုမိုလာသော ရေနံတင်သွင်းရာတွင် ကြီးမားသော အတားအဆီးများ၊ လုံခြံုရေး ပြဿဿနာသစ်များနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များတွင် အခက်အခဲ ကြီးမားသည်။ ဤတွင် တချို့သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့မှာ အိန္ဒိယသမုဒ္ဒရာနှင့် အာရေဗီယံ ပင်လယ်ရေကြောင်းရှိ ရေတပ်အင်အား အသုံးပြုရေး၊ တရုတ် ရေနံကုမဏီများနှင့် စာချုပ်ချုပ်ဆိုထားသော နိုင်ငံများသို့ လက်နက်ရောင်းချရေး၊ တရုတ် လုံခြံုရေးဝန်ထမ်းများအား နိုင်ငံတွင်း နေရာချထားရေးနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် Shanghai Cooperation Organization (SCO) နိုင်ငံများမှတဆင့် လိုအပ်သော လုံခြံုရေးကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့ ဖြစ်သည်၊၊ (မှတ်ချက်။ ။ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ်ကစ်တန်၊ တာဂျစ်ကစ္စတန်၊ ဥစဘက်ကစ္စတန်နိုင်ငံတို့မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ ဖြစ်သည်။)
SCO အဖွဲ့ဝင်နိုင်ငံများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရာတွင် အမေရိကန် ရေတပ်ကြီးစိုးမှု၊ မာလာကာ ရေလက်ကြားမှ ဖြစ်ပေါ်လာနိုင်သည့် လုံခြံုရေးအခက်အခဲများ၊ ရေနံသိုက် ရှာဖွေရေးတွင် ဖြစ်ပေါ်လာနိုင်သော ပြဿဿနာများကို ဖြေရှင်းရာ၌ များစွာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ပေသည်။
တရုတ်အစိုးရသည် ၎င်းစွမ်းအင်များ တင်သွင်းရာတွင် ပိုမိုအဆင်ပြေချောမွေ့လာစေရန် အိန္ဒိယ သမုဒ္ဒရာ မြောက်ဖက်စွန်းရှိ နိုင်ငံအတော်များများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းနိုင်ငံများနှင့် အဓိက သဘောတူချက်မှာ ‘ပုလဲကုံး’ ဟု အမည်တွင်သော ရေတပ်အင်အားများ ပူးပေါင်းကူညီဆောင်ရွက်ချက် ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်သော နိုင်ငံများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံများ ဖြစ်ပြီး၊ ၎င်းနိုင်ငံများအား စွမ်းအင်တင်သွင်းရာ၌ အရေးပါသော ရေနက်ဆိပ်ကမ်းများ ဆောက်လုပ်ခြင်းနှင့် အခြား လိုအပ်သော ငွေကြေးနှင့် နည်းပညာ အကူအညီများကို တရုတ်က ပံပိုးလျက်ရှိပေသည်။
စွမ်းအင်တင်သွင်းရာ၌ အနှောင့်အရှက်များ ရှိခဲ့သော်လည်း တရုတ်အစိုးရအနေဖြင့် ရေတပ်အင်အား တိုးချဲ့ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပေသည်။ ရေနံ တင်သွင်းနိုင်ရေးနှင့် ရေနံစာချုပ် ချုပ်ဆိုရေး လုပ်ငန်းများတွင် ပိုမိုခရီးတွင်စေရန် လက်နက်ရောင်းချခြင်းကို တရုတ်က အပိုဆုအဖြစ် အသုံးပြုခဲ့ပေသည်။ ဥပမာ -ဆူဒန်နိုင်ငံသည် တရုတ်၏ ကူညီပံပိုးမှုဖြင့် လက်နက်စက်ရုံတည်ဆောက်ရေး၊ လက်နက်ငယ်များ ထုတ်လုပ်ရေး၊ လေယာဉ်ပစ် လက်နက်များ ရောင်းချရေး စသော ကူညီပံပိုးမှုများကို ရရှိခဲ့ပေသည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် တရုတ် အပါအဝင် ဒေသတွင်း နိုင်ငံများကို မက်လုံးပေးလျက်ရှိသော မြန်မာ့စွမ်းအင်သည် အရေးပါသော တွန်းအားတခု ဖြစ်လာပါတော့သည်။