စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ
by -
စိုးနေလင်း
နိုင်ငံတခုရဲ့ ဒီမိုကရေစီရေးဟာ အဲဒီနိုင်ငံမှာ ချမှတ်အကောင်အထည်ဖော်တဲ့ အခြေခံ စီးပွားရေးစနစ်ပေါ်မှာ အများကြီး မူတည်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မှီတည်တယ်လို့ ပြောလို့လည်း ရပါတယ်။ ဒီမိုကရေစီ ရေရှည်တည်တံ့ခိုင်မာရေး အလားအလာ ...

 
နိုင်ငံတခုရဲ့ ဒီမိုကရေစီရေးဟာ အဲဒီနိုင်ငံမှာ ချမှတ်အကောင်အထည်ဖော်တဲ့ အခြေခံ စီးပွားရေးစနစ်ပေါ်မှာ အများကြီး မူတည်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာ မှီတည်တယ်လို့ ပြောလို့လည်း ရပါတယ်။ ဒီမိုကရေစီ ရေရှည်တည်တံ့ခိုင်မာရေး အလားအလာဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကြီးမားများပြားလာတာနဲ့အမျှ ပိုပြီး အားကောင်းခိုင်မာလာမယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတွေရဲ့ အရည်အသွေးတွေနဲ့ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုကို အများကြီး သက်ရောက်မှု ရှိနေလို့ပါပဲ။ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် စာတတ်မြောက်မှုနဲ့ ပညာရေးက နိုင်ငံသား ပြည်သူတွေကို ပိုပြီး ရင့်ကျက်လာစေကာ မဲဆန္ဒရှင် ပြည်သူတွေကို ပိုပြီး သိမြင်နားလည်လာစေပါတယ်။
 
နောက် ကျယ်ပြန့်လာတဲ့ လူလတ်တန်းစားတွေရဲ့ ပညာရပ်နယ်ပယ်နဲ့ အသက်မွေးဝမ်းကြောင်းမှု နယ်ပယ်တွေက လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် အာဏာရှင်ဆန်တဲ့ အစိုးရမျိုး ဖြစ်ပေါ်မလာအောင် ပိုပြီး ကြီးမားတဲ့ ကာကွယ်တားဆီးမှု ဖြစ်ပေါ်လာစေပါတယ်။ ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်က အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းကို ပိုမိုများပြားစွာ ပေါင်းဖွဲ့လာစေပြီး အစိုးရရဲ့ မှားယွင်းဖောက်ပြန်မှုတွေကို ခုခံကာကွယ်ဖို့ ယုံကြည်မှု အပြည့်အဝရှိတဲ့ ကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ အုပ်စုတွေနဲ့ အသင်းအဖွဲ့တွေကို ပိုပြီး ဖွံ့ဖြိုးအားကောင်းလာစေပါတယ်။
 
ဒါပေမဲ့ ဒီမိုကရေစီဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု မြင့်မားတဲ့ အခြေအနေတရပ်မှာပဲ ရှင်သန်ဖြစ်တည်နိုင်တယ်ဆိုတဲ့ ကောက်ချက်ချမယ်ဆိုရင်တော့ မှားယွင်းသွားပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်တွေထဲမှာ ဂျီအင်ပီ (GNP) အရ နိမ့်ကျတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပေမယ့် လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးနေနိုင်ခဲ့တဲ့ နိုင်ငံတွေလည်း ရှိနေကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အိန္ဒိယ၊ ဂျမေကာ၊ ဘော့ဆွာနာ စတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တကယ်တော့ အားလုံး စာတတ်မြောက်ရေးကို အားပေးထောက်ပံ့တဲ့ အစိုးရရဲ့ မူဝါဒတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်တခုထက် ပိုပြီး အရေးပါနိုင်ပါတယ်။
 
ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံတွေမှာ တခြားဟာတွေထက် ပိုပြီး လိုအပ်နေတာက သူတို့အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်ရဲ့ ဘယ်အဆင့်ကပဲ စတင်စတင်  ခံသာတဲ့ စီးပွားရေး ဖွံ့ဖြိုးကြီးထွားမှုပဲ ဖြစ်ပါတယ်။ ဒီလိုမှပဲ လူ့အဖွဲ့အစည်းရဲ့ အမျိုးမျိုး အစိတ်အပိုင်းတွေဟာ တိုးတက်မှုကို မျှဝေခံစားနိုင်မှာဖြစ်ပြီး ခွဲဝေမှုဆိုင်ရာ ပဋိပက္ခတွေရဲ့ ပြင်းထန်မှုကို သက်သာလျှော့နည်းသွားစေနိုင်ပါတယ်။ အ"ိက အပြည်ပြည်ဆိုင်ရာ စီးပွားရေး အေဂျင်စီကြီးတွေနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက စီးပွားရေး အေဂျင်စီကြီးတွေဆိုရင် ဒီမိုကရေစီဖြစ်စဉ်ကို အရေးပါတဲ့ အကူအညီ၊ အထောက်အပံ့ ဖြစ်စေနိုင်သလို အဟန့်အတားလည်း ဖြစ်နေနိုင်ပါတယ်။
 
ဒီမိုကရေစီဟာ စီးပွားရေးမညီမျှမှုနဲ့ သဟဇာတ ဖြစ်လာနိုင်ပါသလား ဆိုရင်တော့ ဒီအဖြေကို ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ ရိုးရိုးအဖြေမျိုးပေးလို့ မရနိုင်ပါဘူး။ ဒါက အဆင့်အခြေအနေကိစ္စ ဖြစ်ပါတယ်။ တကယ်လို့ လူ့အဖွဲ့အစည်းတခုမှာ စီးပွားရေး မညီမျှမှုတွေ ပိုပြီး ကြီးမားလာပြီဆိုရင် ဥစ္စာ"န စီးဆင်းစုပုံလာမှုကို နိုင်ငံရေး အကျိုးရလဒ်များရဖို့ အဆုံးအဖြတ်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ ထောက်ပင့်ပံ့ပိုးမှုတခုအဖြစ် အသုံးပြုလာကြတဲ့အတွက် ထိထိရောက်ရောက် အကျိုးသက်ရောက်မှုရှိတဲ့ နိုင်ငံရေးသာ တူညီမျှမှု ရရှိနိုင်ဖို့ ပိုပြီး ခက်ခဲသွားတတ်ပါတယ်။
 
တချို့ လွန်ကျွံတဲ့ဖြစ်ရပ်တွေမှာ ချမ်းသာကြွယ်ဝသူတွေဟာ မရှိဆင်းရဲသားတွေရဲ့ မဲဆန္ဒကို သူတို့ရဲ့ အကျိုးစီးပွားအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို လိုသလို ကိုင်တွယ်ထိမ်းချုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်တွေအပေါ်မှာ အားကောင်းတဲ့ ခြိမ်းခြောက်မှုတခုလို့ ရူမြင်ကြပါတယ်။ တခြားတဖက်မှာတော့ တကယ်လို့ မရှိဆင်းရဲသားတွေဟာ ဒီမိုကရေစီနည်းနာတွေအားဖြင့် သူတို့ရဲ့ ကံကြမ္မာကို တိုးတက်မြင့်မားလာနိုင်တဲ့ အလားအလာကို မတွေ့ရဘူးဆိုရင် ဒီမိုကရေစီဟာ သူတို့အနေနဲ့ ထောက်ခံအားပေးထိုက်တဲ့ အရာလို့ ထင်မြင်ယူဆကြလိမ့်မယ် မဟုတ်ပါဘူး။ အခုတင်ပြနေတာတွေဟာ ဒီမိုကရေစီရဲ့ အရည်အသွေးဆိုင်ရာ ပြဿဿနာသာ မဟုတ်ဘဲ ဘယ်လိုပုံသဏ္ဍာန်၊ အနေအထားမျိုးမှာမဆို ဒီမိုကရေစီ မပျောက်မပျက် တည်ရှိနေနိုင်ဖို့ပဲ ဖြစ်ပါတယ်။
 
ဒီအတွက် စီးပွားရေးဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ဌာနတွင်း၊ အဖွဲ့အစည်းတွင်း ဒီမိုကရေစီ ရှိသင့်ပါတယ်။ တချို့ ဒီမိုကရေစီ လိုလားသူတွေကတော့ တကယ်စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခုကို လိုလားတယ်ဆိုရင် လူတွေ အလုပ်လုပ်တဲ့ နေရာတွေဟာ သူတို့ဘဝတွေရဲ့ စရိုက်လက္ခဏာကို အဆုံးမဖြတ်ပေးတဲ့ နေရာမှာ အရေးအကြီးဆုံး အချက်တွေထဲမှာ ပါဝင်ပြီး လုပ်ငန်းခွင်တွေမှာ ဒီမိုကရေစီ နည်းလမ်းတကျရှိအောင် ပြုလုပ်ခြင်းဟာ အမြင့်ဆုံး ဦးစားပေးရမယ့် အရာတခုဖြစ်တယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးအဆင့် အလုပ်သမားတွေ ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂတွေအပေါ်မှာ အလုပ်ရှင်တွေက လုပ်ဆောင်လာနိုင်တဲ့ အနှောင့်အယှက်၊ အဟန့်အတားတွေကို တားဆီးကာကွယ်နိုင်လာပါလိမ့်မယ်။
 
သူတို့အနေနဲ့ သူတို့ရဲ့ လူနေမှုအဆင့်အတန်း၊ လုပ်ငန်းခွင်အခြေအနေနဲ့ အလုပ်နေရာတွေအတွက် တိုးတက်မှုရှိအောင် ဒါမှမဟုတ် ခုခံကာကွယ်မှုရအောင် စုစည်းဆောင်ရွက်လာနိုင်ပါလိမ့်မယ်။ ပိုပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ဦးတည်ချက်တွေမှာဆိုရင်တော့ လုပ်ငန်း ဒါမှမဟုတ် အဖွဲ့အစည်းတခုလုံးအနေနဲ့ အောင်မြင်မှုရနိုင်ဖို့ အလုပ်သမားအားလုံးကို တချို့ တာဝန်ရှိမှုတွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပေးအပ်နိုင်တဲ့ အမြတ်ခွန် ခွဲဝေရေးနဲ့ ပူးတွဲအဆုံးအဖြတ်ပေးရေး စီမံချက်တွေလည်း ပါဝင်လာပါတယ်။
 
အဲဒီလို စီမံချက်တွေဟာ အလုပ်ရှင်တွေအတွက် အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ဖို့ ပိုပြီး ခက်ခဲသွားစေပြီး အလုပ်သမား စည်းကမ်းကိုလည်း ပိုပြီး အာမခံလာစေပါတယ်။ အဲဒီလို လုပ်ငန်းတွေ ကုမ္ပဏီတွေဟာ အလုပ်သမားအားလုံးရဲ့ ဖန်တည်းမှုစွမ်းအားတွေကို အားပေးတဲ့ ခေတ်သစ်စီးပွားရေးတခုထဲမှာ အကောင်းဆုံး လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသနေတဲ့ အထောက်အထားတွေ အများကြီး ရှိပါတယ်။
 
နောက်ပြီး အလုပ်သမားတွေကို ပြဋ္ဌာန်းသတ်မှတ်ခံတွေ အဖြစ်ထက် နိုင်ငံသားတယောက်အဖြစ် ဆက်ဆံကိုင်တွယ်ခြင်းအားဖြင့် အကောင်းဆုံး အကျိုးရလဒ် ရရှိနိုင်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီနဲဲ့ အကျိုးရလဒ် ဖြစ်ထွန်းမှုဟာ တကယ်တော့ တခုနဲ့တခု ဆန့်ကျင်ဘက် မဟုတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်တခုမှာ ဒီမိုကရေစီ ကျင့်သုံးမှုဟာ စီမံကွပ်ကဲမှုနဲ့ အလုပ်ခွင်ကြား လုပ်ခလစာနဲ့ အခြေအနေတွေပေါ်မှာရှိတဲ့ ကြီးမားတဲ့ သဘောထား ကွဲလွဲမှုကို လျှော့နည်းသက်သာသွားအောင် လုပ်ဆောင်ဖို့ ဖိအားပေးနိုင်တယ်လို့လည်း မျှော်လင့်လို့ရပါတယ်။
 
အခု ကျနော် တင်ပြနေတာဟာ ဒီမိုကရေစီ ဘယ်နေမှန်းမသိခင်၊ နှုတ်ခမ်းနာနဲ့ တည့်ပါမလား လုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျနော်တို့ သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ ပြောချင်တာက ဒီမိုကရေစီဖြစ်စဉ်ဟာ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနေပြီး စီးပွားရေး ဖွံဖြိုးအားကောင်းလာမှုက နိုင်ငံသားပြည်သူလူထုကို အရည်အသွေး မြင့်မားလာစေသလို အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ တိုးများဖြစ်ထွန်းလာအောင် ကူညီပံ့ပိုးနိုင်တယ်။ ပြည်သူလူထုရဲ့ အရည်အသွေးမြင့်မားလာမှုနဲ့ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်း တိုးများလာမှုက အစိုးရတရပ်ရပ်ကို အာဏာရှင်မဆန်အောင်၊ ဖောက်ပြန်မှားယွင်းမှုတွေ မကျူးလွန်နိုင်အောင် ထိမ်းချုပ်တားဆီးနိုင်တယ်ဆိုတာကို တင်ပြတာပါ။
 
ကျနော်တို့ တိုင်းပြည်က စစ်အစိုးရက ဒီအချက်နှစ်ခုစလုံးကို ဖွံဖြိုးတိုးတက်လာမှာ စိုးတဲ့အတွက် အမျိုးမျိုး ဖျက်ဆီးနှောင့်ယှက်၊ ကန့်သတ်ချုပ်ချယ်နေတယ်ဆိုတာ အားလုံး သိမြင်နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဒါမှပဲ သူတို့အနေနဲ့ တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ ထင်သလို မင်းမှုအုပ်ချုပ်ခွင့် ရနိုင်မယ်ဆိုတာ အာဏာသိမ်းဗိုလ်ချုပ်တွေက ကောင်းကောင်း သိရှိနားလည်ထားကြပါတယ်။ တိုင်းပြည်တပြည်ရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက အစိုးရဖြစ်ပါတယ်။ အစိုးရက ချမှတ်တည်ဆောက်လိုက်တဲ့ အခြေခံစီးပွားရေးစနစ် ကောင်းမွန်မှန်ကန်မှ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ဖွံဖြိုးတိုးတက်လာနိုင်ပါတယ်။ အလုပ်သမား လယ်သမားတွေရဲ့ ကြိုးစားအားထုတ်မှု တခုတည်းနဲ့တော့ တည်ဆောက်လို့မရနိုင်ပါဘူး။
 
အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ရှိသမျှ ကဏ္ဍအားလုံးကို အာဏာနဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ နိုင်ငံမျိုးမှာတော့ မေးခွန်းထုတ်နေစရာ အကြောင်းတောင် မရှိပါဘူး။ ဒါပေမဲ့ တို့တွေ ဘာမှ လုပ်လို့မရပါဘူး။ ဒါတွေဟာ အစိုးရက လုပ်ရမှာဆိုပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီရေးအတွက် ဘယ်လိုမှ စေတနာမရှိတဲ့ စစ်အစိုးရလုပ်သမျှ ခေါင်းငုံခံနေရင်လည်း စစ်ကျွန်ဘဝက ဘယ်လိုမှ လွတ်မြောက်နိုင်စရာ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ခံစားခွင့်စရာ အကြောင်းရှိမယ် မဟုတ်ပါဘူး။
 
ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအနေနဲ့ ဆိုးဝါးနိမ့်ကျတဲ့ စီးပွားရေး အခြေအနေအောက်က၊ ရတတ်သမျှ အခွင့်အရေးတွေနဲ့ အခြေအနေအောက်ကပဲ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းလေးတွေကို တိုးများလာအောင်လုပ်ပြီး အာဏာရှင်တွေရဲ့ ဖောက်ပြန်မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ဖိစီးနှိပ်စက်မှုတွေကို ခုခံကာကွယ်ရင်း တပြိုင်နက်ထဲမှာပဲ တိုက်ဖျက်ချေမှုန်းပစ်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ မသဒ္ဒါရေစာ ပေးအပ်ထားတဲ့ အခွင့်အရေး မဖြစ်စလောက်နဲ့ စီးပွားရေး အခွင့်အလမ်းလေးတွေအောက်ကပဲ၊ ပြည်သူလူထုတရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ခုခံဆန့်ကျင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားကြရပါလိမ့်မယ်။
 
ဒီနေရာမှာ ဂျပန်လူမျိုးတွေရဲ့ ကိုယ်ခံပညာဖြစ်တဲ ‘ကရာတေး’ ပညာရဲ့ သင်ကြားချက်တရပ်ကို ကိုးကားတိုက်တွန်းလိုက်ပါတယ်။ 'Defensive is offensive' “ခုခံကာကွယ်ခြင်းသည် ထိုးနှက်တိုက်ခိုက်ခြင်း” ဖြစ်ပါသတဲ့။ ။