အယ်ဒီတာ နှင့် ဒု-သတင်းထောက်ချုပ် ၂ဦးကို မော်လမြိုင်တရားရုံးက ထောင်ဒဏ်စီရင်

အယ်ဒီတာ နှင့် ဒု-သတင်းထောက်ချုပ် ၂ဦးကို မော်လမြိုင်တရားရုံးက ထောင်ဒဏ်စီရင်
by -
မွန်အေဂျင်စီ

ရန်ကုန်အခြေစိုက် မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ်နှင့် ဒုသတင်းထောက်ချုပ် ၂ဦးတို့အား မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် တရားရုံးက ပုဒ်မ ၅၀ဝ အသရေဖျက်မှုဖြင့် မတ်လ ၁၈ရက်နေ့တွင် အလုပ်မဲ့ထောင်ဒဏ် ၂ လ အမိန့်ချမှတ်ခဲ့သည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တို့ ပူးပေါင်း၍ Meeting and workshop with member of Mon State Htuttaw ဖိုရမ်နှင့်ပတ်သက်ပြီး “ပညာရည်နိမ့်ပါးမှုကြောင့် တပ်မတော်သားများ လွှတ်တော်တွင် ပါဝင်နေရခြင်းဖြစ်ကြောင်း တပ်မတော်သားကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှဆို” ဟူသည် သတင်းခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၉တွင် မြန်မာပို့စ် ဂျာနယ်က သတင်းဖေါ်ပြခဲ့သည်။

IMNA230301

ထိုသို့ ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးသိန်းဇော်က မြန်မာပို့စ်ဂျာနယ် အယ်ဒီတာချုပ် သန်းထိုက်သူနှင့် ဒုသတင်းထောက်ချုပ် ဆန်းမိုးထွန်း ၂ဦးတို့အား မော်လမြိုင် တရားရုံးသို့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း တရားခံရှေ့နေ ဦးထွန်းအောင်က ပြောသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီတွင်ပြုလုပ်သည့် ဖိုရမ်အတွင်း ၄င်းပြောကြားချက်မှန်ကန်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် အခြားကိုယ်စားလှယ်များ၏ လက်မှတ်ထိုးထားသော မိတ္တူ၊ လွှတ်တော်တက်ရောက်သူတို့၏ အမည်စာရင်း၊ ဆွေးနွေးပွဲမှတ်တမ်းတို့ ပါဝင်ကြောင်း ၄င်းကပြောသည်။

“တရားလိုအနေနဲ့ သူ့ကိုဘယ်လိုထိခိုက်သွားသလဲ၊ ဘယ်လိုနစ်နာသွားသလဲ ဒါကိုပြနိုင်ရမယ်၊ ကျနော်မြင်တာက တရားလိုအနေနဲ့ ဒီသတင်းဖော်ပြချက်ကြောင့် ရာထူးကျသွားတာ အရေးယူခံရတာလည်း မရှိခဲ့ဘူး ” ဟု ဦးထွန်းအောင်က ဆက်ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တရားရုံးမှ ရုံးချိန် ၂၆ကြိမ်ခေါ်ယူပြီး တစ်နှစ်ကျော်ခန့် အမှုစစ်ဆေးခဲ့သည်ဟု သိရသည်။

“ဒီအမှုနဲ့ ပတ်သက်လို့ကတော့ တရားစီရင်ရေးပဲ လွဲချော်တာလား၊ ဒါမဟုတ် မီဒီယာကိုပဲ နှိပ်ကွပ်နေတာလား၊ ဘာဖြစ်လို့လဲ ဆိုတော့ အယ်ဒီတာနှစ်ယောက်လုံးကို ထောင်ဒဏ် ၂လစီ အမိန့်ချလိုက်တာ လွန်တယ်လို့တော့ မြင်တယ်၊” ဟု မွန်ပြည်နယ်သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကပြောသည်။

မွန်ပြည်နယ်အတွင်း သတင်းထောက်ကိုပါကြီးအား အာဏာပိုင်များ ဖမ်းဆီးထားစဉ် သေဆုံးမှုဖြစ်ပေါ် သည့်နောက်ပိုင်း သတင်း မီဒီယာသမား ၂ဦးအား ယင်းကဲ့သို့ ထောင်ဒဏ်ချ မှတ်အရေးယူခဲ့ခြင်း ဖြစ်သည်။

Most read this week