မွန်ပြည်နယ် မော်လမြိုင်မြို့ တဖက်ကမ်း ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ရှိ ကျေးရွာများလာမည့် ၂၀၁၅ ခုနှစ်အမီ လျှပ်စစ်ဓါတ်အား မီးလင်းနိုင်ရေး ဆောင်ရွက်နေမှုသည် ဘတ်ဂျက်ငွေ လုံလောက်မှုမရှိသေးဟု မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး နိုင်လဝီအောင်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
နိုင်လဝီအောင်က “တစ်ချို့ ဘတ်ဂျက် မကျသေးတာလည်းရှိတယ်၊ လောလောဆယ် တိုင် ၅ တိုင်မှာ ၂ တိုင်ပဲ ကျသေးတယ်ဆိုတော့ ကျန်တဲ့ ၃ တိုင် ဘတ်ဂျက်မကျ သေးဘူး၊ ဘတ်ဂျက်ရတဲ့ပေါ်မှာ မူတည်ပြီးမှ လုပ်လို့ရမယ်၊ အဲဒီအခါမှ ဘယ်တော့မီးလင်းမလဲဆိုတာ ပြောလို့ရမယ်” ဟုဆိုသည်။
ထို့နောက် မော်လမြိုင်- မြစ်ကျော်- ချောင်းဆုံသို့ သွယ်တန်းမည့် လျှပ်စစ်မီကြိုး ဘတ်ဂျက်များချပေးရန် ပြည်ထောင်စုအစိုးရက ညှိးနိုင်းနေဆဲဖြစ်ပြီး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မီးလင်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု ဆက်ပြောသည်။
အဆိုပါ ချောင်းဆုံမြို့နယ် မီးလင်းရေးလုပ်ငန်းကို ပြည်ထောင်စု အစိုးရမှ တိုက်ရိုက် တာဝန်ယူ အကောင်ထည် ဖော်လျှက် ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက “ကျနော်တို့ ၂၀၁၄ ခုနှစ်မှာ သွယ်တန်းရေးလုပ်မယ်၊ ၂၀၁၅ မှာဖြန့်ဖြူးရေးလုပ်သွားမယ်၊ ဒီနှစ်မှာပဲပြီးမယ်လို့ ခန့်မှန်းထားတယ်၊ ခုလောလောဆယ်မှာ ပိုင်အချောင်း (၇ ) ချောင်းပြီးသွားပြီး” ဟုပြောသည်။
မော်လမြိုင်၊ မုပွန် – ဘီလူးကျွန်းသို့ (66-KV) ကြိုးများဖြင့်သွယ်တန်းမည်ဖြစ်ရာ ကမ်းပေါ်တွင် အမြင့် (၆၀) မီတာရှိ ပိုင်အချောင်း (၂၀)၊ ရေလယ်တိုင်တွင် အမြင့် (၇၀) မီတာရှိ ပိုင်အချောင်း (၂၈) ဖြင့် တာဝါတိုင်ကြီး ၃ တိုင် စိုက်ထူသွားမည်ဟု ဒေါက်တာ အောင်နိုင်ဦးက ဆက်ပြောသည်။
ပြီးခဲ့သည့် မေလတွင် သံလွင် မြစ်ပေါ်ရှိ ရေလည်တိုင် တည်နေရာ ရွေးချယ်ခြင်း၊ မြေပုံကြမ်း ရေးဆွဲခြင်း တို့ကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
၂၀၁၄ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရှေ့ပြေးလူဦးရေစာရင်းအရ ချောင်းဆုံမြို့ နယ်၌ ကျေးရွာအုပ်စု ၄၅ စုတွင် ကျေးရွာပေါင်း ရ၈ ရွာဖြင့်ဖွဲ့စည်ထားပြီး၊ အိမ်ထောင်စု ၁.၁ သိန်း၊ လူဦးရေ ၁.၂ သိန်း နေထိုင်ကြောင်း သိရသည်။