ရေးမြို့-ဘုရားသုံးဆူနယ်စပ် မြေသားလမ်းပိုင်း၂၀၁၄ မတ်လတွင် ပြီးစီးနိုင်မည်ဟုဆို

ရေးမြို့-ဘုရားသုံးဆူနယ်စပ် မြေသားလမ်းပိုင်း၂၀၁၄ မတ်လတွင် ပြီးစီးနိုင်မည်ဟုဆို
by -
မွန်အေဂျင်စီ

မင်းလုံး - မွန်ပြည်နယ်၊ ရေးမြို့ တံတားဖြူမှ ဘုရားသုံးဆူမြို့အနီးရှိ ကျုံကွီးရွာအထိ ဆက်သွယ်မည့်မြေသား လမ်းကို ဖောက်လုပ်လျှက်ရှိရာ လာမည့် ၂၀၁၄ မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၊ ဒေသဖွံ့ဖြိုးရေးရုံးတာဝန်ခံ(မော်လမြိုင်) ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့  ပြောသည်။

မွန်ပြည်သစ်ပါတီလက်အောက်ခံ ရာမညကုမ္မဏီလီမီတက်က ဦးစီး၍ လွန်ခဲ့သည့် အောက်တိုဘာလကုန်ပိုင်း မှ အလုပ်သမား ၂၀၀ ဖြင့် စတင်ဖေါက်လုပ်ခဲ့ခြင်း ဖြစ်သည်။

ဒုဗိုလ်မှူးကြီး M သိုက်ချမ်းက “ဒီလမ်းကိုနှစ်ပိုင်းခွဲထားတယ်၊ ရေး - ဖလန်းချောင်းဝက တစ်ပိုင်း ၁၅ မိုင်၊ ဖလန်းချောင်းဝ - ကျံုကွီး ၃၂ မိုင်၊ ဒီ ၄၇ မိုင်မှာ ၂၀ မိုင်ကို ကျောက်ခင်းလမ်းခင်းမယ်၊ ရေးဘက် ၁၀ မိုင်၊ သုံးဆူဘက် ၁၀ မိုင်ပေါ့၊ ရေးတံတားဖြူကနေပြီး ကျံုလောင်းကျေးရွာအုပ်စုနယ်မြေအဆုံးအထိကို ကတ္တရာ လမ်းခင်းမယ်”ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်စာချူပ်လက်မှတ်ရေးထိုးပြီး တစ်နှစ်အကြာခန့်တွင် မွန်ပြည်နယ် အစိုး ရက မွန်ပြည်သစ်ပါတီအား နယ်စပ်သို့ဆက်သွယ်သည့်လမ်းကြောင်းတစ်ကြောင်း ဖေါက်လုပ်ရန်ကမ်း လှမ်းသည်ဟု ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ဆက်ပြောသည်။

“ဒီလမ်းကို လွန်ခဲ့တဲ့ ၁၀ လောက်ကတည်းက နတလအဖွဲ့ကနေပြီးတော့ အစိုးရအစီအစဉ်နဲ့တစ်ခါဖေါက်ခဲ့ ဖူးတယ်၊ ဒီလမ်းမှာရှိတဲ့ နေရာ တော်တော်များများက ကျနော်တို့ပါတီရဲ့ထိန်းချူပ်မှုနယ်မြေ အောက်မှာရှိတာ ပါ” ဟု သူက ဆက်ရှင်းပြသည်။

ထိုလမ်းဖေါက်လုပ်နိုင်ရေးအတွက် ရာမညကုမ္မဏီလီမီတက်မှ လမ်းအင်ဂျင်နီရာနှင့်အဖွဲ့တို့ လွန်ခဲ့သည့် အောက်တိုဘာလကုန်ပိုင်း၌ ပဏာမတိုင်းတာမှုများ ပြီးစီးခဲ့သည်။

မွန်ပြည်နယ်အစိုးရဝန်ကြီးတစ်ဦးက “သံဖြူဇရပ်-သုံးဆူလမ်းပိုင်းက ကရင်ပြည်နယ်ကို ဖြတ်သွားနေရတယ်၊ ဒါကြောင့် မွန်ပြည်နယ်က ထိုင်းနိုင်ငံနဲ့တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတစ်ခုလိုအပ်နေတယ်” ဟု ပြောသည်။

ဘုရားသုံးဆူဒေသသည် မွန်၊ ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ လှုပ်ရှားရာဒေသဖြစ်ပြီး ယခု လက်ရှိတွင် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ ကေအဲန်ယူငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့်တပ် ဖွဲ့နှင့် မြန်မာအစိုးရတပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

ယင်းလက်နက်ကိုင်တပ်ဖွဲ့များသည် ရေးမှ ဘုရားသုံးဆူသို့ ဆက်သွယ်ထားသည့် လမ်းမကြီးများပေါ်တွင် ဂိတ်စခန်းများဖွင့်လှစ်ကာ နယ်မြေဖြတ်သန်းခများ ကောက်ခံလျက်ရှိကြောင်း သိရသည်။

Most read this week