မလေးရှားနိုင်ငံရောက် မွန်တိုင်းရင်းသားများစုပေါင်း၍ မလေးရှားမွန်အစည်းအရုံး Mon Malaysia’s Association-MMA ကို စတင်ဖွဲ့စည်းပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီများကို မဲစနစ်ဖြင့် ရွေးချယ်တင် မြှောက်ခဲ့သည်။
ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ၌ ဇူလိုင်လ နံနက် ၁၀ နာရီကျော်ခန့်တွင် မဲစနစ်ဖြင့် အဆိုပါဦးဆောင်ကော်မတီ ရွေးချယ်ဖွဲ့စည်းခဲ့ရာ မွန်လူငယ်များအဖွဲ့၊ မွန်ဒုက္ခသည်အဖွဲ့၊ မွန်အမျိုးသမီးအဖွဲ့၊ ကျေးရွာဒေသကိုယ်စားပြုအဖွဲ့ပေါင်း ၃၃ဖွဲ့တို့၏ ကိုယ်စားပြုအင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့သည်ဟု အထွေထွေအတွင်းရေးမှူး နိုင်ဂေါင်စကား ကပြောသည်။
သူက “ အဖွဲ့ဝင်အတွက် လိုအပ်တဲ့သင်တန်းတွေ၊ ဥပမာ စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမျိုးတွေ၊ လူမှုရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုထိန်းသိမ်းရေးကိစ္စတွေ အဖွဲ့ဝင်တွေရောက်ရှိနေတဲ့ နယ်တွေမှာလည်း ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ထားတယ်”ဟုပြောသည်။
တဖက်တွင်လည်း မွန်တမျိုးသားလုံး ညီညွတ်ရေးအတွက်ရည်ရွယ်ပြီး မွန်အဖွဲ့အစည်းကြီးများ ဖြစ်ကြသည့် MAU မွန်ရေးရာအဖွဲ့ချုပ်၊ OMCC အဝေးရောက်မွန်အဖွဲ့အစည်းများ၊ NMSP မွန်ပြည်သစ်ပါတီတို့အား ဆက်ဆံရေးမြှင့်တင်သွားည်ဟုလည်း သူကဆက်ပြောသည်။
ဟူတန်မီလင်တန်မွန်ကျောင်းထိုင်ဆရာတော် အရှင်ထာဝရ က “မိမိလူမျိုးအတွက်၊ ပရဟိတလုပ်ငန်းအတွက် လုပ်ဆောင်နေတဲ့နေရာမှာ အထူးသဖြင့် ဦးဆောင်သူတွေက လူမျိုးအမည်ကိုအသုံးချပြီး ကိုယ်ကျိုးမရှာမိစေဖို့ပဲ” ဟု မိန့်ကြားခဲ့သည်။
အမျိုးဘာသာ၊ သာသနာကို ချစ်မြတ်နိုးသောစိတ်ဓါတ်တိုးပွားစေရေးအတွက် မလေးရှားမွန်အစည်းအရုံးက သင်တန်း၊ ဆွေးနွေးပွဲ၊ ဟောပြောပို့ချမှုများ ပြုလုပ်ပေးသင့်သည် ဟုလည်း ဆရာတော်ကဆက်မိန့်သည်။
ယခုရွေးချယ်ခံရသော မလေးရှားမွန်အစည်းအရုံး၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များတွင် နိုင်အာကာပိုင်-ဥက္ကဌ၊ နိုင်ဥက္ကာ-ဒု-ဥက္ကဌ၊ နိုင်ဂေါင်စကား-အထွေထွေအတွင်းရေးမှုး၊ မိစိုက်ရော့-တွဲဖက်အတွင်းရေမှူး၊ နိုင်သိန်းမွန်၊ နိုင်ဝင်း၊ နိုင်ချမ်းလန်း၊ နိုင်ထပလန်းတို့ ပါဝင်သည်ဟုသိရသည်။
မလေးရှားနိုင်ငံတွင် မွန်အဖွဲ့အစည်းငယ်ပေါင်း(၅၀)ကျော်ခန့်ရှိသည့်အနက် မလေးရှားမွန်အစည်းအရုံး MMA ဖြစ်မြောက်လာစေရန် မွန်သံဃာတော်(၂)ပါးနှင့် လူပုဂ္ဂိုလ်(၅)ဦးက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။
(မှတ်ချက်- Mon Malaysia’s Association-MMA အား မလေးရှားမွန်အစည်းအရုံးဟု အနီးစပ်ဆုံးဘာသာ ပြန်ဆိုသည်။-အယ်ဒီတာ)