ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) နှင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီတို့မှ ဦးစီပြီး လာမည့် ဧပြီလ ၂ ရက်နေ့တွင် ကျရောက်သည့် ဟံသာထော ကျောင်းတိုက်ဆရာတော်၏ ၅၇ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ ပြုလုပ်ကျင်းပမည်ဖြစ်သည်။
မွေးနေ့မင်္ဂလာ အခမ်းအနားနှင့် ပိဋကတ်ကျောင်းတော် “ဇြပ်လွ႘မာန်” ရေစက်ချပွဲအား ပူးတွဲပြုလုပ် သွားရန်ရှိပြီး နွေရာသီ မွန်စာပေသင်တန်းအတွက် ပညာရေးထောက်ပံ့မှု ရံပုံငွေပွဲ တစ်ရပ်ကိုလည်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆရာတော် ဘဒ္ဒန္တသီလဝန္တ က ပြောသည်။
ဆရာတော်ဘုရာ ဘဒ္ဒန္တသီလဝန္တက “သူတို့က ပရဟိတ လုပ်ငန်းအတွက် ရန်ပုံငွေရအောင် လုပ်မယ်ဆိုတော့ ဆရာတော်က ခွင့်ပြုပေးပါတယ်၊ ဒီရံပုံငွေပွဲကနေ ရလာတဲ့ ငွေတွေကို သူတို့က ပညာရေးအတွက် တစ်ဝက်ပေးမယ် တစ်ဝက်က သူတို့ ကော်မတီရဲ့ ထာဝရ ရံပုံငွေမှာ ထည့်သွားမယ်” ဟု မိန့်သည်။
မွေးနေ့မင်္ဂလာပွဲကို ၅ ရက် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့တွင် ပညာရေးရံပုံငွေ ရရှိရေးအတွက် မေတ္တာရွှေစင်အငြိမ့်၊ ဂီတပဒေသာကပွဲနှင့် “အာဲကဿာယေန်သှာင်မွန်” တို့နှင့် ဖျော်ဖြေသွားမည် ဖြစ်ပြီး ၃ ရက်နေ့တွင် မွန်ဂီတပညာရှင်များအား ဖိတ်ကြားထားပြီး “ဂီတပံင်ကောံ” အဖြစ် နှစ်ရက် ပြုလုပ်သွားရန် ခွင့်ပြုပေးခဲ့ကြောင်း ဆရာတော်ဘုရားက မိန့်သည်။
မေတ္တာရွှေစင်အငြိမ့်တွင် နာမည်ကြီး လူရွှင်တော်များအဖြစ် (မေတ္တာ၊ ချစ်စရာ၊ ငွေမိုး၊ လူမော်၊ ချစ်ချော၊ ပွမ်းပွမ်း) တို့အပြင် အငြိမ့်မင်းသမီးအဖြစ် မေပန်းချီ၊ ကျားလေးစိန်တို့ ပါဝင်ကြောင်းနှင့် အဆိုတော်များမှာ DJ – သော်သော်၊ ညိုမင်းခန့်၊ မင်းသိုက်၊ ဇုံဂျက်စီ၊ မိစန္ဒီ၊ မမိုးမိုးဦး တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၂ ရက်နေ့ မေတ္တာရွှေစင်အငြိမ့်နှင့် ဂီတပဒေသသာ ကပွဲအတွက် လက်မှတ်များကို တစ်စောင်လျှင် ၅ ထောင်ကျပ်နှင့် ၃ ထောင်ကျပ်တို့ဖြင့် ရောင်ချပေးနေပြီး ၃ ရက်နေ့ “ဂီတပံင်ကောံ” ဖျော်ဖြေပွဲအတွက် လက်မှတ်တစ်စောင်လျှင် ၃ ထောင်ကျပ်နှင့် ၂၅၀ဝ ကျပ်တို့ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ရှင်စောပုအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး မမိုးမိုးက “ဂီတပဒေသာကပွဲအပြင် မွန်ရိုးရာ ဝတ်စုံပြပွဲလည်း ထည့်သွားမယ်” ဟု ပြောဆိုသည်။
ဆရာတော် ဘဒ္ဒန္တသီလဝန္တက “မွန်ပြည်သစ်ပါတီရော၊ တစ်ခြား မွန်ဒီမိုကရေစီ ပါတီရော၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရော၊ တစ်ခြားအဖွဲ့အစည်းတွေရော၊ ခေါင်းဆောင်တွေ အတော်များများကို ဖိတ်ထါးပါတယ်” ဟု ဆရာတော်က မိန့်သည်။
ဆရာတော် ဘဒ္ဒန္တသီလဝန္တသည် ဝါတော် ၃၆ ဝါရှိပြီး မွန်စာပေ၊ ယဉ်ကျေးမှု၊ သာသနာရေးကဏ္ဍများတွင် ဦးဆောင်မှု ပေးနေကြောင်း၊ ဆရာတော်ဘုရားသည် သံဖြူဇရပ်မြို့နယ် အံင်ခဲရွာ ဇာတိ ဖြစ်ကြောင်း သိရသည်။