ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စုအတွင်းရှိ အဆောက်အဦများ မိုးသက်လေပြင်း တိုက်ခတ်မှုုကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် (၄၀) ခန့် ပျက်စီးသွားကြောင်း မြိုင်ကလေးဘိလပ်မြေ စက်ရုံတွင်အလုပ်လုပ်နေသူ နောင်ကျန် ရွာသား ဒေသခံတဦးက အခုလို ပြောဆိုသည်။
“မိုးသက်လေပြင်းတိုက်တာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ပိုင်း ၈ နာရီလောက်က၊ ပထမလေပြင်းတိုက်ပြီး မိုးဆက်ရွာတာ နာရီဝက်လောက်ကြာတယ်၊ နောင်ကျန်ကျေးရွာ၊ ဂူဝကျေးရွာနဲ့ ကော့မုလေးရွာမှာ အိမ်အလုံးလေးဆယ် လောက်ပြိုကျပျက်စီးသွားတယ်” ဟု ပြောသည်။
မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ကျေးရွာလူထုများ တစုံတရာထိခိုက်မှုမရှိဟု ဒေသခံများထံမှ သိရသည်။
အလားတူ ဘားအံမြို့လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဌာန၏ စာရင်းအရ လေပြင်းဒဏ်ခံရတဲ့ နောင်ကျန်ရွာ၊ ဂူဝရွာနဲ့ ကော့မုသီရွာမှာ အိမ်ခြေ ၄၀ ပျက်စီး ပြီးတော့ လူကြီး ၁၂၄ ဦး၊ ကလေး ၈၉ ယောက် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။
ထို့အပြင်နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မုသီးကျေးရွာ အစိုးရ မူလတန်းကျောင်းနှင့် အနောက်ဘုန်းတော်ကြီး ကျောင်း အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းထိခိုက် ပျက်စီးမှုများအား ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် သမဝါယမအသင်းတို့မှ ကူညီထောက်ပံ့ပေး ခဲ့သည်ဟု ဘာအံမြို့နယ်၊ သမဝါယမဌာန ဝန်ထမ်းတဦးက ပြောသည်။
“တစ်အိမ်ထောင်စုကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ အိမ်ထောင်စု ၂၄ အိမ်ထောင် ထုတ်ချေးပေးပြီးပြီ၊ ကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထာရေး ဌာနကလည်း ဆန်၊ အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးတယ်” ဟု ၄င်းဝန်ထမ်းက ပြောသည်။
မိုးသက်လေပြင်းတိုက်ခိုက်မှုဒဏ်ခံရသည့် နောင်ကျန်ကျေးရွာအုပ်စုတွင် ဂူဝကျေးရွာနှင့် ကော့မိုးသီးကျေး ရွာများသည် သံလွင်မြစ်၏အနောက်ဘက်ကမ်း မြိုင်ကလေး ဘိလပ်မြေစက်ရုံ အနီးတွင်ရှိသည်။
ဖေဖေါ်ဝါရီလ (၃) ရက်နေ့ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးသီးများ ကြွေကျခဲ့ကြောင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များတွင် ရေးသားဖော်ပြထားသည်။