ထိုင်းနိုင်ငံရောက် မွန်အမျိုးသားများအား ရည်စူး၍ မွန်ရေးရာလူမှုအသင်းအဖွဲ့ကကြီးမှူးပြီး မွန်တိုင်းရင်းသားအကြောင်းဟောပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့က မဟာချိုင်မြို့၊ (ဝါတ်ခွပ်) မွန်ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။
မဟာချိုင်မြို့တွင် ကျင်းပသည့်ဟောပြောပွဲသို့ မွန်သံဃာတော် အပါး ၃၀ ခန့်နှင့် ပရိဿတ်ပေါင်း ၅၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးက “မဟာချိုင်ခရိုင်ရောက် ရွေ့ပြောင်းမွန်အလုပ်သမားတွေပါပဲ၊ မိမိဒေသနဲ့ ကွဲကွာနေရတာလည်းကြာပြီ၊ ရှေးဟောင်းမွန်သမိုင်းကြောင်းတွေနဲ့ လက်ရှိပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး အခြေအနေတို့ကို ဆွေးနွေးပြီးဗဟုသုတမျှဝေနိုင်တာပေါ့” ဟု ပြောသည်။
အဆိုပါဟောပြောပွဲတွင် မွန်ပညာရေး၊ မွန်တိုင်းရင်းသားရေးရာ၊ သမိုင်း၊ စာပေယဉ်ကျေးမှု၊ မွန်ဒေသစီးပွား ရေး ဆိုင်ရာအကြောင်းအရာများ၊ လက်ရှိ တက္ကသိုလ်ရောက်မွန်ကျောင်းသားများအခြေအနေ စသည့်အမေးအဖြေ ကဏ္ဍများပါဝင်သည်။
ဟောပြောပွဲတွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး နိုင်မောင်တိုး ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) အငြိမ်းစား ပညာရေးဝန်ထမ်း ဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်၊ မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်ဗညားစန်းတို့အပြင် မော်လမြိုင် တက္ကသိုလ်မှ မွန်ကျောင်းသား ခေါင်းဆောင် မင်းရာဇာတို့ ပါဝင်ကြသည်။
ထို့အပြင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ဆရာတော် ဘဒ္ဒန္တ ပါလိတလည်း ဩဝါဒမြွက်ကြားခဲ့သည်။
နိုင်မောင်တိုးက မွန်သမိုင်းနှင့် မွန်မြို့ပြနိုင်ငံများ စတင်ပေါ်ပေါက်လာပုံ၊ မွန်ခမာနှင့် ဘာသာစကား ဆက်စပ်နေပုံ၊ မွန်လူမျိုးများ စီးပွားရေး အခြေချ လုပ်ကိုင်ခဲ့ပုံနှင့် မတူကွဲပြားသော ရိုးရာဓလေ့ ပုံစံများအကြောင်းကို ဟောပြောခဲ့သည်။
မွန်စီးပွားရေးလုပ်ငန်းရှင် နိုင်ဗညာစန်းကမည်း အနာဂတ် မွန်အမျိုးသားများ စီပွားရေး အောင်မြင်ရေးအတွက် မည်ကဲ့သို့စီမံခန့်ခွဲရန်၊ ကုန်ထုတ်စွမ်းအားစုနှင့် ထုတ်ကုန်ရင်းနှီးမြှပ်နှံမှုအကြောင်းများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် မွန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် မင်းရာဇာက ယနေ့တက္ကသိုလ်ရောက် မွန်လူငယ်များ ဘဝ၊ နွေရာသီ မွန်စာပေ သင်ကြားရေးလှုပ်ရှားမှု၊ ပညာရေး ရန်ပုံငွေ ရှာဖွေထောက်ပံ့ရေးနှင့် မွန်ပြည်နယ်တဝိုက် မူးယစ်ဆေးဝါ ပြန်နှံ့နေသည့်အကြောင်းကို မွန်လူငယ်များ ရှောင်ကျဉ်သင့်သည့် နည်းလမ်းကောင်းများကို ရှင်းလင်းတင်ပြခဲ့သည်။
အငြိမ်းစား ပညာရေးဝန်ထမ်း နိုင်ငွေသိန်းက မြန်မာ့ပညာရေးအနှစ် ၄၀ နီးပါးအတွေ့အကြုံအရ စစ်အစိုးရ တစ်ခေတ်လုံး အသုံးပြုခဲ့သော သင်ကြားရေးစနစ်သည် အလွတ်ကျက်မှတ်စနစ်သာ ဖြစ်ခဲ့သည့်အတွက် ခေတ်နှင့်အညီ ပြုပြင်သင့်ပြီဖြစ်ကြောင်း၊ ကလေးများ ကိုယ်ပိုင်ညာဏ်ဖြင့် အခြေခံ တွေးခေါ်စဉ်းစား တတ်စေရန် စနစ်တကျသင်ပြပေးသင့်ကြောင်းနှင့် စစ်အစိုးရခေတ်တွင် အမျိုးသား ပညာရေးစနစ် ပျက်စီးခဲ့သည်သာမက တိုင်းရင်းသားပညာရေးသည်လည်း အလွန်နိမ့်ကျခဲ့သည်ဟု ရှင်းပြခဲ့သည်။
ဟောပြောပွဲတက်ရောက်ခဲ့သူ မွန်လူငယ်တစ်ဦးက “မွန်ရေးရာ၊ သမိုင်း၊ စီးပွါးရေးနှင့် မွန် တက္ကသလိုလ် ကျောင်းသားတွေနှင့် ပတ်သက်ပြီး ယနေ့ဖြစ်ပျက်နေတာတွေ စုံစုံလင်လင် နားထောင်ခွင့်ရလိုက်တာ အရမ်းတန်ဖိုးရှိတယ်၊ ဒီလိုပွဲတွေကို အလျှဉ်းသင့်သလို ဆက်လုပ်သွားဖို့လိုမယ်” ဟု ပြောသည်။
ယင်းမွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲများသည် လွန်ခဲ့သောဇန်နဝါရီ ၁၇ ရက်နေ့တွင် ချွန်ပူရီခရိုင်(Chonburi) စရိရာချာမြို့(Sriracha)၊ ၂၁ ရက်နေ့တွင် စူရတ်ဌာနီတို့၌ ကျင်းပခဲ့ပြီး ၂၂ ရက်နေ့တွင် ဖူးကတ်မြို့(Phuket)နှင့် ၂၃ ရက်နေ့တွင် ဖန်းငါးခရိုင်(Phang Nga)တို့၌ ဆက်လက်ဟောပြော သွားမည်ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စင်ကာပူနိုင်ငံရောက် မွန်မိတ်သဟာယ အသင်းက(Mon Friendship Association Singapore )ကကြီးမှူး၍ မွန်တိုင်းရင်းသားအကြောင်း ဟောပြောပွဲများကျင်းပခဲ့ပြီး ၂၈ ရက်နေ့တွင် မလေးရှားနိုင်ငံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။