၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီ ရွေးချယ်ပြီးစီး

၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပရေး ဗဟိုကော်မတီ ရွေးချယ်ပြီးစီး
by -
မွန်အေဂျင်စီ

တပို့တွဲလပြည့်ကျော် (၁) ရက်၊ (ဖေဖေါ်ဝါရီလ၂၆ ရက်) နေ့တွင် ကျရောက်မည့် ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေး ဗဟိုကော်မတီများအား ဒီဇင်ဘာလ ၈ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံ၌ ရွေးချယ်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကျင်းပရေး ဗဟို ဥက္ကဌ က ပြောသည်။

၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(သံဖြူဇရပ်) မြင်ကွင်း

ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ဗဟိုကော်မတီဝင် ရွေးချယ်သည့် အခမ်းအနားသို့ မွန်နိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များ၊ မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ဆယ်မြို့နယ်မှ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင်များ၊ မွန်လူငယ် အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ရန်ကုန်၊ ပဲခူးမြို့မှ မွန်အသင်းအဖွဲ့ ကိုယ်စားလှယ်များ စုစုပေါင်း (၁ဝဝ) ကျော် တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

“ဒီနှစ် မွန်အမျိုးသားနေ့ ကျင်းပတာ သထုံခရိုင်ဘက်က အလှည့်ကျတယ်၊ ဒီသထုံခရိုင်ဘက်က စည်စည်ကားကား ကျင်းပဖို့ ပေါင်မြို့နယ်က မြို့ခံ၊ နယ်ခံတွေ လိုလိုလားလား ဖြစ်နေလို့ပဲ” ဟု ဗဟိုကော်မတီ ရွေးချယ်သည့် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မုဒုံမြို့မှ နိုင်ထောပိုင် က ပြောသည်။

မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား ကျင်းပမည့် နေရာအဖြစ် ပေါင်မြို့ ကဒါရပ်ရှိ ဘော်လုံးကွင်းကို ရွေးချယ် သတ်မှတ်ပြီး ပြပွဲ၊ ပြိုင်ပွဲ၊ ဖျော်ဖြေမှု အစီအစဉ်များ အပါအဝင် ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု နိုင်တင်အောင်က ဆက်ပြောသည်။

၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ကရင်ပြည်နယ် ကော့ဘိန်းရွာ၌ ကျင်းပခဲ့ပြီး၊ ၆၄ ကြိမ်မြောက်ကို သံဖြူဇရပ်မြို့တွင် ကျင်းပခဲ့သည်။

အလားတူ ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်တွင် ကျင်းပရန်အတွက် ကျင်းပရေး ကော်မတီကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း တောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ၌ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

မွန်အမျိုးသားနေ့ ကျင်းပရေး (ဗဟို) ကို ၁၉၉၇ ခုနှစ် ရွှေရတု အခမ်းအနားမှ စတင်သတ်မှတ်ခဲ့ပြီး တနှစ်လျှင် မြို့နယ် တခု အလှည့်ကျ ကျင်းပလာခဲ့ရာ သထုံခရိုင် (၄) မြို့နယ်အတွင်းရှိ ပေါင်မြို့နယ်သည် ပထမဆုံး ကျင်းပခွင့်ရသည့် မြို့နယ် ဖြစ်သည်။

တိုင်းရင်းသားများ၏ အမျိုးသားနေ့များကို ကျင်းပရာတွင် ယခင်ကာလများကဲ့သို့ ဘောင်ကန့်သတ်ချက်များစွာ မရှိဘဲ သမ္မတဦးသိန်းစိန် လက်ထက်တွင် ပိုမိုလွတ်လပ်စွာ ကျင်းပခွင့် ရရှိလာ၍ ပို၍လည်း စည်ကားသိုက်မြိုက်စွာ ကျင်းနိုင်ခဲ့ကြသည်။