လူကုန်ကူးမှုတားဆီးရေးလှုပ်ရှားမှုတရပ်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ဘုရားသုံးဆူနယ်စပ်အထိ Freedom to Walk အဖွဲ့ဝင် ရ၀ ခန့်က ၁၅ ရက်ကြာ စုပေါင်း လမ်းလျှောက်ပွဲကို ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၇ ရက်နေ့လည်ပိုင်းက ခရီးစဉ်ပြီးဆုံးခဲ့သည်။
ဘုရားသုံးဆူနယ်စပ်မှ ဘန်ကောက်မြို့အထိ ၃၇၀ ကီလိုမီတာဝေးကွာသော အဝေးပြေး မော်တော်ကား လမ်းမကြီး သည် လူကုန်ကူးမှုလုပ်ငန်းများတွင် အဓိကကျသောလမ်းကြောင်း တစ်ခုဖြစ်သည်ကို လူအများအာရုံထားသတိပြုမိ စေရန် ယခုကဲ့သို့လှုပ်ရှားမှုပြုလုပ်ရခြင်းဖြစ်ကြောင်း Freedom to Walk အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ထိုင်းနိုင်ငံသူ TANNY က ပြောသည်။
“အခုလှုပ်ရှားမှုမှာ ရည်ရွယ်ချက် ၃ မျိုးရှိပါတယ်၊ လူကုန်ကူးတားဆီးရေးအတွက် အလှူငွေတွေပိုလက်ခံရရှိခဲ့တယ်၊ နောက်တစ်ခုက ကျမတို့အဖွဲ့ဝင်တွေနဲ့ ပါဝင်လှုပ်ရှားသူတွေအဖို့ လူကုန်ကူးမှုနဲ့ပတ်သက်တာတွေ ပိုပြီးသိလာရတယ်၊ ညနေပိုင်းနားချိန်ဆွေးနွေးပွဲတွေလုပ်တဲ့အခါ ကမ္ဘာအရပ်ရပ်ကလာကြတဲ့ ကျမတို့မိတ်ဆွေတွေဆီကနေသူတို့ရဲ့ အတွေ့ အကြုံ ဗဟုသုတတွေကို ဆွေးနွေးဝေငှပေးကြပါတယ်” ဟု ပြောသည်။
Freedom to Walk အဖွဲ့က ရရှိသည့် အလှူငွေများအားထိုင်းနိုင်ငံရှိ DREAM House, အာဖရိကတိုက် ဂါနာနိုင်ငံရှိ IOM, အရှေ့ဥရောပရှိ La STRADA International, အမေရိကန်နိုင်ရှိ POLARIS PROJECT နှင့် တောင်အမေရိက တိုက်ရှိ FUNDACION AMAUTA စသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်များ လှုပ်ရှားနေကြသည့် NGO အဖွဲ့အစည်းများအား ကူညီထောက်ပံ့ပေးလျှက်ရှိသည်။
“ဒီလှုပ်ရှားမှုအတွက် ဒေါ်လာတစ်သိန်းလောက်အလှူရမယ်လို့မျှော်လင့်ပါတယ်၊ ဒါပေမယ့် ကျမတို့ အခုဒေါ်လာ တစ်သိန်းနှစ်သောင်းလက်ခံရရှိခဲ့ပါပြီ” ဟု TANNY က ဆက်ပြောသည်။
ထိုင်းမြန်မာနယ်စပ်တွင် ဖွင့်လှစ်ထားသည့် DREAM House အစီအစဉ်တွင် မြန်မာနိုင်ငံမှ စွန့်ပစ်ခံကလေး ၄၀ ခန့်အား စောင့်ရှောက်ထားပြီး ၄င်းတို့၏ စားဝတ်နေရေး၊ ပညာသင်ကြားရေးနှင့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးလျှက် ရှိသည်။
မြန်မာနိုင်ငံတွင်၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ လူကုန်ကူးမှု အမှုပေါင်း ၁၅၄ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၆၆ ဦးကို လူကုန်ကူးမှု တာဆီးကာကွယ်ရေးအမှုဖြင့် အရေးယူခဲ့သည်ဟု လူကုန်ကူးမှုတိုက်ဖျက်ရေး သတင်းဖေါ်ပြချက်များအရ သိရသည်။
မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များတွင် အမျိုးသမီးများနှင့် ကလေးများ နယ်စပ်ဖြတ်ကျော်၍ လိင်ကုန်ကူးမှုများ မဖြစ်ပွားစေရန်အတွက် လူကုန်ကူးမှုနှင့် ပတ်သက်၍အကြောင်းကြားတိုင် တန်း နိုင်ရန် အရေးပေါ်သီးသန့်ဖုန်းလိုင်းများကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပိုစတာများဖြင့်ရေးသားဖေါ်ပြ ထားသည်။