ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာ ချက်ထုတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်အရေး ကြေညာ ချက်ထုတ်
by -
မွန်အေဂျင်စီ

လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ပဋိပက္ခသည် ပြည်ထောင်စုအရေးဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရအနေဖြင့် လက်တွေ့ကျကျ အလျှင်အမြန်ဆောင်ရွက်ကြရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့တို့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၈ ရက်အထိ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများတွင် သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးတို့အပြင် လူနေအိမ် ၅,၃၅၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ ၃၂,၂၃၁ ယောက်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပေါ်ခဲ့ကြောင်းနှင့် သာမန်ဆူပူလှုပ်ရှားမှုဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့် အနေအထား တွေ့ရကြောင်း နိုင်ငံပိုင်သတင်း စာများမှတဆင့်သိရသည် ဟု ကြေညာချက်နိဒါန်းတွင် ရေးသားဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ကြေညာချက်ထုတ်ရန်ဆွေးနွေးခဲ့ကြစဉ်(Internet)
လက်ရှိရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်၍ တိုင်းရင်းသားပါတီခေါင်းဆောင်အချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ ၅ ရက်နေ့၊ ညနေပိုင်းက လွှတ်တော်ကိုယ်စားလှယ်များ နားနေရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂) တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေညာချက်ထုတ်ရန် သဘောတူခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ရခိုင်အရေးနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန်ရင် ဒုက္ခခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေကို စိတ်ဓာတ်မြှင့် တင်ပေးဖို့ အချက်အလက်တွေပါဝင်ရမယ်” ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းပါတီ၊ “ဝ”အမျိုးသားပါတီ၊ အင်းသားပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်အား တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူခဲ့ကြကြောင်းနှင့် “ဤပဋိပက္ခဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဖွား ဌာနေ ရခိုင်တိုင်းရင်းသား များ၏ စိုးရိမ်ပူပန် ကြောင့်ကြမှုများကို အသိအမှတ်ပြုရမည်ဖြစ်ပါသည်” ဟု ထုတ်ပြန်ကြေညာချက်တွင် ပါရှိကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ရေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောဆိုသည်။

ရခိုင်ပြည်နယ်အရေးသည် ပြည်တောင်စုအရေးဖြစ်သောကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးကော်မတီမှ လွန်ခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆိုတင်သွင်း ခဲ့ပြီး ဖြစ်သည်။

Most read this week