မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်တွင် နေအိမ်အဆောက်အအုံတစ်ခုတည်း၌ မွန်နှစ်ပါတီဆိုင်း ဘုတ်နှင့် အလံများ အတူယှဉ်တွဲတင်ထားခဲ့ကြရာမှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ဆိုင်းဘုတ်ဖြုတ်ချခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် မွန်ဒီမိုကရေစီပါတီ MDP ဆိုင်းဘုတ်တစ်ခု တည်းသာ ကျန်ရှိနေကြောင်း ဒေသခံများက ပြောသည်။
AMDP ဆိုင်းဘုတ်အား ကမာဝက်တိုက်နယ်ရှိ ယင်းပါတီဝင်အချို့မှ ယမန်နေ့ညပိုင်းက လာရောက်ဖြုတ်ချ လိုက် သည်ကို အိမ်ရှင်ပြောပြသဖြင့်သိခဲ့ကြောင်း မွန်ဒီမိုကရေစီပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
၎င်းက “ နှစ်ပါတီစလုံးဆိုင်းဘုတ်အတူတင်ကြဖို့ ကမာဝက်တိုက်နယ်အဆင့် နှစ်ဖက်ပါတီဝင်တို့ကသဘော တူထားကြတယ်၊ အခုတစ်စုံတစ်ရာ ဘာမပြောပဲနဲ့ ဘာလို့ သူတို့ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်တာကိုတော့ ကျနော်တို့လဲ နားမလည်ဘူး” ဟု ပြောသည်။
ကမာဝက်ကျေးရွာ၊ ရွာလယ်ပိုင်း ဓါတ်တော်ကျောင်းအနီး မူလကဖွင့်လှစ်ထားရှိသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နေအိမ်အဆောက်အအုံနေရာ၌ ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်နေ့တွင် နှစ်ပါတီဆိုင်းဘုတ်နှင့် အလံယှဉ်တွဲတင်ကြကာ ပါတီတစ်ရုံးတည်း၌ တစ်ပတ်ကြာအတူဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မွန်နှစ်ပါတီတစ်ရုံးတည်း အတူဖွင့်လှစ်ထားခြင်းကို AMDP ပါတီ ဗဟိုကခွင့်မပြုသဖြင့် မုဒုံမြို့နယ်ရုံးမှ ကမာဝက်မြို့နယ် တာဝန်ရှိသူများထံ အမိန့်ပေးခဲ့ကြောင်း AMDP ပါတီ ကမာဝက်တိုက်နယ်ဥက္ကဌ နိုင်ဗညားချမ်းက ပြောသည်။
နိုင်ဗညားချမ်းက“ မြို့နယ်ရုံးတာဝန်ရှိသူတွေပြောတာက တစ်ရုံးထဲမှာ ပါတီနှစ်ခုဆိုင်းဘုတ်ထောင် အလံတင်တဲ့အစဉ်အလာမရှိကြဘူးဆိုပဲ၊ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ရဲ့နည်းပဒေတွေမှာ နှစ်ပါတီဆိုင်းဘုတ်အတူ မထားရှိရဘူးဆိုတဲ့ တားမြစ်ချက်တွေကိုလည်း မတွေ့မိပါဘူး” ဟု ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDPနှင့် မွန်ဒီမိုကရေစီပါတီ MDP နှစ်ပါတီတို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးထား၍ တစ်ပါတီအမည်သစ်တစ်ခုတည်းဖြင့် ပေါင်းစည်းသွားကြမည်ဟု နှစ်ပါတီ ခေါင်းဆောင်များမှ လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။