တနင်္သာရီတိုင်း၏ တတိယမြောက် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည် ဆောက်မှု စီမံကိန်းကို ဖျက်သိမ်းပေးရန် ဒေသခံ တထောင့်ငါးရာကျော် စုပေါင်းလက်မှတ်ဖြင့် တနင်္လာနေ့ တွင် နိုင်ငံတော် သမ္မတထံသို့ ဒုတိယအကြိမ် အသနားခံစာ တင်ပြထားကြောင်း ဦးဆောင်စီစဉ် ပေးသည့် မြိတ်ခရိုင် ၈၈ ကျောင်းသားများက ပြောသည်။
မြိတ်မြို့နယ် အရှေ့ဘက် ၁၇ မိုင်အကွာ လော့လော့ကျေးရွာ အနီးရှိ ၅ဝ မဂ္ဂါဝပ် ထုတ်လွှတ်မည့် ယင်းစက်ရုံကို ရပ်တန့်ပေးရန် သြဂုတ်လ ၂၈ ရက်နေ့တွင်လည်း ဒေသခံ ၁၅ဝ ခန့်က သမ္မတထံ ပထမအကြိမ် တင်ပြခဲ့ သော်လည်း အကြောင်းထူးခြားခြင်း မရှိသည့်အတွက် ဒုတိယအကြိမ် ထပ်မံ တင်ပြခြင်း ဖြစ်သည်။
ဤတကြိမ်တွင် စက်ရုံတည်ဆောက်မည့် နေရာ အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် ကျောက်ဖျာ၊ လော့လော့၊ သမုတ်နှင့် ကျွဲကူး ကျေးရွာများမှာ ဒေသခံ ၁,၆၇၇ ဦး၏ စုပေါင်းလက်မှတ်များ ပါဝင်သည်။
“ညက တင်လိုက်ပြီ။ သူတို့ (ဒေသခံ) အနေနဲ့ ရုံးကနားတွေ စာတွေ ဘာတွေ မစီတတ်ဘူးလေ။ ဘယ်ရုံးတွေကို တင်ရမှာကိုလည်း သူတို့က သိပ်ပြီး နားမလည်တဲ့အခါကျတော့ ကျနော်တို့က စီစဉ်ပေးရတာပါ” ဟု မြိတ်ခရိုင် ၈၈ ကျောင်းသားအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတင်ကိုကိုဦး က ပြောသည်။
“မီတာခ သက်သာတဲ့ လျှပ်စစ်မီးကို ကျနော်တို့ လိုချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့ သိသလောက် ကျောက်မီးသွေးက ဆိုးကျိုးတွေ များတော့ ကျနော်တို့ ကန့်ကွက်ဖို့ လက်မှတ်ထိုးလိုက်တာ” ဟု ကျောက်ဖျာ
ကျေးရွာမှ ကိုဟန်ဝင်းထွန်း က ပြောသည်။
အသနားခံစာတွင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား အမှန်တကယ် လိုအပ်နေသော်လည်း ကျောက်မီးသွေး ဘေးထွက်ဆိုးကျိုးများကြောင့် စီမံကိန်းကို လုံးဝ ကန့်ကွက်ကြောင်းနှင့် စနစ်တကျ စီမံနိုင်မှု မရှိပါက ယင်းစီမံကိန်းများကြောင့်ပင် ဆင်းရဲနွမ်းပါးမှု ပိုလာနိုင်ကြောင်း ထောက်ပြထားသည်။
၎င်းပြင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏ ဘေးထွက် ဆိုးကျိုးများကို နိုင်ငံတကာမှ ထုတ်ပြန်သည့် အစီရင်ခံစာနှင့် ပြည်တွင်းပညာရှင်များ၏ ပြောဆိုချက်များကို ကိုးကား ထောက်ပြထားပြီး သဘာဝ ဓါတ်ငွေ့ဖြင့် အစားထိုး လည်ပတ်ရန်လည်း အကြံပြုထားသည်။
“ကျောက်မီးသွေး စက်ရုံရဲ့ ဆိုကျိုးတွေကို နောက်ဆုံး ၂ဝ၁ဝ၊ ၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ်တွေမှာ ထုတ်တဲ့ နိုင်ငံတကာ အစီရင်ခံစာတွေမှာ လိုက်ရှာတယ်။ နောက်တော့ ကျနော်တို့ နိုင်ငံက ပညာရှင်တွေကို လူကိုယ်တိုင် တွေ့လို့ရတဲ့ နေရာဆို တွေ့ပြီး သူတို့ဆီက အကြံဉာဏ်တွေ တောင်းပြီး အခုလို ကျနော်တို့ တင်ပြတာ” ဟု ကိုတင်ကိုကိုဦး က ပြောသည်။
“ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံအစား မြန်မာနိုင်ငံ၏ ဆန်စပါးထက် ပေါများစွာ ထွက်ရှိလျက်ရှိ သည့် သဘာဝဓါတ်ငွေ့အား အသုံးပြုစေလိုပါသည်” ဟု အသနားခံစာတွင် ပါရှိသည်။
စက်ရုံသည် လော့လော့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ခြံစည်းရိုးတခုသာ ခြားပြီး သမုတ်ရွာ အထက်တန်းကျောင်းနှင့် မြစ်တခုသာ ခြားခြင်း၊ လူနေရပ်ကွက်အတွင်း ရှိခြင်း၊ စက်ရုံမှ ထွက်မည့် စွန့်ပစ် ပစ္စည်းများသည် မြစ်ချောင်း တလျှောက်ရှိ ကျေးရွာများနှင့် ဒေသခံများ၏ ငါးပိ၊ ငါးခြောက် လုပ်ငန်းနှင့် ရေလုပ်ငန်း များကို ထိခိုက်စေနိုင်ခြင်း စသည်တို့ကြောင့် သြဂုတ်လ နှောင်းပိုင်းတွင်လည်း မြိတ် ၈၈ ကျောင်းသားများက ကန့်ကွက်ကြောင်း ကြောညာချက် ထုတ်ပြန်ခဲ့ဖူးသည်။
စက်ရုံ တည်ဆောက်မည့် မြေမှာလည်း ယခင်အစိုးရ လက်ထက်က လယ်ပိုင်ရှင် ၁၇ ဦးထံမှ သိမ်းယူထားသည့် မြေများ ဖြစ်ပြီး ယနေ့တိုင် မြေပြေစာခွန် ပေးသွင်းထားကြောင်းနှင့် ၎င်းတို့၏ မြေများကို ပြန်လည်ရရှိ လိုကြောင်း တနင်္ဂနွေနေ့တွင်ပင် မြေရှင်များက သမ္မတထံ စာရွက်စာတမ်းနှင့်တကွ တိုင်ကြားထားသည်။
စက်ရုံတည်ဆောက်ရန်အတွက် တနင်္သာရီတိုင်း အစိုးရ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနနှင့် သန်းဖြိုးသူ ကုမ္ပဏီ လိမိတက်တို့က ဇူလိုင်လတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ၁၈ လအတွင်း အပြီးဆောက်လုပ် သွားမည်ဟု ဆိုသည်။
တနင်္သာရီတိုင်းတွင် မဂ္ဂါဝပ် ၄,ဝဝဝ ထုတ် ထားဝယ်၊ ၈ မဂ္ဂါဝပ်ထုတ် ကော့သောင်းနှင့် ၅ဝ မဂ္ဂါဝပ်ထုတ် မြိတ် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ၃ ခု ရှိသည့်အနက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ထားဝယ် ရေနက် ဆိပ်ကမ်း၏ အစိတ်အပိုင်း တခု ဖြစ်သည့် ထားဝယ် ကျောက်မီးသွေးသုံး စက်ရုံကို ဇန်နဝါရီ လဆန်းပိုင်းတွင် အစိုးရက ရပ်ဆိုင်းပေးမည်ဟု ကြေညာခဲ့ပြီး ကျန်စက်ရုံ နှစ်ခုမှာလည်း ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်သည်။
ပအိုးဝ် လူငယ်များ အစည်းအရုံးမှ ၂ဝ၁၁ ခုနှစ်တွင် ထုတ်ပြန်သည့် ‘အဆိပ်သင့် တိမ်များ’ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံ ခုနှစ်ရုံ ရှိသည့်အနက် မဂ္ဂါဝပ် ၁၂ဝ ထုတ် တီကျစ်နှင့် မဂ္ဂါဝပ် ၃၆၉ ထုတ် မိုင်းခုတ် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံများမှာ လည်ပတ် လျက်ရှိပြီး ကျန် ငါးရုံမှာ လျာထားအဆင့်တွင် ရှိကြောင်း သိရသည်။