စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ခိုင်မာသောစိတ်ဓါတ်၊ ဇွဲသတ္တိတို့ဖြင့် ဆက်လက်ချီ တက်တိုက်ပွဲဝင်သွားကြရဦးမည်ဟု မွန်ပြည်သစ်ပါတီ ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ ယနေ့ထုတ်ပြန် ကြေငြာချက်တွင် ရေးသားဖေါ်ပြသည်။
အစဉ်အမြဲဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးရေစီးကြောင်း အကွေ့အလှည့်အမျိုးမျိုးအပေါ် မည်သည့်အကွေ့ တွင် မည်သည့်တက်ဖြင့် လှော်ခတ်ကျော်ဖြတ်ရမည်ကို မွန်အမျိုးသားများနှင့် မျိုးချစ်ရဲဘော်များက အတွေ့ အကြုံအရ နားလည်သိရှိကြပြီးဖြစ်ရာ ရှေ့သို့တက်ညီလက်ညီဖြင့် ကြိုးပမ်းချီတက်ကြရဦးမည်ဖြစ်သည်ဟု လည်း ၄င်းကြေညာချက်တွင် ရေးသားထားသည်။
ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာ၌ ယနေ့ကျင်းပသော ၆၅ ကြိမ်မြောက်မွန်တော် လှန်ရေးနေ့အခမ်းအနား၌ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာမိန့်ခွန်းတရပ်တွင် “နိုင်ငံရေးသီ အိုရီအယူအဆတွေမှာက တိုင်းပြည်မရှိတဲ့လူမျိုး၊ မိမိကြမ္မာဖန်တီးခွင့်မရှိတဲ့လူမျိုး၊ တပ်မတော်မရှိတဲ့လူမျိုးတစ် မျိုးဟာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူပါဘူး၊ အခြားလူမျိုးတွေရဲ့ ဖိနှိပ်ဝါးမြိုမှုကြောင့် အချိန်ကာလတိုတိုလေး ထဲမှာ ပျောက်ဆုံးသွားနိုင်တယ်” ဟု ပြောသည်။
လက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ရှိခဲ့သည့်အတွက် မွန်လူမျိုးကို အများတကာအသိအမှတ်ပြု ခံနေရသည်ဟုလည်း မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
၆၅ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌကြီးပေးပို့သော သဝဏ်လွှာတွင် “တဖက်မှာ လည်းထာဝရငြိမ်းချမ်းရေးအတွက်ဖေါ်ဆောင်တဲ့နေရာမှာ ရှေးကအဆိုအမိန့်များရှိခဲ့သည့်အတိုင်းထမင်းဆုပ် ကို ပဲမဲမနေပဲနဲ့ ဝါးရင်းတုတ်ကိုလည်းသတိမူသင့်” ဟု လက်ရှိငြိမ်းချမ်းရေးကာလအတွက် သတိပေးထားသည်။
ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့တွင် ဖားအံမြို့မြိုနယ်၊ ဇာသပြင်ကျေးရွာရှိအစိုးရ၏ကာကွယ် ရေး တပ်ဖွဲ့နှင့် ရဲစခန်းတို့ကို မွန်လူငယ်များသေနတ်လုယူ တိုက်ခိုက်ရာမှ မွန်တော်လှန်ရေးစတင်ခဲ့ခြင်းဖြစ် သည်။
ထို့နောက် မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့ကို မွန်နှင့်ကရင်တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်သိမ်းယူခဲ့ ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ထိုစဉ်က မွန်ပြည်သူ့တပ်ဦးအမည်ဖြင့် မွန်တိုင်းရင်းသားများတော်လှန်ရေးဆင်နွဲခဲ့ရာတွင် မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ MNDO ဖွဲ့စည်းနိုင်ခဲ့သည်။
ဦးနုအစိုးရ၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး အစီအစဉ်အောက်တွင် ၁၉၅၈ ၌ မွန်ပြည်သူ့တပ်ဦး လက်နက်ချခဲ့ပြီး တရားဝင်ပါတီ တည်ထောင်ခွင့်ရကာ ရွေးကောက်ပွဲဝင်ပြီး ခေါင်းဆောင်အချို့ လွှတ်တော် အမတ်နှင့် အစိုးရဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကြသည်။
မွန်ပြည်သူတပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေးကို လက်မခံသော နိုင်ရွှေကျင်သည် ကျန်ရှိနေသာ အင်အားစုများကို စုစည်းကာ မွန်ပြည်သစ်ပါတီကို ၁၉၅၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။
အလားတူ ယနေ့ကျရောက်သော ၆၅ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားများကို မွန်ပြည်သစ်ပါ တီထိန်းချုပ်ရာ ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်၊ မော်လမြိုင်၊ သထုံ၊ ထားဝယ်ခရိုင်ရုံးများနှင့် ကွယ်လွန်သူမွန်အမျိုးသားခေါင်းဆာင်များတို့၏ အုပ်ဂူတည်ရှိရာ နေရာအသီးသီး၌ ကျင်းပခဲ့သည်ဟု သိရသည်။