သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော

သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော
by -
မွန်အေဂျင်စီ

ဒုတိယကမ္ဘာစစ်က ဖေါက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည်ဟု ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဘုရားသုံးဆူမြို့သို့ ယနေ့တွင်ရောက်ရှိစဉ် မိန့်ခွန်းတရပ်၌ ထည့်သွင်းပြောကြားခဲ့သည်။

မီးရထား ဝန် ဦးအောင်မင်း
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဘုရားသုံးဆူမြို့၊ ဆက်ဆံရေးရုံးဖွင့်လှစ်ပွဲတွင် စင်မြင့်ပေါ်၌ မိန့်ခွန်းပြောကြားစဉ် လူထုများအား ယင်းကဲ့သို့အတိအလင်း ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက “လက်ရှိအသုံးပြုနေတဲ့ကားလမ်းက အရင်မီးရထားလမ်း ဟောင်းဖြစ်တဲ့အတွက် ဒီလမ်းကိုကျနော်ပြန်ယူမယ်၊ မီးရထားလမ်းနဲ့ယှဉ်ပြီး ကားလမ်းသစ်ဖေါက်လုပ်မယ်” ဟု ပြောသည်။

လာမည့် ၃-၄ နှစ်အတွင်း ဘုရားသုံးဆူမြို့သူ/သားများ ရန်ကုန်သို့ မီးရထားဖြင့်သွားလာနိုင်ကြပြီးပြည်တွင်း မှနေထိုင်သည့်ပြည်သူများလည်း မကြာခင်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရထားဖြင့်သွားလာနိုင်တော့ မည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

ထို့အပြင် ဘုရားသုံးဆူဒေသ၌ စက်မှုဇုံတည်ဆောက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူမွန်ပြည်နယ် ဝန်ကြီးချုပ်ပါ ပူးတွဲတာဝန်ယူဆောင်ရွက်သွားရန် နိုင်ငံတော်မှ စီမံကိန်းများချမှတ် ထားကြောင်း ဝန်ကြီးက ဆက်ပြောသည်။

ဘုရားသုံးဆူမြို့၊ ကရင်အမျိုးသားအစည်းအရုံး KNU ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း တို့တက်ရောက်ခဲ့ကြသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံးမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးခေါင်းဆောင်သောအဖွဲ့တွင် KNU ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော ဗဒိုဒေးဗစ်ထော၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုရွှေမောင်း၊ ဗဒိုအောင်မော်အေးနှင့် ဗိုလ်ချုပ်ဂျော်နီတို့ အခမ်းအနားဖွင့်လှစ်ပွဲသို့ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့သည် မိုင် ၆၀ ကျော်ရှည်လျှားပြီး တောင်ကြားလမ်းဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်တို့က မီရထားလမ်းဖေါက်လုပ်ရာတွင် လူအသေအပျောက်များသဖြင့် သေမင်းတမန်ရထားလမ်းဟု နာမည်ကျော်ကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် ဂျပန်များစစ်ရှုံးပြီး ရထားလမ်းသည်လည်း အဖျက်ဆီးခံခဲ့ရကာ ဘုရားသုံးဆူမှ သံဖြူဇရပ်ကားလမ်းအဖြစ် ယခုအခါဆက်လက်အသုံးပြုလျှက်ရှိသည်

Most read this week