မဲပေးရေး သဘောထား ကွဲလွဲမှုကြောင့် ၁၄ စုံတွဲ လင်မယား ကွာ ရှင်းပြတ်စဲ

မဲပေးရေး သဘောထား ကွဲလွဲမှုကြောင့် ၁၄ စုံတွဲ လင်မယား ကွာ ရှင်းပြတ်စဲ
by -
ခိုနူမ်းထုန်

စစ်ကိုင်းမြို့နယ် ဒေါင်းမ နှင့် ဆင်မြေ ရွာတို့တွင် ကြားဖြတ်ရွေးကောက်ပွဲမဲပေးရေးနှင့် ပါတ်သက်ပြီး လင်မယားများ အကြား သဘောထားကွဲလွဲမှုကြောင့် တရားဝင်ကွာရှင်းပြတ်စဲသူ လင်မယား ၁၄ စုံတွဲရှိ သည်ဟု သတင်းရရှိသည်။

“ရပ်ကွက်ရုံးမှာ တရားဝင်ကွာရှင်းတာ ၁၄ တွဲရှိပြီ၊ မိန်းမတွေက ကြံ့ခိုင်ရေးပါတီက လမ်းခင်းပေးမယ်၊ လမ်းမီး တိုင်တွေ ဆောက်ပေးမယ် ဆိုပြီး ကြံ့ခိုင်ရေးကို မဲပေးဖို့လုပ်နေကြတယ်၊ ဒါကို  လင်ယောကျာင်္းတွေက မဲမပေး ရဘူး အန်အယ်ဒီ ကိုပဲမဲပေးရမယ်ဆိုပြီး လင်မယား ကွဲကုန်ကြတော့တာပဲ” ဟုစစ်ကိုင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲရုံကိုယ်စား လှယ် တဦးက ပြောသည်။

အလားတူ ပါတီအကြိုက်ချင်းမတူညီသည့် သဘောထားကွဲလွဲမှုကြောင့် သမက်နှင့် ယောက္ခဖြစ်သူများ ကြား တွင် လည်း ပြဿနာများဖြစ်နေကြောင်း ထပ်မံသိရသည်။

“ဒေါင်းမရွာက ယောက္ခမဖြစ်တဲ့သူက သမက်ရှိတဲ့ ညောင်ကုန်းရွာကိုသွားတော့ သမက်ဖြစ်သူက ယောက္ခမ ကို ခင်ဗျား က ကြံ့ခိုင်ရေး၊ ကျုပ်က NLD။ ကျုပ်တို့ရွာကိုမလာရင်ကောင်းမယ် ဆိုပြီး အကြီးအ ကျယ် စကား များကြတော့ တာပဲ”  ဟု ပြောသည်။

ထို့အပြင် ဒီပါတီကို မဲပေးယင် “သေခန်းပြတ်ပဲ၊ မလာတော့နဲ့” ဆိုတဲ့အထိ အငြိုးအတေးထားခြင်းများလည်း ရှိနေကြောင်း အခြား ဒေသခံတဦးက ပြောသည်။

မနေ ့ဖြန်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်မောင်သိန်း နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးစိုးနိုင် တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။