UNFC ၏ စုစည်း ညီညွတ်မှုကို အစိုးရက ဖြိုခွဲလို

UNFC ၏ စုစည်း ညီညွတ်မှုကို အစိုးရက ဖြိုခွဲလို
by -
လွတ်လပ်သော မွန်သတင်းအေဂျင်စီ

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက်ဦးတည်နေခြင်းမဟုတ်သည့် အပြင် UNFC ၏ ညီညွတ်မှုကိုပါ ဖြိုခွဲလိုနေ ကြောင်း ညီညွတ်သော် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။

လွတ်လပ်သော မွန်သတင်အေဂျင်စီ - မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့၏ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် ဦးတည်နေခြင်းမဟုတ်သည့်အပြင် UNFC ၏ညီညွတ်မှု ကိုပါ ဖြိုခွဲလိုနေကြောင်း ညီညွတ်သော် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြောသည်။

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းစီ တွေ့ဆုံနေမှုသည် လွယ်ကူလျှင်မြန်သည့် နည်းလမ်းမဟုတ်သည့်အပြင် UNFC ၏ စုစည်းညီညွတ်မှုကို ဖြိုခွဲလိုခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၄ ရက်နေ့ထုတ် UNFC ကြေငြာချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရနှင့် UNFC တို့ တွေ့ဆုံဆွေးနွေးကြမည်ဆိုပါလျှင်လွယ်ကူလျှင်မြန်မည်ကိုသိသော် လည်း သီးခြားတဖွဲ့ချင်းစီနှင့်သာ ဆွေးနွေးဖြေရှင်းရန် ကြံစည်နေခြင်းသည် ရိုးသားသောလက္ခဏာ မဟုတ်ပဲ တဖွဲ့ချင်းစီကွဲပြားနေမှ အားနည်းပြီး အကျပ်ကိုင်နိုင်သည့် ရည်ရွယ်ချက်နှင့်ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ပါရှိသည်။
unfc_st_pdf1
“သူတို့ (အစိုးရ) တွေရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ နိုင်ငံရေးတွေ့ဆုံမှုဖြစ်ဖို့ စေတနာအမှန်နဲ့လုပ်နေ တာမဟုတ်ဘူး၊ တဖွဲ့ချင်းတွေ့မယ် ပြီးရင် တဖွဲ့ချင်း အခွင့်အရေးပေးမယ် အဓိကတဖွဲ့ချင်း ခွဲမယ် အဖွဲ့တွေက အင်အားနည်းလာမယ် ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကို ခွဲချင်နေတာဆိုတာ ပြောနိုင်ပါတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက IMNA ကို ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် “ဖြေရှင်းခြင်းမပြုပဲ အာဏာရထားသူများကစစ်အင်အားသုံး ဖြေရှင်းခြင်း၊ အပစ်ရပ်ပြီး “ဒေသဖွံ့ဖြိုးရေး” နည်းဗျူးဟာကို ကျင့်သုံးနေခြင်းသည်တိုင်းရင်းသားလူမျိုး များ၏ “နိုင်ငံရေးအရတန်းတူမှုရရှိရေး” တိုက်ပွဲကို လှည့်စားသောနည်းဖြင့် ဖြိုခွဲနေခြင်းဖြစ်သဖြင့် နှစ်ပေါင်း (၆၀) ကျော် ငြိမ်းချမ်းရေးနှင့် ဝေးခဲ့ရသည်။

UNFC အနေဖြင့် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် နည်းဗျူးဟာကို သတိထားမိသောကြောင့် စစ်ဖြစ်နေသော ဒေသအားလုံး တပြိုင်တည်းအပစ်ခတ်ရပ်စဲရေး နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖြေရှင်း ရေးနှင့် ထိုသို့ဆွေးနွေးဖြေရှင်းရာတွင် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနှင့် UNFCတပ်ပေါင်းစု ကိုယ်စားလှယ်များ ဆွေးနွေးရမည်ဆိုသည့် အခြေခံမူကို ချမှတ်ခဲ့သည်။

သို့ရာတွင် ငြိမ်းချမ်းရေး လမ်းစရှာဖွေရန်အတွက် UNFC အဖွဲ့ဝင်အင်အားစုများအား တဖွဲ့ချင်းစီ၏ လုပ်ပိုင်ခွင့်ကို လေးစားသောအနေဖြင့် တဖွဲ့ချင်း တွေ့ဆုံခွင့်ပြုခဲ့ပြီး အဆုံးအဖြတ်ကိုမူ UNFC နှင့် ဆွေးနွေးရန်ဆိုသည့် ‘မူတရပ်’ ကို ချမှတ်ခဲ့သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

နိုင်ဟံသာက “အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်က တဖွဲ့ကို အပစ်ရပ်စဲဖို့ စကားပြောနေသလို တဘက်မှာလည်း တခြားတဖွဲ့ကို ထိုးစစ်ဆင်နေတာရှိတယ်”

UNFC သည် မကြာခင်က ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ၄င်းတို့၏တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး (၆) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ (၆) ဖွဲ့တို့ကို အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့်ပြန်လည်ဖွဲ့ စည်းခဲ့သည်။

၄င်းပြင် တိုင်းရင်းသား လက်နက်ကိုင်များ စုပေါင်းပြီး ပြည်ထောင်စု တပ်မတော်တရပ်ကိုပါ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

UNFC ကို ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အခြေခံအဖွဲ့ ၆ဖွဲ့အဖြစ်ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ပါ၀င်ပြီး ယခု ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF) ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) နှင့် ကချင်အမျိုးသားအစည်းအရုံး (KNO) တို့ဖြင့် အခြေခံအဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းလာသည်။