မွန်ပြည်နယ်ကျေးရွာအချို့ ပြည်သူများအား ချေးငွေထုတ်ပေး

မွန်ပြည်နယ်ကျေးရွာအချို့ ပြည်သူများအား ချေးငွေထုတ်ပေး
by -
ဂျူရီချိုင်း

ဂျူရီချိုင်း၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ - မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား ယခုရက်ပိုင်းအတွင်းသက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး များထံမှ ချေးငွေများ ထုတ်ပေးနေကြောင်း သိရသည်။

“ချေးငွေတွေ ထုတ်ပေးနေတယ် အတိုး ၂ ကျပ်နဲ့၊ စာရင်းသွင်းပေးပြီးရင်ရက်သိပ်မကြာဘူး၊ တစ်ပတ် လောက်ဆိုရပြီး၊ စာရင်းပေးတဲ့သူတွေလည်း သွားပေးတုန်းပဲ” ဟု မုဒုံမြို့နယ်၊ ကွမ်လှာရွာမှချေးငွေထုတ် ချေးခဲ့သူတစ်ဦးက ပြောသည်။

Mudo-Town-300x173အဆိုပါချေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ထံ စာရင်းပေးသွင်းရပြီး မိသားစုတစ်စုလျှင် အများ ဆုံးငွေကျပ် ၃ သိန်းကို အတိုးနှုန်း ၂ ကျပ်ဖြင့် ထုတ်ပေးနေကြောင်း၊တစ်နှစ်အတွက်ထုတ်ချေးသွားမည် ဖြစ်ပြီး အတိုးငွေနှုန်းများကိုသတ်မှတ်ကာလတွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံပြန်လည်ပေးဆပ် ရမည်ဟု အထက်ပါကွမ်လှာရွာသူက ပြောသည်။

စာရင်းပေးသွင်းသည့်သူများမှာ တစ်နေ့ကို အယောက် ၂၀ ခန့်ရှိပြီး ကွမ်လှာရွာတွင်ငွေကျပ်ပေါင်း သိန်း ၁၀၀ နီးပါးခန့် ချေးငွေထုတ်ပေးခဲ့ပြီဟု သိရသည်။

ချေးငွေများမှရရှိလာသော အတိုးငွေ ၂ ကျပ်အနက် တစ်ကျပ်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးထံမြို့နယ်အာဏာ ပိုင် မှ တဆင့် ပေးသွင်းကြရပြီး ကျန်သည့်အတိုးငွေတစ်ကျပ်ကို ကျေးရွာဖွံဖြိုးရေးအတွက်ပေးအပ်မည်ဖြစ် ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။

ယင်းချေးငွေများမှာ ပြည်နယ်ဖွံ့ဖြိုးရေးရံပုံငွေများဖြစ်ကြောင်း ကျေးရွာအာဏာပိုင်များက ပြောဆိုနေကြသည်။ သို့ရာတွင် အသေးစိတ်ကိုမသိရှိရသေးပေ။

အလားတူ ပြီးခဲ့သည့်သီတင်းပတ်တွင် မုဒုံမြို့နယ်၊ ဒိုးမားရွာနှင့် ဆက်သွယ်ကျေးရွာတို့၌ ပြည်တွင်းအန်ဂျီအို အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မေတ္တာဖောင်ဒေးရှင်းဝန်ထမ်းများလာရောက်ပြီး ချေးငွေများ ထုတ်ပေးရေးကိစ္စကို ကျေးရွာသားများအား အစည်းအဝေးပွဲတစ်ရပ် ကျင်းပခဲ့သည်ဟု ဒိုးမားရွာခံတစ်ဦးက ပြောသည်။

“ချေးငွေလိုချင်တဲ့သူတွေအပေါ် စည်းကမ်းသိပ်မတင်းကြပ်ထားပါဘူး၊သက်ဆိုင်တဲ့ကျေးရွာအုပ်ချုပ်ရေးမှူး တွေ တာဝန်ယူလို့ရှိရင် ထုတ်ပေးမယ်၊ လာမယ့် ပွင့်လင်းရာသီကျမှ ချေးငွေတွေရမယ်တဲ့” ဟုအထက်ပါ ရွာခံက ပြောသည်။

ယခုကဲ့သို့ချေးငွေများထုတ်ပေးခြင်းကို မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် ထုတ်ပေးမည့် အစီအစဉ်ရှိနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။