နယူးဒေလီ (မဇ္စျိမ) ။ ။ ဥရောပသမဂ္ဂ EU အထူးကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် လက်ရှိ ဖြစ်ပွားနေသည့် မြန်မာပြည်တွင်း စစ်ပွဲများအ ကြောင်း ဆွေးနွေးတင်ပြခဲ့ကြောင်းအမျိုးသားဒီမိုက ရေ စီအဖွဲ့ချုပ် NLD က သတင်း ထုတ်ပြန်သည်။
“NLD အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အရှိန်မြင့်တောက်လောင် လာသော စစ်မီးများ အမြန်ဆုံး ပြေငြိမ်းသွားရေးအတွက် အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေး ဖြေရှင်းရေးကို တိုက်တွန်းထားသည်” ဟု ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက မြန်မာပြည်သို့ ရောက်ရှိနေသည့် EU ကိုယ်စားလှယ် အဖွဲ့ကို တင်ပြခဲ့ကြောင်း NLD ဝက်ဆိုက်တွင် ရေးသားထားသည်။
ထို့ပြင် NLD အနေဖြင့် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်နေပုံနှင့် နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် အရေးကြီးပုံတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ သည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် EU မှ မြန်မာနိုင်ငံသို့ ပထမဆုံး စေလွှတ်ခဲ့သောအထူးကိုယ်စား လှယ်အဖွဲ့ကို EU ဒုဥက္ကဋ္ဌ၏ အကြံပေး မစ္စတာ ရောဘတ်ကူးပါး ဦးဆောင်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ EU အထူးကိုယ်စားလှယ် မစ္စတာ ပဲရို ဖာစီနို အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်။
ကိုယ်စားလှယ်အဖွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၁ ရက်နေ့ညနေပိုင်း က တက္ကသိုလ်ရိပ်သာ လမ်းရှိ နေအိမ်၌ ၂ နာရီကြာ တွေ့ဆုံခဲ့ရာ လက်ရှိဖြစ်ပွားနေသည့် ကချင်ဒေသ တိုက်ပွဲများ အကြောင်း မစ္စတာ ရောဘတ်ကူးပါးနှင့် ဆွေးနွေးဖြစ်ခဲ့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမှာ ပြည်တွင်းမှသာ ဆောင်ရွက်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာရောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တနင်္လာနေ့တွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံမှုသည်ဆယ်စုနှစ်တခုကျော် ကာလအတွင်း အိန္ဒိယအနေဖြင့် မြန်မာ အတိုက်အခံ ခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။
ယခုလ ၂၁ ရက်နေ့တွင် စတင်ခဲ့သည့် အိန္ဒိယအဆင့်မြင့် ခေါင်းဆောင်များ၏ ၃ ရက်တာမြန်မာပြည် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံက ဆောက်လုပ် လှူဒါန်းထားသည့် တန် ၅ဝဝ ဆန့် Food Security Shelter အဆောက်အဦး ၁ဝ ခုကို ဖွင့်လှစ်ပေးခြင်း၊ တာလေ မြေငလျင်ဘေးအတွက် ငွေလှူဒါန်းခြင်းများပြုလုပ် ခဲ့ကြသည်။
Food Security Shelter များမှာ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ၃ ခု၊ ကော့မှူးတွင် ၁ ခု၊ ဧရာဝတီတိုင်း ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာမြို့နယ်တို့တွင် တခုစီ အိန္ဒိယမှ ဆောက်လုပ် လှူဒါန်းထားသည်။
ထို့ပြင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အရှိန်မြှင့်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၆ဝ ကုန်ကျမည့် နယ်စပ် ကုန်သွယ်ရေး လမ်းတခုကို အိန္ဒိယက အကုန်ကျခံ
ဖောက်လုပ်ပေးရန် သဘောတူခဲ့ကြကြောင်း အိန္ဒိယ သတင်းဌာနများက ဖော်ပြကြသည်။
သဘောတူညီချက်ကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှနားနှင့် မြန်မာအစိုးရဆောက်လုပ် ရေး ဝန်ကြီးတို့ သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ရိုင်မြို့မှ ချင်းပြည်နယ် တီးတိန်မြို့သို့ ဆက်သွယ်မည့် မိုင် ၅ဝ နီးပါး ရှည်လျား သည့် နယ်စပ်လမ်းကို အိန္ဒိယ Ircon ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကာ ၂ဝ၁၄ ဒီဇင်ဘာလတွင် အပြီးသတ်ရန် သတ်မှတ်ထားသည်။ ၂ဝ၁၄ နောက်ပိုင်းတွင် ယင်းလမ်းကိုမြန်မာအစိုးရ ထံ လွှဲပြောင်းပေးအပ်ရန် သဘောတူညီထားသည်။
အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် ၂ဝဝ၁ ခုနှစ်က မိုင် ၁ဝဝ ကျော် ရှည်လျားသည့် တမူး - ကလေး - ကလေးဝလမ်းကို ဖောက်လုပ်ပေးခဲ့သဖြင့် ယခု ဖောက်လုပ်မည့်လမ်းသည်ဒုတိယ မြောက် ဖြစ်သည်။