ရာဘာခြံ စျေးကောင်းနေ

ရာဘာခြံ စျေးကောင်းနေ
by -
ရိုင်မရော့

ရိုင်မရော့ - ရာဘာကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်နေသည့် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ရာဘာခြံများ အဆမတန် စျေးကောင်းရရှိနေသည်။ ရာဘာခြံပေါက်စျေးကို အပင်နှင့် ရေတွက်ပြီး ရောင်းဝယ်ကြသည်။

SAM_0329-300x173“ရာဘာခြံစျေးက မနှစ်ကထက် ဒီနှစ်က ပိုစျေးကြီးသွားတယ်၊ ဝယ်တဲ့လူတွေကလည်း များတယ်၊ ရောင်းဖို့ မခေါ်နဲ့ မေးတဲ့လူက ရောက်လာရောပဲ စျေးဘယ်လောက်နဲ့ ရောင်း မလဲဆိုတာထက် ခြံကို ရောင်းမရောင်းအရင် မေးကြတယ်” ဟု မိအေးက ပြောသည်။ ကားလမ်းဘေးရှိ ၃ နှစ်စိုက်ထားသည့် ရာဘာ ၃၀၀ ပင်ရှိ ခြံတစ်ကွက်ကို ကျပ်သိန်း ၁၃၀ ဖြင့် ရောင်းသည်။

၃ နှစ်စိုက်ပျိုးထားသည့် ရွာများနှင့်နီးသည့် ရာဘာခြံတွင် ရာဘာတစ်ပင်ကို ၆ သောင်းကျပ်နှင့် အစေး ထုတ်နိုင်သည့် ရာဘာတစ်ပင်မှာ ကျပ် တစ်သိန်းထိ ဝယ်ယူနေကြသည်။ ရွာနှင့်ဝေးသည့်နေရာတွင် ၄င်းစျေးထက် အနည်းငယ်လျော့ကြောင်း မွန်ပြည်နယ် မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် မိအေးက ပြောသည်။

“စျေးဘယ်လောက်ကြီးကြီး ဝယ်တာပဲ၊ ခြံဝယ်မယ်ဆိုရင် စျေးကြီးတာ မှန်တယ် ဒါပေမယ့် တနေ့ကျရင် အကျိုးခံစားရမယ် ရှုံးဖို့မရှိဘူး။ ခုဆို ရာဘာခြံခေတ်တောင် ဖြစ်နေသလိုပဲ အိမ်တိုင်း လူတိုင်းကရာဘာခြံ ရှိကြတယ်” ဟု မကြာခင်ကမှ ကျပ် သိန်း ၁၆၀ တန်ရာဘာခြံ ဝယ်ထားသည့် အသက် ၃၅ နှစ်ရှိအမျိုးသမီး တစ်ဦးက ပြောသည်။

ရာဘာစျေး ကောင်းလာခြင်း၊ ပြည်ပနိုင်ငံ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူတို့မှ ပေးပို့သည့် ငွေပမာဏ များလာနေပြီး ၄င်းငွေများကို ထားသိုနိုင်သည့် ယုံကြည်စိတ်ချရသည့်နေရာမရှိကြောင်း မိအေးက ပြောသည်။

ငွေကြေးများပြားလာသည့် မွန်ပြည်သူတွေအတွက် ငွေကို ထားသိုနိုင်သည့် ဘဏ်လို နေရာမျိုးထားသိုခြင်း မရှိခြင်းနှင့် ဒေသခံတွေကလည်း ဘဏ်မှာ ငွေထားဖို့အပေါ် ယုံကြည်မှုမရှိခြင်းကြောင်းစုဆောင်းလုပ်ရ သမျှငွေတွေကို ခြံမြေဝယ်ကြသည်။

“အခုလို ရာဘာခြံစျေး အဆမတန်တက် တက်လာနေတာဟာ ထိုင်းက ပို့တဲ့ငွေ များလာတာဖြစ်တယ်၊ လူတွေက ငွေရတာနဲ့ ရာဘာခြံကိုပဲ ဝယ်ကြတယ်၊ ဘာလို့လဲဆိုတော့ ရာဘာခြံက ရေရှည်လုပ်စားလို့ရတယ် စျေးကြီးဝယ်ထားရပေမယ့် ရေရှည် အကျိုးခံစားရတယ်” ဟု မိအေးက ဆက်ပြောသည်။

မွန်ပြည်နယ်ရှိ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့သည် ရာဘာခြံစျေး အမြင့်ဆုံးဒေသဖြစ်ပြီး ရာဘာခြံမြေ စျေးနည်းသည့် သထုံ၊ ကျိုက်မရောသို့ သွားရောက် တိုးချဲ့စိုက်ပျိုးသူများလည်း ရှိသည်။

မွန်ပြည်နယ်သည် ရာဘာအများဆုံးစိုက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး၊ အများစုမှာ ရာဘာခြံစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။

၂၀၁၀ ခုနှစ်စာရင်းအရ မွန်ပြည်နယ် ရာဘာခြံစိုက်ပျိုးဧက ၄ သိန်းခွဲကျော်ရှိပြီး၊ အစေးထုတ်နိုင်သည့် ဧက ၂ သိန်း ရ သောင်းကျော်ရှိသည်ဟု မုဒုံမြို့နယ် မြန်မာ့နှစ်ရှည်ပင် မန်နေဂျာရုံးက ပြောသည်။ အများဆုံးစိုက်သည့် သံဖြူဇရပ်မြို့နယ်၌ ၄ သောင်း ၆ ထောင်ဧကကျော်ရှိပြီး ဒုတိယအများဆုံးမှာ ဧက သုံးသောင်းကျော်စိုက်သည့် မုဒုံမြို့နယ် ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာကို ရာဘာအများဆုံးဝယ်သည့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး၊ စင်ကာပူနိုင်ငံ ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်ဟု ပြည်တွင်းထုတ် (weekly-eleven) ဂျာနယ်မှာဖော်ပြ ထားသည်။

Most read this week