မွန်စာပေ သင်ကြားခွင့်ရရန် မွန်ပြည်နယ် ၀န်ကြီးကို တောင်းဆို

မွန်စာပေ သင်ကြားခွင့်ရရန် မွန်ပြည်နယ် ၀န်ကြီးကို တောင်းဆို
by -
လွတ်လပ်သောမွန်သတင်း အေဂျင်စီ

မိကျဲဂို – မွန်စာပေ သင်ကြားခွင့် ရရှိရန်နှင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက် ပေးရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်ဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် ဒေါက်တာမင်းနွယ်စိုးအား မုဒုံမြို့နယ်မှ ပြည်သူများက တောင်းဆိုခဲ့ကြသည်။

min-naw-soe

“အစိုးရကျောင်းမှာ မွန်စာ သင်ခွင့် ရဖို့ ကျနော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အစိုးရ သဘောထားအရ ဖြစ်ဖို့ မလွယ်ဘူးလို့ ဒေါက်တာမင်းနွယ်စိုးက ပြန်ရှင်းပြတယ်” ဟု ဆန္ဒမေးမြန်းပွဲသို့ တက်ရောက်ခဲ့သည့် နိုင်အောင်က ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သည့် ဦးအုန်းမြင့်က မွန်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် မုဒုံမြို့နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဒေါက်တာမင်းနွယ်စိုးအား ညွှန်ကြားထားသည့်အတွက် ပြည်သူ့ဆန္ဒကို လိုက်လံမေးမြန်းခြင်း ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှစည်းရုံးရေးမှူး တဦးက ပြောသည်။

ပြည်သူ့ဆန္ဒကို မေးမြန်းစဉ်တွင် စာကြည့်တိုက်များ၊ ဆေးရုံ၊ လမ်းများ၊ လျှပ်မီးများနှင့် ပတ်သက်သည့် ဖွံဖြိုးရေးဆိုင်ရာ အချက်အလက်များကို အဓိကထား မေးမြန်းပြီး မှတ်ယူသွားခဲ့ကြောင်း သိရသည်။

ပြည်သူ့ဆန္ဒကို မေးမြန်းပြီး အကောင်အထည် မဖော်ပေးနိုင်ပါက ပြည်သူများ အယုံအကြည်မဲ့သွားနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင်တဦး ဖြစ်သည့် နိုင်ကျော်က ပြောသည်။

၁၉၈၈ မတိုင်မီ ဆိုရှယ်လစ် အစိုးရ လက်ထက်တွင် အစိုးရကျောင်းများ၌ မွန်ဘာသာကို ဘာသာရပ်တခု အနေဖြင့် သင်ကြားခွင့် ရခဲ့သည်။ လက်ရှိ မွန်ပြည်နယ် အစိုးရအဖွဲ့တွင်လည်း မွန်လူမျိုး အများအပြား ပါဝင်သည့်အတွက် မွန်စာပေ သင်ကြားခွင့် ရနိုင်လိမ့်မည်ဟု ယူဆသည့်အတွက် ထိုကဲ့သို့ တောင်းဆိုခြင်း ဖြစ်သည်။