အလုပ်သမား ၅ဝဝ လုပ်ခအဖြတ်ခံရ၊ စားဝတ်နေရေး အခက်အခဲဖြစ်

အလုပ်သမား ၅ဝဝ လုပ်ခအဖြတ်ခံရ၊ စားဝတ်နေရေး အခက်အခဲဖြစ်
by -
မင်းတော်လဝီ

ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့အနီးဝန်းကျင်ရှိ ဝက်ခြံများတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ အလုပ်သမားများသည် အလုပ်ရှင်တို့မှ လုပ်ခထက်ဝက် ဖြတ်တောက်သည့်အတွက် စားဝတ်နေရေး အကျပ်အတည်း ...

ထိုင်းနိုင်ငံ ရတ်ချာဘူရီမြို့အနီးဝန်းကျင်ရှိ ဝက်ခြံများတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံမှ အလုပ်သမားများသည် အလုပ်ရှင်တို့မှ လုပ်ခထက်ဝက် ဖြတ်တောက်သည့်အတွက် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ရတ်ချာဘူရီခရိုင် ပါထောမြို့နယ် ဘလန်ခန်ဒေသရှိ ဝက်ခြံပေါင်း ငါးဆယ်ကျော်တွင် မြန်မာ အလုပ်သမား ငါးရာကျော် အလုပ်လုပ်ကိုင်နေပြီး အလုပ်လုပ်ခွင့် လက်မှတ် မရှိသူ အရေအတွက်များပြီး ၄င်းလက်မှတ် မရှိသည့်အလုပ်သမားများက လုံခြုံရေးအတွက် တာဝန်ယူထားသော အလုပ်ရှင်အား တစ်လလျှင် ဘတ် ၅ဝဝ ပေးရသည်ဟု ဝက်ခြံမှှ မြန်မာအလုပ်သမား ကိုစန်းရွှေက ပြောသည်။

“ဝက်ခြံမှာ မြန်မာအလုပ်သမားများတယ်၊ နေ့စားလုပ်ခတော့ တစ်နေ့ဘတ် ၁၇ဝ ရကြတယ်၊လက်မှတ်ရှိရှိ မရှိရှိ အားလုံးအတူတူပဲ။ တစ်လ အလုပ်ဆင်းခဲ့တဲ့လူကို ၁၅ ရက်အတွက် တစ်ခါပဲ လုပ်ခထုတ်ပေးတယ်။ ပျက်ရက်ကို နှုတ်တယ်” ဟု ကိုစန်းရွှေက ဆက်ပြောသည်။

ဝက်ခြံအလုပ်သမားများသည် တစ်ပတ်တွင်တစ်ရက် ပိတ်ရက်အဖြစ် အလှည့်ကျနားခွင့်ရပြီး တစ်လလျှင် လုပ်ခအဖြစ် ဘတ် ၄ဝဝဝ ကျော်ရရှိမည်ဖြစ်သော်လည်း လုပ်ခငွေရှင်းသည့်အခါ (၁၅) ရက်အတွက်လုပ်အားခကိုသာ ဘတ် ၂ဝဝဝ ခန့်သာရကြသည်ဟု ဝက်ခြံအတွင်း ၂ နှစ် ကျော်လုပ်ခဲ့သည့် ကိုသန်းလွင်က ပြောသည်။ တစ်လအတွင်း နှစ်ကြိမ်ရှင်းရမည့်လုပ်အားခကို အလုပ်ရှင်မှ အပြည့်အဝမပေးဘဲ တစ်ကြိမ်ခန့်သာ ရှင်းပေးသည်။

အလုပ်ရှင်မှ လုပ်ခအပြည့်အဝမပေးရခြင်းမှာ အလုပ်၌ အလုပ်သမားများ တာရှည်မြဲနေစေရန်နှင့် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ယူထားသည့်လုပ်အားခများမှာ အလုပ်ရှင်သူဋ္ဌေးများအတွက် အရင်းအနှီး ဖြစ်စေတယ်၊ ၄င်းအပြင် တချို့အလုပ်သမားများ အလုပ်ထွက်သွားသည့်အတွက် အလုပ်ရှင်ထံတွင် ငွေကျန်နေခဲ့ပြီး အလုပ်သမားများ အများ အပြား နစ်နာသွားသည်ဟု ကိုသန်းလွင်က ဆက်ပြောသည်။

“ဒီလိုမဖြစ်ဖို့ အလုပ်သမားတွေက အလုပ်သမားအဖွဲ့အစည်းတခုခုမှာ ဝင်ထားဖို့လိုတယ်၊အလုပ်သမားအခွင့်အရေးကူညီဆောင်ရွက်နေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူပြီ အဖွဲ့အစည်းတွေက အလုပ်ရှင်နဲ့ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ်” ဟု ရာမညအလုပ်သမားသမဂ္ဂမှ ဒါရိုက်တာ နိုင်ကောင်းတလရော့ ကပြောသည်။

ဝက်ခြံအလုပ်သမားများသည် အများအားဖြင့် ကျန်းမာရေးထိခိုက်မှုများရှိနေကြပြီး ဆေးပေးခန်းနှင့် ဆေးရုံသို့ မကြာခဏ သွားရကြောင်း အဆုတ်ပွရောဂါနှင့် ယားနာရောဂါများအဖြစ်များသည့်ဟု ဆရာဝန်ဆေးမှတ်တမ်းအရ သိရကြောင်း ဝက်ခြံ၌ အလုပ်ကြီးကြပ်နေသည့် မြန်မာအလုပ်သမားကြီးတစ်ဦးက ပြောသည်။

ဖျားနာချိန်၊ အလုပ်လုပ်ခွင့်လက်မှတ်ရှိသူများကို ထိုင်းအစိုးရမှ သတ်မှတ်သည့်ဆေးဝါးခ ဘတ် ၃ဝ သာခံစားရသည့်သူများရှိသလို မခံစားရသူတွေကများသည်၊ ကျန်းမာရေးကြောင့် အလုပ်လုပ်ရက် ပျက်ကွက်ပြီး ငွေကြေးမရ၍ စားစရိတ်ပင် မရှိသည့် အလုပ်သမားများလည်း ရှိသည်ဟု အလုပ်ကြီးကြပ်နေသည့် မြန်မာအလုပ်သမားကြီးက ဆက်ပြောသည်။

ရတ်ချပူရီမြို့နှင့်ပတ်ဝန်းကျင်မှာ ဝက်မွေးမြုရေးခြံ နခွန်ပထုံမြို့ အနီးအနားမှာလည်း ဝက်မွေးမြုရေးခြံများစွာရှိပြီး မြန်မာအလုပ်သမားဦးရေ အများဆုံး အလုပ်လုပ်ကိုင်နေကြပါသည်။

Most read this week