ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဂီရိ မုန်းတိုင်ကြောင့် ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန်ဟု အကြောင်းပြကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများက ငွေကြေး တောင်းခံနေ ...
ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဂီရိ မုန်းတိုင်ကြောင့် ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရန်ဟု အကြောင်းပြကာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ဥက္ကဋ္ဌများက ငွေကြေး တောင်းခံနေသည်။
မြို့နယ်အလိုက် မယကတို့သည် လွန်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ စမှ ကျေးရွာရယကများအား ၎င်းရန်ပုံငွေ ကောက်ခံပေးရန် ညွှန်ကြားထားပြီး နိုဝင်ဘာ ၂၄ ရက်နေ့အထိ မယကဥက္ကဋ္ဌတို့ သတ်မှတ်ထားသည့် ငွေကြေး ပမာဏကို နောက်ဆုံး ထားကာ မယကဥက္ကဋ္ဌသို့ ပေးသွင်းရသည်။
မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်ခြေ အနည်းများအလိုက် ရွာကြီးလျှင် ကျပ် တစ်သိန်း၊ ရှစ်သောင်းနှင့် အိမ်ခြေ နည်းသည့် ကျေးရွာများတွင် ကျပ် ငါးသောင်းဟု၍ သုံးမျိုးသုံးစား ခွဲပြီး တောင်းခံထားသည်။
“ကျနော်တို့ ရွာမှာတော့ တစ်အိမ်ကို တစ်ထောင်နှုန်းနဲ့ ကောက်တယ်၊ ပြောတာက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့လို့တော့ ပြောတာပဲ” ဟု မုဒုံမြို့နယ်အတွင်းရှိ ရွာခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ် အစရှိသည့် မြို့နယ် အတော်များများမှာ ကောက်ခံနေကြောင်း ၎င်းဒေသခံက ပြောသည်။
“ဒုက္ခရောက်တဲ့ လူတွေကိုသာ တကယ်ကူညီရင်တော့ ကောင်းတာပေါ့၊ ကျနော်တို့လည်း ပေးလို့ ပျော်ပါတယ်၊ ဒုက္ခရောက်သူတွေကို ကူညီတာပဲ။ ဒါပေမယ့် တခုက ဒီကောက်ထားတဲ့ ပိုက်ဆံတွေကို ဒုက္ခရောက်တဲ့ လူတွေဆီ မရောက်မှာကိုဘဲ စိုးရိမ်တယ်။ ဥပမာဆို တမြို့နယ်မှာဆို အများကြီး ရတယ်လေ။ တဝက်လောက်မှ ဒုက္ခသည်တွေဆီ ရောက်နိုင်ပါ့မလား” ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ နှောင်းပိုင်းက ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင့် လူဦးရေ သိန်းချီ အိုးအိမ်မဲ့ ဖြစ်ရသည်။
ဂီရိဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံမြို့နှင့် ကျောက်ဖြူမြို့နယ်များတွင် အပြင်းထန်ဆုံး တိုက်ခတ်ခံခဲ့ရကာ မုန်တိုင်းကြောင့် အိမ်ခြေ နှစ်သောင်းကျော် ပျက်ဆီးခဲ့ရပြီး လူဦးရေ နှစ်သိန်း ခြောက်သောင်းကျော် အတိဒုက္ခရောက်ကြရသည်။
မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် မေလတုန်းကလည်း ဧရာဝတီတိုင်းအတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူသိန်းချီ သေဆုံးခဲ့သည်။