လူငယ်များ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လက်ကမ်းစာစောင် ဖြန့်

လူငယ်များ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လက်ကမ်းစာစောင် ဖြန့်
by -
မင်းအာသံ

လူငယ်အဖွဲ့ (၈) ဖွဲ့ကို ဗဟိုပြုသည့် မြန်မာနိုင်ငံကျောင်းသားနှင့် လူငယ်များကွန်ယက် (SYCB) သည် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန် လက်ကမ်းစာစောင် ဖြန့်.....

 

လူငယ်အဖွဲ့ (၈) ဖွဲ့ကို ဗဟိုပြုသည့် မြန်မာနိုင်ငံကျောင်းသားနှင့် လူငယ်များကွန်ယက် (SYCB) သည် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန် လက်ကမ်းစာစောင် ဖြန့်သည့် လှုပ်ရှားမှုတရပ် ပြုလုပ်နေကြောင်း သိရပါသည်။
2010-300x168
“ကျောင်းသားနှင့် လူငယ်များ ကွန်ယက်ထဲမှာ ပါတဲ့ လူငယ်အစည်းအရုံးကတော့ မွန်ဆို မွန်ပြည်နယ်မှာ ကရင်ဆို ကရင်ပြည်နယ်မှာ ဖြန့်ဝေရမယ်၊ ဒါပေမယ် အခုလို ဖြန့်တော့ အခက်အခဲ အများကြီး ရှိတာပေါ့ဗျာ၊ တချို့ဒေသမှာဆိုရင် ဒီအတိုင်း ဖြန့်လို့ မရဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လမ်းပေါ်မှာ ကျဲဖြန့်တာမျိုး လုပ်နေရ ပါတယ်” ဟု SYCB မှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

၎င်းလက်ကမ်းစာစောင်တွင် “တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စု ပုံစံက လူမျိုးတမျိုးထဲက အခွင့်ထူးယူပြီး ကျန်လူမျိုးတွေ အပေါ် လွှမ်းမိုးခြင်း မရှိတဲ့၊ အမျိုးသားရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ်၊ ပြည်ထောင်စုကို တည်ဆောက်ဖို့ လိုလားနေကြတာ ဖြစ်တယ်”။

ယခုကဲ့သို့ သပိတ်မှောက်ဆန့်ကျင်ရန် စီစဉ်ရခြင်းမှာ လာမည့် ရွေးကောက်ပွဲ၌ စစ်အစိုးရ စီမံသည့်အတိုင်း ပြီးမြောက်ခဲ့လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အတည်ပြုမည် ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဆန့်ကျင်ရန် လူထုအား တိုက်တွန်းသွားမည်ဟု တွဲဖက် အတွင်းရေးမှုးက ပြောသည်။

ထိုနည်းတူ တိုးတက်သော မွန်လူငယ်များ အစည်းအရုံးကလည်း ပြည်တွင်းရှိ မွန်လူငယ်တို့နှင့် ပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဆန့်ကျင်သပိတ်မှောက်သွားရန် စီစဉ်နေကြောင်း ၎င်းအစည်းအရုံးမှ ဒု-ဥက္ကဋ္ဌက ပြောသည်။

“နည်းမျိုးစုံနဲ့ ပြည်တွင်းက လူငယ်တွေနဲ့ ပေါင်းပြီး စပရေလိုမျိုး၊ ပန်ဖလက်လိုမျိုး၊ စတစ်ကာလိုမျိုး ဥပမာဗျာ `ပြည်တွင်းစစ် သက်ဆိုး ရှည်မည့် ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ကြ` နဲ့ `စစ်ကျွန်ပြုမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြ‘ ဆိုတဲ့ စကားလုံး တွေနဲ့ ဆန့်ကျင်သွားမယ်၊ နောက်ပြီး လူထုတွေကိုလည်း သေသေချာချာ ရှင်းပြပြီး မဲမထည့်တဲ့ လှုပ်ရှားမှုမျိုး ကျနော်တို့ တိုက်တွန်းသွားမယ်” ဟု ဒု-ဥက္ကဋ္ဌက ပြောသည်။

ရွေးကောက်ပွဲကို နည်းမျိုးစုံနှင့် ဆန့်ကျင်သပိတ်မှောက်ရန် တိုင်းရင်းသားလူငယ်တို့က စီစဉ်နေသော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်)က “မွန်ပြည်နယ်မှာတော့ မွန်လူငယ်တွေ ပန်ဖလက် (pamphlet) ဖြန့်တာ မတွေ့မိသေးဘူး၊ ကျနော်တို့လည်း စည်းရုံးရေးဆင်း နေတာပဲ မမြင်မိပါဘူး၊ အဲကြောင့်မို့ တအားပြောရခက်ပါတယ်၊ တွေ့ရမှ ပြောနိုင်မယ် ထင်တယ်” ဟု ပြောသည်။

“ဒီလူငယ်တွေက ၂၀၁၀ ရွေးကောက်ပွဲမှာ ဆန့်ကျင်လဲ ဒါဟာ သူ့တို့ ကိစ္စပဲ၊ ကျနော်တို့ အနေနဲ့တော့ ဘာမှ သူတို့အပေါ် မမြင်ပါဘူး၊ ဒါဟာ လူငယ်ကတော့ သူ့ခံယူချက်နဲ့ သူတို့လုပ်တာ သူ့အလုပ် သူ့လုပ်တာ ဒီလိုပဲ မြင်တယ်၊ ကျနော်တို့ကတော့ ပြောလဲမပြောချင်ဘူး” ဟု ဖလုံ-စဝေါ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့်က ပြောသည်။

တိုင်းရင်းသားလူငယ်များနည်းတူ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော ပါတီများ အစရှိသည့် ပါတီများကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားမည်ဟု သိရသည်။

တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၊ ရခိုင်ကျောင်းသားနှင့် လူငယ်များ ကွန်ဂရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ တအာင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ဇိုမီကျောင်းသားနှင့် လူငယ် အဖွဲ့အစည်း၊ လူ့ဘောင်သစ် ရေတစ်ဒီမိုကတစ်ပါတီနှင့် ကရင်လူငယ်အစည်းအရုံး စသည့် တိုင်းရင်းသား လူငယ်များ အစည်းရုံးကို စုဆောင်းပြီး ၎င်းတို့၏ ဒေသအလိုက် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ပြီး ရွေးကောက်ပွဲ မတိုင်မှီကာလထိ ၃ လ အတွင်း ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သွားရန် စီစဉ်ခဲ့သည်ဟု တွဲဖက်အတွင်းရေးမှုးက ပြောသည်။

SYCB သည် ၁၉၉၆ ခု နှစ် ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စတင်ဖွဲ့စည်းခဲ့ပြီး နှစ်အနည်းငယ် ကြာသောအခါ နိုင်ငံရေး အခြေအနေအကြောင်းကြောင့် တဖန်မဲဆောက်သို့ ပြောင်းရွေ့လိုက်ပြီး မြန်မာနိုင်ငံ၏ အရေးကို ဆက်စပ်လုပ်ကိုင်နေကြောင်း သိရသည်။

 

 

 

 

 

Most read this week