ဘုရားသုံးဆူရှိ တရားမဝင် ရောင်းဝယ်နေသည့် သစ်များကို ဖယ်ရှားခိုင်းနေ

ဘုရားသုံးဆူရှိ တရားမဝင် ရောင်းဝယ်နေသည့် သစ်များကို ဖယ်ရှားခိုင်းနေ
by -
သူရိန်၊ ဂျူရီချိုင်း

အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်အတွက် မြို့တွင်းရှိ တရားမဝင် သစ်များ သိမ်းဆည်းရန် ဘုရားသုံးဆူ မယကဥက္ကဋ္ဌက သစ်ရောင်းဝယ်ရေး သမားများကို ယမန်နေ့က အသိပေးပြောကြား....

အရေးကြီးပုဂ္ဂိုလ် ခရီးစဉ်အတွက် မြို့တွင်းရှိ တရားမဝင် သစ်များ သိမ်းဆည်းရန် ဘုရားသုံးဆူ မယကဥက္ကဋ္ဌက သစ်ရောင်းဝယ်ရေး သမားများကို ယမန်နေ့က အသိပေးပြောကြားခဲ့သည်။

ဘုရားသုံးဆူမြို့သို့ ပြည်နယ် အထက်အရာရှိ လာရောက်ရန် ရှိနေသည့်အတွက် မြို့နယ်ဥက္ကဋ္ဌက ရယကကို ညွန်ကြားပြီး ရယကမှ တဆင့် မြို့တွင်းရှိ သစ်ရောင်းဝယ်ရေးသမားများနှင့် ပရိဘောဂ အရောင်းဆိုင်များကို စက်တင်ဘာလမကုန်ခင် ၎င်းသစ်များ ကုန်အောင် သိမ်းဆည်းသွားရန် အသိပေးပြောကြားခဲ့သည်။

“မနေ့က အကြောင်းကြားလာတယ်၊ ပြီးတော့ ဆိုင်ရှေ့မှာ ပုံထားတဲ့ သစ်တွေ မခွဲသေးတဲ့ သစ်တွေပေါ့။ အမြန်ခွဲနေပြီး လမကုန် ခင်တော့ ပြီးမယ် ထင်တယ်၊ အမြန်သိမ်းဖို့ မလွယ်ဘူးလေ များတယ်” ဟု သုံးဆူမြို့ရှိ ပရိဘောဂဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

မြို့နယ်ဥက္ကဌနှင့် သစ်ရောင်းဝယ်ရေးသမားများအကြား နားလည်မှု သဘောဖြင့် အလုပ်လုပ်နေကြသောကြောင့် အထက်အရာရှိများ လာမည့် ခရီးစဉ်အတွက် ယခုကဲ့သို့ အသိပေးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

ယခုလက်ရှိ ဘုရားသုံးဆူမြို့တွင်း မခွဲရသေးသည့် သစ်လုံး စုစုပေါင်း တန်ချိန် တစ်ထောင်ခန့် ရှိနေကြောင်း သစ်ထုတ်လုပ်သူ ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

မြို့ပေါ်ရှိ သစ်များကို အထက်အရာရှိ ခရီးစဉ်အတွင်း တွေ့ရှိသွားပါက မြို့နယ်မယကနှင့် ပြဿနာ ဖြစ်လာနိုင်သည့်အတွက် ထိုသစ်တွေကို သိမ်းဆည်းပေးဖို့ ယခုလို အသိပေးလာသည်ဟု သစ်အရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောသည်။
Untitled-300x168
“ဟုတ်တယ် ပေးသိမ်းခိုင်းနေတယ်။ ပရိဘောဂဆိုင်တွေ များတော့ နည်းနည်း တော်သေးတယ်၊ ရောင်းဝယ်တဲ့ လူတွေကျတော့ ခက်ခဲတယ်လေ။ ဘာလို့လဲ ဆိုတော့ နေရာပြောင်းရွေ့ဖို့လည်း မလွယ်ဘူး။ ပြီးတော့ ပြောင်းဖို့လည်း ကုန်ကျတာ များတယ် မတက်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

ဘုရားသုံးဆူမြို့ဒေသတဝိုက်မှ ထွက်ရှိသည့် သစ်များကို ဌေးကုမ္ပဏီထံ အရောင်းအဝယ် ပြုလုပ်နေကြသော်လည်း ယခုနောက်ပိုင်း ဈေးကောင်း မရရှိသည့်အတွက် သစ်ထုတ်လုပ်သူတို့က နယ်စပ်၌သာ အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ၎င်းသူက ဆက်ပြော သည်။

သစ်ရောင်းဝယ်ရေးနှင့် ပက်သက်၍  ၁၉၉၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တရားဝင် သဘောဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တရားမဝင် နည်းဖြင့် ရောင်းဝယ်နေကြသည်။

ထိုကဲ့သို့ တရားမဝင် သစ်ထုတ်လုပ် ရောင်းဝယ်နေသည်ကို အထက်အရာရှိများက သိရှိနေသော်လည်း ခရီးစဉ်တလျှောက်မှာ ထိုသစ်များကို ပေးမမြင်စေချင်သည့် သဘောဖြင့် ယခုလို သစ်များကို ဖယ်ရှားခိုင်းစေခြင်း ဖြစ်ကြောင်း ဒေသခံတွေက သုံးသပ် ပြောဆိုနေကြသည်။

၂၀၀၉ ခုနှစ်မှာ မဲကသာတောအတွင်းရှိ လော်ဘာချောင်းဖျား၌ သစ်ထုတ်လျှက်ရှိသော ဌေးမိသားစု ကုမ္ပဏီလီမီတက်အား သစ်ဆက် လက်ခုတ်လှဲခြင်း မပြုရန် ဒူပလာယာခရိုင် အထက်အရာရှိတို့က ဆုံးဖြတ်ချက်ချထားခြင်း ရှိသည်။

၎င်းတောအတွင်း ဌေးကုမ္ပဏီ သစ်ထုတ်လုပ်ခြင်းကြောင့် ဒေသခံပြည်သူများက မိမိတို့၏ ဘိုးဘွားလက်ထက်မှ စ၍ ထိန်းသိမ်း လာခဲ့သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့် အကြောင်းကို ခရိုင်ရုံးသို့ စာရေသား အကြောင်းကြားခဲ့သည့် အတွက်ကြောင့် ထိုကုမ္မဏီကို သစ်ထုတ်ခွင့် မပြုရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ဌေးကုမ္ပဏီသည် ထင်ရှားသည့် သစ်အရောင်းအဝယ် ကုမ္မဏီတခု ဖြစ်ပြီး တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်ပြီး၊ ဦးတေဇပိုင် ထူးကုမ္မဏီနှင့် ပူးပေါင်း၍ သစ်ထုတ်လုပ်နေသည်ဟု ဘုရား သုံးဆူမြို့မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) အသိုင်းဝိုင်းမှ လာသော သတင်းအရ သိရသည်။

Most read this week