လူငယ်များကို ကွန်ပျူတာ နည်းပညာဖြင့် စစ်သားဖြစ်ရန် ဆွဲဆောင်

လူငယ်များကို ကွန်ပျူတာ နည်းပညာဖြင့် စစ်သားဖြစ်ရန် ဆွဲဆောင်
by -
မိကျလွန်းထော

မြန်မာတပ်အတွင်းသို့ စစ်အင်အား တိုးလာစေရန်အတွက် လက်ရှိ လူငယ်များ စိတ်ဝင်စားနေသည့် ကွန်ပျူတာ နည်းပညာဖြင့် စစ်အစိုးရတို့က ဆွဲဆောင်....

မြန်မာတပ်အတွင်းသို့ စစ်အင်အား တိုးလာစေရန်အတွက် လက်ရှိ လူငယ်များ စိတ်ဝင်စားနေသည့် ကွန်ပျူတာ နည်းပညာဖြင့် စစ်အစိုးရတို့က ဆွဲဆောင်နေသည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။

စစ်အစိုးရမှ လျှောက်လွှာဖြင့် ခေါ်ယူသော ၎င်းသင်တန်းမှာ လူငယ်များကို စစ်တပ်အတွင်းသို့ ဝင်ရန် စည်းရုံး နေခြင်းနှင့် ၎င်းတို့ဘက်သို့ အင်အား ပိုများစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စစ်ဆေး တက္ကသိုလ် (DSMA) ကျောင်းသားဟောင်း တစ်ဦးက ပြောသည်။

“ယနေ့ လူငယ်တွေက ကွန်ပျူတာကို စိတ်ဝင်စားနေတယ် ဆိုတာ စစ်အစိုးရက သိနေတယ်၊ ဒါကြောင့် ဒီလို သင်တန်းတွေနဲ့ ဆွဲဆောင်လိုက်တာ၊ ဒီသင်တန်းက စစ်တက္ကသိုလ် (DSA) လိုပဲ ဒါပေမယ့် ကွန်ပျူတာနဲ့ သက်ဆိုင်တာဆိုလို့ အခု ဒါပထမဦးဆုံးပဲ၊ ကလေးအများစုက စိတ်ဝင်စားကြမှာပဲ၊ ပိုက်ဆံလည်း မကုန်ဘူး၊ သင်တန်းပြီးရင် ရာထူးလည်း ရမယ်ဆိုတော့ ၁၀ တန်းအောင်လို့ ကျောင်းဆက်မထားနိုင်တဲ့ မိဘတွေကလည်း သဘောကျကျမှာပါ၊ ဖြစ်လာမည့် နောက်ဆက်တွဲအတွက် မိဘတွေရော အဲဒီခလေးတွေရော သိမှာ မဟုတ်ဘူး” ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အွန်းမွန်က ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် “ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး/ စာရေး သင်တန်း သားများ အလိုရှိသည်” ဟု ကြေငြာထားပြီး သင်တန်း (၂) နှစ်တာ ကာလအတွင်း တပ်သားလစာ ၃၅၀၀၀ ကျပ်၊ ခြေလျင်တပ်သားသစ် သင်တန်းပြီး သင်မှ သင်တန်းပြီးသွားသည့်အထိ ၃၆၀၀၀ ကျပ် ရရှိမည်။ သင်တန်း အောင်မြင်သွားပါက တပ်ကြပ်ကြီး/ စာရေး (တတိယတန်း) အဖြစ် ခန့်အပ်ပေးမည်။

၎င်းအပြင် ဘွဲ့ရရှိပြီး စစ်မှုထမ်း ၆ နှစ်ပြည့်ပါက ဗိုလ်လောင်းသင်တန်း ပြန်လည်လျှောက်ထားနိုင်သည့်အပြင် ဘွဲ့ရပြီး ၎င်းတပ်ကြပ်ကြီး/ စာရေးများသည် စစ်သံစစ်မှုထမ်းစာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ (ကြည်၊ ရေ၊ လေ) ရုံးများတွင် အမှုထမ်းဆောင်နိုင်ခွင့် ရှိသည်ဟု ရေးသားထားသည်။

“ဒီလို စစ်တပ်တွေနဲ့ ဆိုင်တဲ့ သင်တန်းတွေ မှန်သမျှကတော့ ပထမအစ ၃ လအတွင်းမှာ သူတို့က စစ်သင်တန်း ဖြစ်တဲ့ ချီ၊ တိုက်၊ ခံ၊ ခွာလို့ ခေါ်တဲ့ တိုက်ခိုက်ရေး၊ စည်းရုံးရေး နည်းတွေကို သင်ပေးတယ်။ ပြီးတော့ မနက်တိုင်း သစ္စာအဓိဌာန် ဆိုရတယ်။ ပြီးတော့ သူတို့ စစ်တပ် လိုချင်တဲ့ ပုံစံသွင်းတော့တာပါပဲ၊ အဲဒီသင်တန်းသား မိဘ တွေကလည်း ကိုယ့်သားတွေ တပ်ကြပ်တွေ ဖြစ်လာပြီးဆိုတော့ စစ်အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ဘယ်သူမှ မလုပ်ရဲကြတော့ဘူး။ ဒါကလည်း စစ်အစိုးရက တွက်ချက်ထားပြီးသားပါ။ ရာထူးရပြီး ကိုယ့်သဘောနဲ့ မလုပ် ချင်လို့ စစ်ထဲက ထွက်မည် ဆိုရင်လည်း သူတို့ ပေးတဲ့ အပြစ်ဒဏ် ခံရပြီးမှ ထွက်လို့ ရတယ်၊ ကျတော်လည်း ဒီလိုကြုံရမယ်ဆိုတာ မသိလို့ DSMA ကျောင်းကို တက်မိတာ” ဟု စစ်ဆေးတက္ကသိုလ် ကျောင်းသားဟောင်းက ဆက်ပြောသည်။

၁၈ နှစ်အောက် ကလေးများကို စစ်အတွင်းသို့ ခေါ်ယူပါက ကလေးစစ်သားများ စုဆောင်းခြင်းအဖြစ် နိုင်ငံတကာက သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအတွက်မူ အလေ့အထ တစ်ခုကဲ့သို့ ဖြစ်နေသည်ဟု လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) (HREIB) မှ တာဝန်ခံ ကိုအောင်မျိုးမင်းက ပြောသည်။

“ဒီ သင်တန်းကာလ ၂ နှစ်အတွင်းမှာ လက်နက်ကိုင်တဲ့အဆင့်အထိ မဟုတ်ဘဲ လေ့လာမှုအဆင့်လောက် သူတို့ သင်ကြားပေမယ့်လည်း နောက်ပိုင်းမှာ သူတို့ တပ်ထဲမှာ အမှုထမ်းရမှာပါပဲ၊ ၁၈ နှစ် မပြည့်ဘဲနဲ့ အခုလို စစ်သင်တန်း ခေါ်ယူတယ် ဆိုတာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ကလေးစစ်သား စုဆောင်းရာ ကျပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုအချိန်တွင် တပ်ရင်းအတွင်းရှိ တပ်သားများ မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရာကျော် ထွက်ပြေး လာသည့်အတွက် ၎င်းလွတ်နေသော တပ်ရင်းနေရာအတွင်းသို့ အစားထိုးရန်အတွက် ယခု သင်တန်းဖြင့် လူငယ်များ စိတ်ဝင်စားအောင် ဆွဲဆောင်နေသည်ဟု ကိုအွန်းမွန်က ပြောသည်။

မြန်မာနိုင်ငံသည် ကလေးများအား စစ်သားအဖြစ် အများဆုံး အသုံးပြုနေသော နိုင်ငံတနိုင်ငံ ဖြစ်ပြီး အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သော လူ့အခွင့်အရေး စောင့်ကြပ်လေ့လာရေးအဖွဲ့ (Human Rights Watch) ၏ ၂၀၀၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော သုတေသန တွေ့ရှိချက်တွင် စစ်သည် အင်အား ပေါင်း ၃ သိန်း ၅ သောင်းခန့် ရှိပြီး မြန်မာစစ်အစိုးရ၏ ကြည်တပ်တခုထဲမှာပင် ကလေးစစ်သားပေါင်း အနည်းဆုံး ၇ သောင်း ရှိသည်ဟု ခန့်မှန်းထားကြောင်း (HREIB) မှ ထုတ်သည့် ကလေးများအား စစ်သားအဖြစ် အသုံးပြုမှု ရပ်တန့်ရေးမှ ကောက်နုတ်ထားသည်။