ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင် သေနတ်ပစ်ဖောက်သူ အပစ်ရပ် တပ်သားနှစ်ဦးကို သက်ဆိုင်ရာရဲတို့က ဖမ်းဆီး ချုပ်နှောင်....
ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင် သေနတ်ပစ်ဖောက်သူ အပစ်ရပ် တပ်သားနှစ်ဦးကို သက်ဆိုင်ရာရဲတို့က ဖမ်းဆီး ချုပ်နှောင် ထားလိုက်သည်။
အဆိုပါ ပစ်ဖောက်သူနှစ်ဦးမှာ ဒီကေဘီအေက တပ်သားတစ်ဦးနှင့် နိုင်အောင်ဦးဆောင်သည့် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်မှာ တပ်သားတစ်ဦးဖြစ်သည်။
ဖြစ်စဉ်မှာ မြဝတီမြျိ့ပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ထိုတပ်သားနှစ်ဦးတို့က ယမန်နေ့ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပစ္စတိုသေနတ် စမ်းသပ် ပစ်ခတ်မှုကြောင့် အနီအနားရှိ လူများ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ရဲများ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု မြို့ခံများက ပြောသည်။
“ရန်ဖြစ်ကြတာတော့မဟုတ်ဘူး၊ အရက်မူးပြီးတော့ တစ်ယောက်ကို နှစ်ချက် တစ်လှည့်စီ မိုးပေါ်ထောင် ပစ်ကြတယ်၊ အားလုံး ၈ ချက်လောက်တော့ ပစ်ကြတယ်” ဟု အမည်မဖေါ်လိုသူ မြဝတီရှိ မွန်ကုန်သည်တစ်ဦးက ပြောသည်။
၄င်းဖြစ်ပွားမှုသည် မြဝတီမြို့ပေါ်ရှိ မိကျောင်းကုန်းရပ်ကွက်၊ ဝေဘာဂီလမ်းရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည်။
မြဝတီမြို့
ထိုသူနှစ်ဦးမှာ မြဝတီမြို့၌ စီးပွားရေးရုံးဖွင့်ခွင့်ရရှိထားသော နိုင်အောင်နိုင် ဦးစီးသည့် မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင် ညီညီဆိုသူနှင့် ဒီကေဘီအေ တပ်ရင်း ၉၀၁ မှတပ်သားများဖြစ်ပြီး လက်ရှိမှာ မြဝတီမြို့ရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု ၄င်းက ပြောသည်။
“လက်နက်အရောင်းအဝယ်လုပ်ဖို့လား၊ ဝယ်လာတာလားတော့မသိဘူး၊ သေနတ်ကောင်းမကောင်း စမ်းကြည့် တာပဲ၊ သေနတ်ကိုတော့ ရဲကသိမ်းလိုက်တယ်၊ အခု နှစ်ယောက်စလုံးအချုပ်ထဲမှာပဲ” ဟု မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်မှ ညီညီနှင့် ရင်းနှီးသူ မြဝတီမြို့ခံတစ်ဦးက ပြောသည်။
နိုင်အောင်နိုင် ဦးဆောင်သည့် မွန်ငြိမ်ချမ်းရေးနှင့် ကာကွယ်ရေးတပ်သည် မြဝတီမြို့ပေါ်၌ စီးပွားရေးရုံး ဖွင့်လှစ် ထားပြီး ပြည်တွင်းသို့ ကုန်ပစ္စည်းများ အတင်အချပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံမှာ လိုင်စင်မဲ့မော်တော်ကားများ တင်သွင်းခြင်းအစရှိသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။