မွန်ပါတီကို ကြိုဆိုရန် ရွာသားများ အသင်း ဖွဲ့စည်း

မွန်ပါတီကို ကြိုဆိုရန် ရွာသားများ အသင်း ဖွဲ့စည်း
by -
မိကျလွန်းထော
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေး ခရီးစဉ်အား ကြိုဆိုရန်အတွက် မွန်ကျေးရွာပြည်သူများက ကျေးရွာအဖွဲ့အစည်းများ ဖွဲ့စည်းနေ...

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေး ခရီးစဉ်အား ကြိုဆိုရန်အတွက် မွန်ကျေးရွာပြည်သူများက ကျေးရွာအဖွဲ့အစည်းများ ဖွဲ့စည်းနေသည်ဟု သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲနှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာများတွင် ပါတီ၏ စည်းရုံးရေး ခရီးစဉ်ကို ကြိုဆိုရန်အတွက် ရယက ဥက္ကဌ များက လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အစည်းအဝေး ခေါ်ယူခဲ့သည်ဟု သိရသည်။

“ပါတီ စည်းရုံးရေးခရီး ဆင်းရင် ဧည့်ခံဖို့ရော၊ သွားလာရေးအတွက်ပါ ကူညီပေးဖို့ ရွာဥက္ကဌက အစည်းအဝေးမှာ ခေါ်ပြောထားတယ်၊ အသင်းဖွဲ့ပြီး အသင်းထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားတဲ့သူ များတယ်” ဟု လမိုင်းမြို့နယ်ရှိ ရွာသားတဦးက ပြောသည်။

ကျေးရွာအဖွဲ့အစည်း ဖွဲ့စည်းခြင်းနှင့်  ကြိုဆိုဧည့်ခံခြင်းအတွက် ကုန်ကျစရိတ်ကို ရယက ဥက္ကဌမှ တာဝန်ယူသွားမည်ဟုလည်း ၄င်းရွာသားက ဆက်ပြောသည်။

သို့သော်လည်း အချို့သောသူများမှာ အသင်းအဖွဲ့ ဝင်ရန် ကြောက်ရွံ့နေကြသည်ဟု ၎င်းရွာမှ ကျောင်းဆရာမ တဦးက ဆိုသည်။

“ဥက္ကဌက တာဝန်ပေးတဲ့ အချိန်မှာ အချို့ရွာသားတွေက ကြောက်နေကြတယ်၊ ဒီလိုကိစ္စမျိုးက ကြောက်စရာ မလိုပါဘူး၊ လုပ်သင့်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပထမဆုံး ခရီးစဉ် ဇွန်လလယ်တွင် မြို့ပေါ်ရှိ အသင်းအဖွဲ့များနှင့် ရဟန်းသံဃာတော်များ အကြားတွင်သာ စည်းရုံးခဲ့ပြီး ပြည်သူများအကြား စည်းရုံးရေး မဆင်းရသေးကြောင်း သိရသည်။

၄င်းပါတီ၏ ပထမဆုံး ခရီးစဉ်တွင် ပါတီ၏ ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များကို တက်ရောက်လာသည့် အသင်းအဖွဲ့များနှင့် ဆရာတော် သံဃာတော်များအာ ရှင်းလင်းပေးခဲ့သည်။

“ကျတော်တို့ မြို့မှာလည်း မွန်ပါတီလာရင် ဧည့်ခံဖို့ အဖွဲ့တွေ ဖွဲ့နေကြတယ်” ဟု သံဖြူဇရပ်မြို့သား တဦးကလည်း ပြောသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များတွင် အထက်ပါ ပါတီအား ကြိုဆိုရန် ပြင်ဆင်နေကြသော်လည်း မုဒုံမြို့နယ်နှင့် အခြားမြို့နယ်များတွင် မည်သို့မျှ မပြုလုပ်ရ သေးကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပါတီခေါင်းဆောင်မှာ နိုင်ငွေသိန်း ဖြစ်သည်။

မေလ (၂၄) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ပါတီမှတ်ပုံတင် အမှတ် (၁၃) ဖြင့် မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင် အရွေးခံရန် ရည်ရွယ်ထားသည်။

Most read this week