မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားဒေသ၌ ယခုကာလ ရာသီဥတုပြောင်းလဲမှုကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုမိုတိုးပွားလာသည်ဟု ပနန်းပိန်ရွာတွင် တာဝန်ကျနေသူ ကျန်းမာရေးဝန်ထန်းတစ်ဦး ပြောဆိုခဲ့သည်။
“တစ်နေ့ပြင်ပလူနာအယောက် ၃၀ လောက်သွေးစစ်လိုက်ရင် ထက်ဝက်ကျော်က PF မဟုတ်ရင် PV အမျိုးအစားငှက်ဖျားပိုးတွေတွေ့နေရတယ်။ အခုလိုဖြစ်တာက မိုးစရွာတုန်းကသိပ်မများလှဘူး၊ ခုမိုးတွေဆက်လာတော့မှ နေ့တိုင်းလိုလို လူနာပိုများလာတယ်” ဟု ပနန်းပိန်ကျေးရွာ၊ ဆေးရုံတာဝန်ကျဆရာမ မိပကောင်းရွတ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ပနန်းပိန်၊ ကျောဟပြော့၊ ညီစား၊ ချဲ့တိုက်၊ ဗလဲဒွန်းဖိုက်နှင့် ဟလော့ဟနီနယ်စပ်တို့၌ မိုးရာသီအစရောက်တိုင်းနှစ်စဉ်လိုလို ငှက်ဖျား ရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားခဲ့သည်ဟု သိရသည်။
“ဒီကာလမှာ အထူးသဖြင့်တော့ ခြံသမားတွေမှာအဖြစ်များကြပါတယ်၊ ခြံအလုပ်တွေလုပ်တဲ့ကာလဖြစ်ပြီး ဒီလိုရာသီအပြောင်းအလဲမှာ နည်းနည်းလေး နေမကောင်း ဖြစ်တာနဲ့ အနီးစပ်ဆုံးဆေးရုံဆေးခန်းကို သွားပြသသင့်ပါတယ်၊ ပြီးတော့ခြင်အကိုက်မခံဖို့နဲ့ ခြင်ထောင်နဲ့အိပ်စက်အနားယူဖို့ရတယ်၊ ရေကျက်အေးတွေ သန့်ရှင်းတဲ့ ရေတွေ အသုံးပြုပါ၊ မြောင်းပုတ်ရေတို့ ရေအိုးအဟောင်းထဲက လက်ကျန်ရေတွေကို သွန်ပစ်တာလုပ်ရင် ကျန်းမာရေးကိုများစွာ အထောက်အကူပေးပါတယ်”ဟု အဆိုပါ ဆေးဝန်ထန်းက ရှင်းလင်းပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဝေဒနာရှင်များအနေဖြင့် အနည်းငယ်ဖျားသည်ဆိုသည်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများ သွားစရာမလို အပြင်ဆေးဆိုင်များမှ မိမိသဘောဖြင့် ဆေးဝါးဝယ်ယူ သောက်သုံး သူများလည်း ရှိကြသည်။
ရောဂါအရင်းအတိအကျမသိပဲ ဆေးဝါးများအတိုင်းအဆမမှန် သောက်သုံးခြင်းဖြင့် ရောဂါသက်သာသော်ငြား ရောဂါမကင်းစင်သဖြင့် ရောဂါတဖန်ပြန်ဖြစ်လာခဲ့သော် ကုသရန်ခက်ခဲ့ကြောင်း၊ တနည်းအားဖြင့် ထိုသို့ဆေးဝါးများသောက်သုံးပြီး ရောဂါများလာရောက်စစ်ဆေးပါက ရောဂါကိုရှာဖွေတွေ့ရှိမည်မဟုတ်ကြောင်း အဆိုပါ ကျန်မာရေး ဝန်ထမ်းက ဆက်လက်ပြောကြားပါသည်။