အလုပ်သမားတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ မိမိတို့ကိုယ်ပိုင်အခွင့်အရေး တောင်ဆိုတတ်မှုတွေအတွက် အလုပ်သမားနေ့မှ မီးမောင်းထိုးပြနိုင်ပါတယ်။ အလုပ်သမားနေ့ ကျရောက်တဲ့အခါတိုင်း ကမ္ဘာအရပ်ရပ်ကနိုင်ငံတော်တော်များများ အလုပ်သမားထုတွေစုဝေးပြီး ကိုယ်ပိုင်အခွင့်အရေးအပါအဝင် လုပ်ငန်းခွင်အခွင့်အရေး၊ လုပ်ငန်းခွင် မှာ အမျိုးသား အမျိုးသမီး တန်းတူရည်တူအခွင့်အရေးရရှိမှု အပါအဝင် ထိုက်တန်သောလုပ်အားခ ရရှိရေး၊ ခံစားခွင့်နဲ့ လုပ်ငန်းခွင်လုံခြံုမှု အာမခံများစွာအတွက် ဆန္ဒပြပွဲတွေ၊ စုရုံးချီတက်ပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ စုရုံးလုပ်ဆောင်တဲ့ နေ့လည်းဖြစ်ပါတယ်။ သည်လို ကိုယ့်လုပ်ငန်းခွင် ကိုယ့်လုပ်အားအခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အမျိုးမျိုးလှုပ်ရှား ဆောင်ရွက်နိုင်စွမ်းရှိပေမယ့် မြန်မာနိုင်ငံမှ အလုပ်သမားတွေအတွက်တော့ အဲဒီလို တောင်းဆိုမှုတွေမပြုနိုင်တဲ့အပြင် ရှိသင့်တဲ့ အခြေခံအခွင့်အရေးကိုတောင်ဆုံးရှုံးနေရကြောင်း နိုင်ငံတကာအလုပ်သမားများအဖွဲ့မှ ထောက်ပြထားပါတယ်။
လူတိုင်းက အလုပ်သမားဘဝကို ဖြတ်သန်းလာခဲ့ကြရပြီး လုပ်ကိုင်ကြရတဲ့ အလုပ်အကိုင်နဲ့ လုပ်ငန်းခွင်၊ ဌာနတွေသာ ကွဲပြားပါတယ်။ အလုပ်သမားတွေအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးလာတဲ့အခါ နစ်နာမှုတွေက အတိုင်းအတာတစ်ခုအထိ မြင့်မားနိုင်ပါတယ်။ ထိုက်တန်တဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ လုပ်အားခမရရှိခြင်း၊ ပေးအပ်သောလစာနဲ့ မထိုက်တန်လောက်အောင် အလုပ်ကို ပိပိရိရိလုပ်စေခြင်းတို့က အလုပ်သမားများကို မကျေမနပ်ဖြစ်စေပြီး သည်လိုကာလအတန်ကြာလာရင် အလုပ်သမားဘက်က နစ်နာလာတတ်ပါတယ်။ နောက်ပိုင်း အလုပ်သမားတွေ မကျေနပ်လာတဲ့အခါ လုပ်ငန်းခွင်ထိရောက်မှု အားနည်းလာပြီး အလုပ်ရှင်ဘက်ကပါ ထိခိုက်လာနိုင်ပါတယ်။
နိုင်ငံတကာအလုပ်သမားများအဖွဲ့ အိုင်အယ်အို အနေနဲ့ မြန်မာနိုင်ငံအလုပ်သမားများနဲ့ပတ်သက်ပြီး ထောက်ပြထားတဲ့ အဓိကပြသနာက အဓမ္မလုပ်အားခ မလုံလောက်မှုပြသနာနဲ့ လုပ်အားခိုင်းစေမှုပြသနာတို့ပဲ ဖြစ်ပါတယ်။ လုပ်အားခမလုံလောက်ခြင်းကြောင့် စားဝတ်နေရေး အဆင်မပြေတော့တဲ့အခါ အခြေခံလစာလောက်ဖြင့် အသက်ရှင်ရုန်းကန်နေရသူတွေအနေနဲ့ မသမာမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကအစ ဒုစရိုက်မှုတွေအထိ ကျူးလွန်လာနိုင်ပါတယ်။ အလားတူပဲ အတင်းအဓမ္မလုပ်အားခိုင်စေမှုသည်လည်း နယ်စွန်နယ်ဖျား အရပ်ဒေသတွေမှာ ခေတ်စားလျှက်ရှိပြီး ဒေသခံပြည်သူတို့ အနေနဲ့ အခွင့်အရေး အဆုံးရှုံးခံနေရပါတယ်။ ပိုမိုဆိုးသွမ်းတာက အတင်းအဓမ္မလုပ်အားခိုင်းစေခံရသူတွေကိုတောင် လုပ်အားပေးလို့မခေါ်ခိုင်းဘဲ ရပ်ရွာသန့်ရှင်းရေးအဖြစ် ခေါ်ဝေါ်စေခြင်းဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဒေသတော်တော်များများမှာ လုပ်အားပေးနာမည်နဲ့မဟုတ်ရင်တောင် သန့်ရှင်းရေးနာမည် အမည်ခံအဖြင် အဓမ္မခိုင်းစေမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်ရှိနေကြောင်း ထင်းရှားစေပါတယ်။
အလုပ်သမားရပိုင်ခွင့်နဲ့ပတ်သက်ပြီး ပြောရရင် ပြည်တွင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ရရှိတဲ့ခံစားခွင့်နဲ့ မိမိနိုင်ငံကိုစွန့်ခွာပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ အလုပ်သမားတွေရရှိတဲ့ ခံစားခွင့်တွေသည်လည်း ဘယ်တော့မှမတူညီနိုင်ပါ။ မြန်မာနိုင်ငံလို စီးပွားရေးကြပ်တည်းမှုကြောင့် နယ်စပ်နိုင်ငံတွေမှာ၊ လက်လှမ်းမီတဲ့နိုင်ငံတွေမှာ ထိုက်သင့်တဲ့လစာရတာနဲ့ ပင်ပန်းတဲ့လုပ်ငန်းခွင်မှာတောင် အလုပ်လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့အချိန်မှာတောင် ခံစားခွင့်၊ အခွင့်အရေးနဲ့ပတ်သက်ပြီး သိကျွမ်းမှုမရှိတဲ့ ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားတွေဟာ မိမိတို့ရောက်ရှိနေတဲ့ နိုင်ငံမှာ မိမိတို့နဲ့ထိုက်တန်တဲ့ အခွင့်အရေးမရှိဆိုတာတောင် သိရှိမှုနည်းနေကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။ ထင်ရှားတာက မည်သို့ပင် လုပ်ငန်းခွင်မှာ၊ အတွေ့အကြုံတွေမှာ ရင့်ကျက်နေပါစေ သူတို့တွေ ရောက်ရှိနေတဲ့နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ တန်းတူလစာရရှိနိုင်ဖို့က မဖြစ်နိုင်ပါဘူး။
အနည်းဆုံး နိုင်ငံတွင် မတူညီတဲ့ဒေသက အလုပ်သမားတွေငှားရမ်းတဲ့အခါ ရရှိတဲ့အခွင့်အရေးခံစားချက်တောင် သိသိသာသာ ကွဲပြားနေကြောင်း သာဓကများစွာ ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ မွန်ပြည်နယ်က လူငယ်တွေ နိုင်ငံတကာမှာ အလုပ်သွားလုပ်တာများလာတော့ ဒေသတွင်းမှာ အလုပ်သမားမလုံလောက်မှုတွေ ဖြစ်လာတယ်။ သည့်အတွက် ဒေသတွင်းအလုပ်သမားဌားရမ်းခတွေလည်းများပြားလာလို့ တစ်ခြားမြန်မာပြည် အထက်ပိုင်းဒေသက အလုပ်သမားတွေကို ထက်ဝက်စျေးနှုန်းနဲ့ငှားရမ်းပြီး လုပ်ငန်းလည်ပတ်နေကြပါတယ်။ တကယ်တမ်းတွက်ကြည့်ရင် အဲဒီဒေသဆီကိုလာရောက်လုပ်ကိုင်နေသူနဲ ့အဲဒီဒေသမှ နိုင်ငံတကာမှာ သွားရောက်အလုပ်လုပ်ကိုင်နေသူ နှစ်ဦးနှစ်ရပ်စလုံး တန်းတူရရှိရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။ သည်လိုပြသနာမျိုးကို မြန်မာနိုင်ငံတွင်မှာမကပဲ ကမာ့္ဘနိုင်ငံများမှာ ဖြစ်ပျက်နေတာကြောင့် အလွယ်တကူတော့ မဖြေရှင်းနိုင်သေးပါ။ မြန်မာနိုင်ငံလို လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသေးတဲ့နိုင်ငံအနေနဲ့ အလှမ်းဝေးနေဦးမည်။
မြန်မာပြည်တွင်းကုမ္ပဏီက အသိတရားမဲ့ ကျူးလွန်နေကြ ပြစ်မှုကြီးတခုက နောက်ကျတဲ့အလုပ်သမားတွေကို လစာဖြတ်တောက်တာ၊ ဒဏ်ကြေးပေးဆောင်စေတာတွေ လုပ်ဆောင်နေလျှက်ရှိပြီး နောက်ကျမှ ပြန်လွှတ်တဲ့အခါမှာတော့ အချိန်ပိုခ ပေးဆောင်လေ့ မရှိသေးတာ တွေ့ရပါတယ်။ သည်အတွက်လည်း အလုပ်သမားတွေအပေါ် မတးရားခိုင်းစေမှုအနေနဲ့ အရေးယူနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
တိုးတက်လာတဲ့ ခေတ်ကြီးမှာ လုပ်သမားထုရဲ့ အတွေးအမြင်တွေလည်းမြင့်မားလာပြီး ကိုယ်ပိုင်အခွင့်အရေးခံစားခွင့်တွေ၊ မတရားမှုတွေ ပေါ်ပေါက်လာတဲ့အခါ စုရုံးတောင်းဆိုတတ်တဲ့ခွန်အားတွေ မြန်မာပြည်တွင်းက အလုပ်သမားတွေမှာလည်း ရှိလာနေပါပြီး။ လွန်ခဲ့တဲ့ လအနည်းငယ်က လှိုင်သာယာစက်မှုဇုန်မှ ဆန္ဒပြပွဲတွေ၊ တောင်ဒဂုံ စက်မှုဇုန်က အလုပ်သမားတွေရဲ့ ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး သူတို့ရပိုင်ခွင့်တွေအတွက် ထုတ်ဖော်ပြောပြတဲ့ သတိတွေ ရှိလာပါတယ်။ သူတို့ပြသနာကို အမြဲတမ်းအလေးအနက် စဉ်းစားပေးနေတဲ့ နိုင်ငံတကာအလုပ်သမားများအဖွဲ့တွေ ရှိနေတာကို သိရှိလာကြတယ်။ လာမယ့် ကာလ တွေမှာလည်း မြန်မာနိုင်ငံက အလုပ်သမားထုကြီးအနေနဲ့ ကိုယ်ပိုင်အသိရှိရှိဖြင့် မိမိတို့ရထိုက်တဲ့ ခံစားခွင့်၊ အခွင့်အရေးကို တိုးတက်တောင်းဆိုလာကြတော့မယ် ဆိုတာ ယုံကြည်နေပါတယ်။