မယကမှ စျေးဆိုင်ခန်းများကို အတင်းအဓမ္မ ဖြိုဖျက်ခိုင်း

မယကမှ စျေးဆိုင်ခန်းများကို အတင်းအဓမ္မ ဖြိုဖျက်ခိုင်း
by -
ကွန်းဟဒေ့
ရေးမြို့ပေါ်ရှိ မယကရုံးနှင့် စုပေါင်းရုံးစိုက်ရာ အနီးတဝိုက်ရှိ နှစ်အတော်ကြာရှိနေပြီးဖြစ်သော စျေးဆိုင်ခန်းများအား အသစ်ပြောင်းလာသည့် မယကဥက္ကဌမှ ဖြိုဖျက်ခိုင်းနေသည်ဟု စျေးဆိုင်ပိုင်ရှင်များက...

ရေးမြို့ပေါ်ရှိ မယကရုံးနှင့် စုပေါင်းရုံးစိုက်ရာ အနီးတဝိုက်ရှိ နှစ်အတော်ကြာရှိနေပြီးဖြစ်သော စျေးဆိုင်ခန်းများအား အသစ်ပြောင်းလာသည့် မယကဥက္ကဌမှ ဖြိုဖျက်ခိုင်းနေသည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

ဖျက်စီးရာတွင် စျေးဆိုင်ခန်းပေါင်း နှစ်ဆယ်ကျော်ခန့်ပါရှိသည်။ ၄င်းတို့အထဲမှာ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ဆိုင်၊ ထမင်းဆိုင်၊ ကုန်စုံဆိုင်များပါဝင်သည်။

ထိုဆိုင်ခန်းများသည် ရေးမြို့၊ ရန်အောင်သိရီခန်းမတည်ရှိရာ လမ်းလေးခွတွင် တည်ရှိနေသောကြောင့် ရေးမြို့၏ အစည်းကားဆုံးနေရာတခုဖြစ်ကာ၊ စျေးရောင်းရန် အချက်အချာကျသော နေရာတစ်ခုလည်းဖြစ်သည်ဟု ဆိုင်ရှင်တို့က ပြောသည်။  

“အခုဖျက်လိုက်တဲ့ ဆိုင်တွေက သူတို့ရုံးတွေကို ကွယ်နေတယ်၊ ဘာမှမမြင်ရဘူးဆိုပြီး ဖြိုခိုင်းတယ်၊ အဲဒီစျေးဆိုင်တွေက ရှိနေတာ နှစ်အတော်ကြာနေပြီး၊ အခုမှ ဖြိုခိုင်းရတယ်၊ အဓိပ္ပါယ်ကိုမရှိတာ” ဟု စျေးအဖျက်သိမ်းခံထားရသည့် ဆိုင်ရှင်တစ်ဦးက ပြောသည်။ “စျေးဆိုင်တွေ ဖွင့်နေတာမမြင်ချင်ဘူး” ဟုလည်း မယကမှ စျေးဆိုင်ပိုင်ရှင်များကို ပြောထားခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ မယကမှ ဆိုင်ခန်းများ မဖွင့်ရန် ပြောကြားထားပြီးနောက် ဆိုင်ပိုင်ရှင်များလည်း ၄င်းတို့၏ဆိုင်ကို ပိတ်ထားရသည်။ စျေးဆိုင်ခန်းများပိတ်ထားရသည်မှာ ၄ ရက်ရှိနေပြီးဟု အခြားဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“အခုလို ဆိုင်တွေကို ဖျက်ခိုင်းတာ မယကဥက္ကဌက ဆိုင်ရှင်တွေကို ပိုက်ဆံထိုးခိုင်းချင်လို့ဖြစ်မှာပေါ့” ဟု အခြားစျေး ပိုင်ရှင်တစ်ဦးက ပြောသည်။

ထိုဆိုင်ခန်းများအားလုံးကို မတ်လနောက်ဆုံးအပတ်မှာ အကုန်ဖျက်စီးပစ်ရမည်ဟု မယကမှ ညွန်ကြားထားသည်ဟု ထိုဆိုင်ခန်းအနားရှိ ရပ်ကွက်ခံတစ်ဦးက ပြောသည်။

ယခုစျေးဆိုင်ခန်းများဖျက်သိမ်းသည့်ကိစ္စနှင့်ပတ်သက်၍ ဆိုင်ရှင်များက အထက်ကို တင်ပြချင်သော်လည်း ထိုဆိုင်ခန်း ဖြိုဖျက်ခိုင်းသည့်ကိစ္စမှာ မယကမှ တိုက်ရိုက် ညွန်ကြား ထားသည်လား၊ အထက်မှလာသည့်အမိန့်အရလားဆိုတာ အတိအကျမသိရသောကြောင့် အထက်ကို မတင်ပြရဲဘဲ ရှိနေကြသည်။

ယခုပယ်ဖျက်ခိုင်းသော စျေးဆိုင်ခန်းများကို လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ရပ်ကွက်ခံများ စျေးရောင်းနေသည်။ ထိုစျေးကို လွန်ခဲ့သည့် ၉ နှစ်ကျော်က စည်ပင်မှ အသစ်ပြန်လည်တည်ဆောက်ပြီး၊ စျေးပိုင်ရှင်များကို ပြန်လည်ရောင်းချပေးခဲ့သည်။